ပါကစ္စတန် တပ်မတော်ဦးစီးချုပ်သည် Jadhav အမှုကိစ္စ၏ သက်သေအထောက်အထားများကို ဆန်းစစ်လျှက်ရှိသည်။

ပါကစ္စတန် တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ် Qamar Javed Bajwa သည် စစ်ခုံရုံးတစ်ခုမှ သေဒဏ်ချမှတ်ထားသည့် အိန္ဒိယနိုင်ငံသား Kulbhushan Jadhav ၏အမှုဆိုင်ရာ သက်သေ အထောက်အထားများကို ဆန်းစစ်လျှက်ရှိပြီး ၎င်း၏အယူခံဝင်ချက်ကို ထိုက်တန်မှုရှိမရှိ ဆုံးဖြတ်သွားမည်ဖြစ်သည်။ ဤအချက်ကို ယမန်နေ့၌ အစ္စလာမ်မာဘတ်မြို့တွင် တပ်မတော်က ဖော်ပြခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လတွင် Jadhav သည် အသနားခံလွှာ တစ်စောင်ကို ဗိုလ်ချုပ် Bajwa ရှေ့မှောက်သို့ တင်သွင်းခဲ့သည်။ Jadhav ကို သူလျှိုလုပ်မှုနှင့် အကြမ်းဖက် လုပ်ဆောင်မှုတို့တွင် ပါဝင်မှုစွဲချက်များဖြင့် လွန်ခဲ့သည့် ဧပြီလတွင် ပါကစ္စတန်နိုင်ငံ စစ်ခုံရုံးတစ်ခုက သေဒဏ် ချမှတ်ခဲ့သည်။ မေလတွင်The Hague မြို့ရှိ နိုင်ငံတကာ တရားရုံးကြီးသည် အိန္ဒိယနိုင်ငံ၏ တောင်းလျှောက်ချက်အရ ၎င်း၏ကွပ်မျက်စီရင်မှုကို ရပ်ဆိုင်းထားခဲ့ကြောင်း။