“အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံနှင့် သည်းခံမှုစိတ်ဓါတ် ထိန်းသိမ်းပြီး အေးချမ်းသော နည်းလမ်းဖြင့် ချဉ်းကပ်ရန် ရှိနေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ  လူမှု့သိပ္ပံတက္ကသိုလ်မှ ညွှန်ကြားရေးမှူး Dr.Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံနှင့် သည်းခံမှုစိတ်ဓါတ် ထိန်းသိမ်းပြီး အေးချမ်းသော နည်းလမ်းဖြင့် ချဉ်းကပ်ရန် ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြ အစီအရင်ခံပါရစေ။

Doklam ကုန်းမြေပြင်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်နေမှုနဲ့ Beijing အစိုးရရဲ့ အဲဒီအရေးကိစ္စအပေါ် ငြင်းခုံထိုးနေခြင်း နှစ်ခုစလုံးတို့ဟာ ရှုပ်ထွေးစေခြင်းနဲ့ အဟန့်အတားဖြစ်စေခြင်းကို ဖန်တီးနေပါတယ်။ နည်းဗျူဟာရေးရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူတွေက တရုတ် Media က ပြောဆိုနေကြ မဟုတ်တဲ့ ကြမ်းတမ်းသော စကားလုံးတွေ အသုံးပြုနေကြတယ်လို့ ထောက်ပြကြပါတယ်။ ဒီအရပ်ဒေသမှာ တပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေတာကလည်း မကြုံဘူးသလောက် ရှိနေပါတယ်။ ယခုလက်ရှိ တင်းမာမှုဟာ လွန်ခဲ့တဲ့ ဇွန်လ (၁၆) ရက်နေ့က တရုတ်စစ်တပ်ဟာ ဆောက်လုပ်ရေးယာဉ်တွေနဲ့ လမ်းဖေါက်လုပ်ရေး ကိရိယာတွေနဲ့အတူ တောင်ဘက်သို့ ဦးတည်ပြီး ဘူတန်နိုင်ငံပိုင် နယ်နိမိတ်အတွင်း ဝင်ရောက်ဖို့ ကြိုးစားရာမှ ပေါ်ပေါက်ခဲ့ပါတယ်။ ဘူတန်နိုင်ငံမှာ အိန္ဒိယနိုင်ငံနဲ့ အလွန်နီးကပ်တဲ့ စစ်ဖက်ဆိုင်ရာနဲ့ စီးပွားရေးဆက်ဆံမှုတွေ ရှိနေပြီး၊ Thimpu အစိုးရရဲ့ တောင်းဆိုချက်ကြောင့် အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ရှေ့ဆက်ချီတက်ဝင်ရောက်မှုကို တားဆီးဖို့ရာ အိန္ဒိယတပ်ဖွဲ့တွေ ပို့ပေးရခြင်းဖြစ်ပါတယ်။

