ဘတ်စကားတစ်စီးသည် ချောက်ထဲသို့ ကျသွားခဲ့ရာ Amarnath ဘုရားဖူး ၁၆ ဦး သေဆုံးသွားခဲ့သည်။ ဝန်ကြီးချုပ်သည် ဤဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ဖော်ပြလိုက်သည်။

တနင်္ဂနွေနေ့၌ Jammu နှင့် Kashmir ပြည်နယ်၊ Ramban ခရိုင်အတွင်း Jammu-Srinagar အမျိုးသား ဟိုင်းဝေးလမ်းမပေါ်တွင် ဘုရားဖူးများ ခရီးသွားနေသည့် ကားတစ်စီးသည် လမ်းမမှ လမ်းချော်ပြီး ချောက်တစ်ခုထဲသို့ ကျသွားခဲ့ပြီးနောက် Amarnath ဘုရားဖူး ၁၆ ဦး သေဆုံးသွားခဲ့ပြီး အခြားသူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူ ၁၉ ဦးတို့ကို အထူးကုသမှုပြုရန်အတွက် လေယာဉ်ဖြင့် ပို့ဆောင်ထားပြီး အခြားသူ ၈ ဦးတို့သည် ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AIR ရေဒီယို သတင်းဌာနကို ဖော်ပြခဲ့သည်။ ဘုရားဖူးများ တင်ဆောင်လာသည့် ဘတ်စကားတစ်စီးသည် Amarnath ဂူသို့သွားရောက်ရန် Srinagar မြို့သို့ ဦးတည်မောင်းနှင်နေခဲ့ပြီး ဟိုင်းဝေးလမ်းမပေါ်ရှိ Banihal ရဲစခန်း၏ အုပ်ချုပ်မှုဒေသအောက်မှ Nachilana တပ်မတော် စခန်းအနီး ကားတာယာတစ်လုံး ပေါက်ကွဲသွားပြီးနောက် မတော်တဆဖြစ်ပွားမှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု လုံခြုံရေးအရာရှိများက ဖော်ပြခဲ့ကြသည်။ ဝန်ကြီးချုပ် Mr. Narendra Modi သည် Jammu နှင့် Kashmir ပြည်နယ်ဒေသအတွင်း ဘတ်စကားတစ်စီး၏ မတော်တဆဖြစ်ရပ်ကြောင့် Amarnath ဘုရားဖူးများ အသက်ဆုံးရှုံးရမှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ Mr. Modi သည် သေဆုံးသူများ၏ မိသားစုများနှင့်ထပ်တူ ခံစားရကြောင်း ဖော်ပြခဲ့သည်။ ဘတ်စကား တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းနိုင်စေရန် ဝန်ကြီးချုပ်က ဆုတောင်းပေးခဲ့သည်။ Jammu နှင့် Kashmir ပြည်နယ်ဒေသအတွင်း ဘတ်စကားတိမ်းမှောက်မှုတွင် သေဆုံးခဲ့သူများ၏ ကျန်ရစ်သူမိသားစုများအတွက် ကူညီထောက်ပံ့ငွေအဖြစ် ရူပီးငွေ ၂ သိန်းပေးရန် ကြေညာဖော်ပြခဲ့သည်။ အပြင်းအထန် ဒဏ်ရာရရှိသူများအတွက်လည်း ရူပီးငွေ ၅ သောင်းပေးရန် ဝန်ကြီးချုပ်က ကြေညာဖော်ပြခဲ့ကြောင်း။