ယနေ့ သမ္မတရွေးကောက်ပွဲများကို ပါလီမန်လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လာမည့်သမ္မတအား ရွေးချယ်တင်မြှောက်ရန် မဲပေးမှုများကို ယနေ့ ပြုလုပ်သွားမည်ဖြစ်သည်။ NDA မဟာမိတ်အဖွဲ့မှ သမ္မတလောင်း Mr. Ramnath Kovind နှင့် အတိုက်အခံဘက်မှ သမ္မတလောင်း မစ္စစ် Meira Kumar တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိပ်ဆုံးရာထူးနေရာအတွက် အပြင်းအထန် ယှဉ်ပြိုင်မှုပြုသွားမည်ဖြစ်သည်။ မဲရေတွက်မှုများကို ကြာသပတေးနေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ Mr. Pranab Mukherjee ၏ သမ္မတသက်တမ်းသည် ယခုလ ၂၄ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ မဲပေးမှုများပြုလုပ်ရန်အတွက် ပါလီမန်လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် အထူးစီမံချက်များ ပြုလုပ်ထားပြီးဖြစ်သည်။ သမ္မတကို အောက်လွှတ်တော်၊ အထက်လွှတ်တော်၊ ပြည်နယ်များ၏ ဥပဒေပြုလွှတ်တော်များ၊ ပြည်ထောင်စု နယ်မြေများဖြစ်သည့် ဒေလီနှင့် Puducherry နယ်မြေ လွှတ်တော်များ၏ ရွေးချယ်တင်မြှောက်ထားသည့် အဖွဲ့ဝင်အားလုံးပါဝင်သည့် ကိုယ်စားလှယ်များအဖွဲ့က ရွေးချယ်တင်မြှောက်သွားကြမည်ဖြစ်သည်။ စုစုပေါင်း မဲအရေအတွက်၏ ၅၀ % ထက် အနည်းဆုံး ၁ မဲ ကျော်လွန်ရရှိသူ သမ္မတလောင်းသည် ထည်ဝါခမ်းနားလှသော သမ္မတ အိမ်တော်ရာသို့ ဝင်ခွင့်ရသွားမည်ဖြစ်သည်။ ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်အမတ် ၇၇၆ ဦးနှင့် ဥပဒေပြု လွှတ်တော်အမတ် ၄၁၂၀ ဦးတို့ပါဝင်သော စုစုပေါင်း မဲပေးခွင့်ရှိသူ ၄၈၉၆ ဦးတို့ကို ၎င်းတို့၏ မဲပြားများတွင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် အထူး ဖောင်တိန်တစ်ချောင်းစီ ပေးအပ်သွားမည်ဖြစ်သည်။ ရွေးကောက်ပွဲသည် လျှို့ဝှက်မဲပေးစနစ်မှတစ်ဆင့် မဲပေးကြခြင်းဖြစ်သော်လည်း ပါတီများအနေဖြင့် သီးခြား ပါဝင်ယှဉ်ပြိုင်သူတစ်ဦးကိုမဲပေးကြရန် ၎င်းတို့၏အဖွဲ့ဝင်များအတွက် လှုံ့ဆော်စာလွှာ ထုတ်ပြန်၍ မရနိုင်ပေ။ နိုင်ငံတော်သည် လာမည့်ကြသပတေးနေ့တွင် နိုင်ငံ၏သမ္မတသစ်ကို ရရှိသွားမည်ဖြစ်ကြောင်း။