တရုတ်သတင်းမီဒီယာက သူတို့ရဲ့ စွမ်းအားကို အဓိကထားပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ မဟုတ်မမှန် သတင်းတွေ ပြန့်နှံစေမှာကတော့ သေချာပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံက ခိုင်မာတောင့်တင်းပေမဲ့ တောက်လောင်နေတဲ့ မီးအရှိန်လျော့နည်းသွားစေလိုတဲ့ စိတ်ဓါတ်နဲ့ တုန့်ပြန်လျှက်ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ ဒီအရေးကိစ္စနဲ့ပါတ်သက်ပြီး အနိုင်အထက်ပြုလုပ်လိုတဲ့ သဘောနဲ့ ချဉ်းကပ်မှုကို သိရှိဖို့ရာ သိပ်ပြီးခက်ခဲမယ်တော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာ သမ္မတ Mr.Xi Jinping ရဲ့ အုပ်ချုပ်မှုအောက်မှာ သူ့ရဲ့အိမ်နီးချင်းနိုင်ငံပေါင်းများစွာတို့နဲ့ ဆက်ဆံမှုများအပါအဝင် အရေးကိစ္စ အမျိုးမျိုးတို့နဲ့ ပါတ်သက်ပြီး ရန်လိုမှုပြင်းပြပြီး၊ မလျော့တန်း တင်းခံမှုတွေ ထားရှိဆက်ဆံနေဒါကို တွေ့ရှိနိုင်ပါတယ်။ Beijing အစိုးရရဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စတွေမှာ အနိုင်အထက် ပြုလုပ်နေဒါကလည်း အိမ်နီးချင်းနိုင်ငံတွေကို စိတ်ဓါတ်ကျဆင်းစေနေပါတယ်။ ယခုခေတ်အခါမှာ တရုတ်နိုင်ငံခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဟာ “bide our time and focus on building ourselves သို့မဟုတ် ကျွန်ုပ်တို့ရဲ့ အချိန်ကို အခွင့်သင့်အောင်စောင့်ပြီး၊ မိမိတို့ ကိုယ်တိုင် တည်ဆောက်မှုအပေါ် အာရုံစိုက်ကြစို့” ဟူ၍ဖြစ်ပြီး၊ “hide brightness and nourish obscurity သို့မဟုတ် တောက်ပြောင်မှုတွေကို ဖုံးကွယ်ပြီး၊ အသုတရဖြစ်မှုများကို အားပေးပြုစုကြစို့” ဟူသော ဆောင်ပုဒ်မှာ ပျောက်ကွယ်သွားပြီး ဖြစ်ပါတယ်။ မကြာသေးမှီက အတွေ့အကြုံတွေကို လေ့လာကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဟာ မကြာခဏဆိုသလို ဖိအားတွေဖန်တီးလာစမြဲဖြစ်တဲ့ ၎င်းရဲ့အေးချမ်းသာယာပြီး၊ သင့်တင့်လျောက်ပါတ်စွာ ကြီးပွားတိုးတက်ရေးကို သိပ်ပြီး အလေးအနက် မထားတော့ဘူး ဆိုဒါကို ရှင်းလင်းစွာ ဖော်ပြနေပါတယ်။ ဥရောပ ပါလီမန် ဒုဥက္ကဌ Mr.Ryszard Czarnecki က ဒီအချက်ကို အပြင်းအထန် ထောက်ပြခဲ့ပြီး၊ တရုတ်နိုင်ငံဟာ နိုင်ငံတကာက လက်ခံအတည်ပြုထားတဲ့ စီးမျဉ်းဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ပျက်စီးစေတဲ့ နိုင်ငံခြားရေး ပေါ်လစီကို လက်ကိုင်ကျင့်သုံးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ Beijing အစိုးရရဲ့ နိုင်ငံတကာ လူမှု့အသိုင်းအဝိုင်းကို ပေးထားတဲ့ သူတို့ရဲ့ အေးချမ်းစွာ တိုးတက်ကြီးထွားလာခြင်းက နိုင်ငံတကာ အစဉ်အလာအတွက် အန္တရာယ်ဖြစ်စေလိမ့်မယ် မဟုတ်ဘူးလို့ ကတိပေးခဲ့ဒါကို မဟုတ်မမှန်ကြောင်း ဖော်ထုတ်ပြသလိုက်ပါတယ်။

