ပါကစ္စတန်နိုင်ငံတွင် ပျောက်ဆုံးသွားခဲ့ကြသော အိန္ဒိယနိုင်ငံသား မူစလင် ဘုန်းတော်ကြီး ၂ ဦးတို့ သည် မိခင်နိုင်ငံသို့ ပြန်လာကြပြီဖြစ်သည်။ ၎င်းတို့ ဘေးကင်းစွာ ပြန်လာနိုင်မှုအတွက် အိန္ဒိယအစိုးရကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ကြသည်။

ပါကစ္စတန်နိုင်ငံတွင် ပျောက်ဆုံးသွားသည့် အိန္ဒိယနိုင်ငံမှ မူစလင်ဘာသာရေးဆရာနှစ်ဦးဖြစ်သော ဒေလီ Hazrat Nizamuddin Dargah ကျောင်းတိုက်မှ ဘုန်းတော်ကြီးချုပ်နှင့် ၎င်း၏တူတော်စပ်သူ တရားဟောဆရာ တို့သည် ၎င်းတို့နေအိမ်ကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဘုန်းတော်ကြီးချုပ် Syed Asif Nizami နှင့် ၎င်း၏တူဖြစ်သော Nazim Nizami တို့သည် ယနေ့မနက်ပိုင်းတွင် ဒေလီလေဆိပ်သို့ ဆိုက် ရောက်လာပြီး ၎င်းတို့၏မိသားစုဝင်များက သွားရောက်ကြိုဆိုခဲ့ကြောင်းသိရသည်။ ၎င်းတို့ အိမ်ပြန်ရောက်ရှိ လာရန်အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သော အိန္ဒိယအစိုးရကို ကျေးဇူးတင်ကြောင်း Asif Nizami ၏သား Amir Nizami ကပြောကြားခဲ့သည်။ မူစလင်တရားဟောဆရာနှစ်ဦးစလုံးသည် ယခုလ ၈ ရက်နေ့ တွင် ပါကစ္စတန်နိုင်ငံ Lahore မြို့သို့ သွားရောက်ခဲ့ပြီးနောက် လွန်ခဲ့သောအပတ်အတွင်း ပျောက်ဆုံးသွားခဲ့ပြီး၊ အဆိုပါအရေးကို ကိုင်တွယ်ရန် အိန္ဒိယအစိုးရက Islamabad အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ပါကစ္စတန်နိုင်ငံအခြေစိုက် သတင်းမီဒီယာများ၏ သတင်းထုတ်ပြန်ချက်များအရ အဆိုပါ တရားဟောဆရာနှစ်ဦးစလုံးမှာ ဆက်သွယ်ရေးကွန်ယက်မရှိသည့် Sindh ပြည်နယ် အတွင်းပိုင်းသို့ ရောက်ရှိနေခဲ့သည့်အတွက် ၎င်းတို့၏ ဆွေမျိုးများနှင့် ဆက်သွယ်ခြင်း မပြုနိုင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဖော်ပြခဲ့ကြကြောင်း။