ပါကစ္စတန်နိုင်ငံ တရားရုံးတော်ချုပ်သည် ပနားမားစာတမ်း အမှုကိစ္စအတွင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားလိုက်သည်

ယနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍတွင် ICWA ကောင်စီမှ သုတေသနအသင်းဝင်ဖြစ်သူ ဆောင်းပါးရှင် Dr. Smita ရေးသားဖော်ပြထားသည့် ပါကစ္စတန်နိုင်ငံ တရားရုံးတော်ချုပ်သည် ပနားမားစာတမ်း အမှုကိစ္စအတွင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားလိုက်သည့်အကြောင်း သတင်းဝေဖန်ချက်ကို အစီရင်ခံ တင်ပြပါရစေ။

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr. Nawaz Sharif သည် ပနားမားစာတမ်း အမှုတွဲထဲကနေ သီသီကလေး လွတ်မြောက်သွားခဲ့ပါတယ်။ တရားသူကြီး Asif Saeed Khosa၊ Gulzar Ahmed၊ Ejaz Afzal Khan၊ Azmat Saeed နှင့် Ijazul Ahsan တို့ပါဝင်သည့် တရားသူကြီး ၅ ဦးပါရှိသော ပါကစ္စတန်နိုင်ငံ၏ တရားရုံးတော်ချုပ် အဖွဲ့တစ်ဖွဲ့မှ ချမှတ်ခဲ့သည့် စီရင်ချက်အရ Mr. Sharif သည် အမှုတွဲမှ လွတ်မြောက်သွားမည်မဟုတ်ဘဲ Mr. Sharif မိသားစု၏ ငွေကြေးများကို ခြေရာခံစစ်ဆေးရန်အတွက် JIT ခေါ် ပူးတွဲစုံစမ်းစစ်ဆေးရေးအသင်းကို ဖွဲ့စည်းသွားမည်ဖြစ်သည်။ Mr. Nawaz Sharif ကို ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားရန် အဂတိလိုက်စားမှု သက်သေအထောက်အထား မလုံလောက်ကြောင်း တရားရုံးချုပ်က ချမှတ်ခဲ့ပါသည်။ တရားရုံးတော်ချုပ်သည် Mr. Sharif နှင့် ၎င်း၏သားနှစ်ဦးဖြစ်သော Hasan နှင့် Hussain တို့ကို ပြည်မ စုံစမ်းစစ်ဆေးရေး အေဂျင်စီ FIA အဖွဲ့၊ နိုင်ငံတော် တာဝန်ဝတ္တရား ပြည့်စုံစေရေး ဗျူရို NAB အဖွဲ့၊ ပါကစ္စတန်နိုင်ငံ လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေး ကော်မရှင် SECP အဖွဲ့နှင့် စစ်ထောက်လှမ်းရေး MI အဖွဲ့မှ အရာရှိများ ပါဝင်နိုင်သည့် JIT အဖွဲ့ ရှေ့တော်မှောက်သို့ လာရောက်ကြရန် ညွှန်ကြားခဲ့သည်။ JIT အဖွဲ့သည် သီတင်းပတ် ၂ ပတ်လျှင်တစ်ကြိမ် အဖွဲ့၏အစီရင်ခံချက်ကို တရားသူကြီးများအဖွဲ့သို့ တင်ပြသွားကြမည်ဖြစ်သည်။

ဤအမှုကိစ္စကို လွန်ခဲ့သည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စဖွင့်ခဲ့ပြီး တရားရုံးချုပ်သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အမှုသွား မပြီးဆုံးမီ ကြားနာမှု ၃၅ ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအမှုသည် ၁၉၉၀ ပြည့်နှစ်များအတွင်း ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့သည့် Mr. Sharif ၏ နိုင်ငံရပ်ခြား၌ တရားမဝင် ငွေကြေးလွှဲပြောင်း သိမ်းဆည်းမှုနှင့်ပတ်သက်၍ ဖြစ်သည်။ ယင်းအမှုသည် လန်ဒန်မြို့တွင် တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူမှုနှင့်လည်း ပတ်သက်မှုရှိပါသည်။

ပနားမားစာတမ်းများတွင် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်များနှင့် ချမ်းသာကြွယ်ဝသူများ၏ နိုင်ငံရပ်ခြားတွင် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ဖော်ပြထားပါသည်။ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Mr. Nawaz Sharif ၏ အမှုသည် ၎င်း၏အနာဂတ်ကို အဆုံးအဖြတ်ပေးသွားနိုင်သည်ဟူသော ခန့်မှန်းဖော်ပြချက်တို့အလယ်တွင် သတင်းခေါင်းစဉ်များ ဖြစ်ပေါ်စေခဲ့ပါသည်။ ဤအတောအတွင်း အဂတိလိုက်စားမှု စွပ်စွဲများကို ဦးဆောင်ပြောဆိုနေသည့် Imran Khan ၏ PTI ပါတီသည် ဤအမှုကိစ္စအား လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများမတိုင်မီ သတင်းခေါင်းစဉ်များတွင် ဆက်လက်ထားရှိသွားနိုင်ရန် မျှော်လင့်သွားမည် ဖြစ်ပါသည်။ ဤအမှုကိစ္စသည် ပါကစ္စတန်နိုင်ငံကို လာမည့်နှစ်တွင် ကျင်းပသွားမည်ဖြစ်သော အထွေထွေ ရွေးကောက်ပွဲများမတိုင်မီ အကြပ်အတည်း အခြေအနေသို့ ရောက်ရှိသွားစေရန် ခြိမ်းခြောက်မှုပေးခဲ့ပါသည်… စသဖြင့် ဆောင်းပါးရှင် Dr. Smita ရေးသားထားသည့် သတင်းဝေဖန်ချက်ကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါသည်။