ကမ္ဘာကြီးဟာ သမ္မတ Xi Jinping ရဲ့ စွမ်းအား လက်ကိုင်ကျင့်သုံးမှုနဲ့ ဖိအားပေးမှုတွေကို “တရုတ်နိုင်ငံရဲ့ အိပ်မက်ဖြစ်တဲ့ တရုတ်နိုင်ငံကို ပိုမိုနုပျို အားထက်သန်စေရေး” ကို ကျောထောက်နောက်ခံ ပြုနေဒါကို တွေ့မြင်ကြရပြီး ဖြစ်ပါတယ်။ တချို့သောပညာရေး သုတေသီတွေက တော်ဝင်တရုတ်နိုင်ငံကြီးရဲ့ အတိတ်က ပြုမူကျင့်ကြံမှုဖြစ်တဲ့ သေးငယ်တဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် စိုးမိုးအုပ်ချုပ်ပြီး၊ မိမိတို့ရဲ့ ပိုင်နက်အဖြစ် ကြေညာခဲ့ဒါတွေကို ပြန်ပြောင်းသတိရ ဖော်ပြခဲ့ကြပါတယ်။ တရုတ်အင်ပါယာဟာ ဘယ်သောအခါကမှ သူတို့ရဲ့ စစ်ရေးအရ တိုက်ခိုက်အနိုင်ယူခဲ့ကြဒါနဲ့ပါတ်သက်ပြီး၊ ဝမ်းနည်းတောင်းပန်ခြင်း မပြုခဲ့ပါဘူး။

ပြည်တွင်း ပေါ်ပေါက်နေတဲ့ အခြေအနေ အချက်အလက်တွေကလည်း လက်ရှိခေါင်းချင်းဆိုင် တိုက်ခိုက်ရေး အပြုအမူတွေအတွက် တာဝန်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သမ္မတ Mr.Xi ကိုယ်တိုင်က မိမိကိုယ်ကို ထိပ်တန်းအကျဆုံး အဓိကခေါင်းဆောင်အဖြစ် တည်ဆောက်ခဲ့ပြီး၊ သူ့ရဲ့အာဏာနဲ့ ဩဇာလွမ်းမိုးမှုက အချက်ပြမှုတခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သမ္မတ Xi ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၁၂ ခုနှစ်မျာ နိုင်ငံတော်ခေါင်းဆောင် ဖြစ်လာခဲ့ပြီး၊ အဲဒီအချိန်ကတည်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ စစ်ဘက်ဆိုင်ရာတွေကို စနစ်တကျ ပြုပြင်လျှက် ရှိနေပါတယ်။ သမ္မတရဲ့ “Belt and Road” အစပျိုးလုပ်ကိုင်မှုဟာ သူကို အလွန်မြင့်မားတဲ့ နိုင်ငံတကာအဆင့် တနေရာသို့ ပို့ဆောင်ခဲ့ပါတယ်။ မြောက်မြားစွာသော အတတ်ပညာရှင်တွေက  လာမဲ့ ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် Congress ညီလာခံကြီးမှာ သူ့ကို နောက်ထပ်သမ္မတ သက်တမ်းတခု တိုးမြှင့်ပေးဘို့ ရှိနေဟန်နဲ့ အိန္ဒိယ၊ တရုတ်နဲ့ ဘူတန် သုံးနိုင်ငံ လမ်းဆုံ နယ်စပ်အရပ်ဒေသမှ ရန်လိုမှု အပြုအမူတွေကို ဆက်နွယ် လေ့လာနေကြပါတယ်။

တရုတ်မီဒီယာ သတင်းတွေက ရန်စရေးသားထားဒါတွေနဲ့ ပါတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ တုန့်ပြန်မှုဟာ ပျော့ပြောင်းပြီး၊ နည်းစနစ်ကျကာ၊ ရင့်ကျက်မှုနဲ့ ပြည့်စုံနေပါတယ်။ အဆိုပါ တင်းမာမှုနဲ့ ပါတ်သက်တဲ့ မီဒီယာသတင်းတွေကိုလည်း ထိန်းချုပ်ထားပါတယ်။ New Delhi အစိုးရဟာ ယခုအခြေအနေကို အာရုံပြုဘို့ရာ သံတမန်ရေးရာ လမ်းကြောင်းတွေ ရှိနေတယ်လို့ ဆက်လက်ဖော်ပြနေပါတယ်။ မကြာသေးမှီက အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Mr.S. Jaishankar ဟာ “ဒီနှစ်နိုင်ငံတို့အနေနဲ့ ဘာကြောင့် ယခုအရေးကိစ္စကို စေ့စပ်ဖြေရှင်းနိုင်စွမ်း မရှိစေဘို့ရာ အကြောင်းရင်း တစုံတရာကိုမျှ မမြင်တွေ့ကြောင်း” ဖော်ပြခဲ့ပါတယ်။ Mr.Jaishankar က “အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က သဘောထားကွဲလွဲမှုတွေကို ငြင်းခုံမှုတခုအဖြစ် မပြောင်းလဲစေသင့်ဘူး” လို့ ဖော်ပြခဲ့ပေမဲ့၊ တရုတ်အစိုးရပိုင် သတင်းမီဒီယာက ဆက်လက်ပြီး အခြေအနေကို ဆိုးဝါးစေခဲ့ကြပါတယ်။ Xinhua သတင်းစာရဲ့ ထူးဆန်းတဲ့ ဖေါ်မြူလာရေးဆွဲရာမှာ “borderline is the bottom line” ဟူ၍ ရေးသားထားပြီး အိန္ဒိယတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခြင်း မပြုမချင်း စေ့စပ်ဆွေးနွေးဘို့ အကြောင်းမရှိဘူးလို့ ရေးသားဖော်ပြကြဒါက ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေမှာ မဟုတ်ပါဘူး။

သို့သော်ငြားလည်း နှစ်နိုင်ငံစလုံးတို့ရဲ့ အရွယ်အစားနဲ့ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဆက်ဆံမှုတွေရဲ့ အဆင့်နေရာကို အရေးထား လေ့လာမယ်ဆိုရင် ၊ ဒီနှစ်နိုင်ငံတို့ဟာ တိုးများလာနေတဲ့ ပြဿနာရဲ့ အပူချိန်ကို လျော့ချဖို့ရာ ယန္တရားတွေ ရှာဖွေကြရမယ် ဖြစ်ပါတယ်။ သတင်းများက အစိုးရ အထောက်အပံ့ပြုတဲ့ အကြံပေးအရာရှိတွေမှာ တင်းမာမှုတွေ လျော့နည်းသွားအောင် ပြုလုပ်ဖို့ တရားဝင်မဟုတ်တဲ့ အလဲအလှယ်ပြုမှုတွေ ရှိနေတယ်လို့ ဖော်ပြကြပါတယ်။ တဦးအပေါ်တဦး အပြစ်တင်ခြင်းနဲ့ တုန့်ပြန်အပြစ်တင်ခြင်းတွေ ပြုလုပ်နေကြတဲ့အကြား ထိပ်တန်းအိန္ဒိယဝန်ကြီးတွေဟာ Beijing မြို့မှာ BRICS အဖွဲ့ အစည်းအဝေးပွဲတွေကို တက်ရောက်လျှက် ရှိနေကြပါတယ်။ Hamburg မြို့မှာ အိန္ဒိယဝန်ကြီးချုပ် Mr.Narendra Modi နဲ့ တရုတ်နိုင်ငံသမ္မတ Mr.Xi Jinping တို့ တွေ့ဆုံပြီး အရေးကိစ္စများစွာတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိ Mr. Ajit Doval ဟာ BRICS NSA’s အစည်းအဝေးပွဲ တက်ရောက်ဘို့ Beijing မြို့ကို သွားရောက်ပါလိမ့်မယ်။

အိန္ဒိယအစိုးရဟာ အတိုက်အခံပါတီတွေကို အိန္ဒိယနိုင်ငံက သည်းခံမှုအပြည့်အဝနဲ့ အေးချမ်းသာယာမှု အပြည့်အစုံနဲ့  အခြေအနေကို ချဉ်းကပ်ဖြေရှင်းသွားလိမ့်မယ်လို့ ဖော်ပြခဲ့ဒါဟာ အလွန်ကောင်းမွန်တဲ့ အချက်တချက်ဖြစ်ပါတယ်။ နိုင်ငံအများအပြားတို့ဟာ တရုတ်နိုင်ငံရဲ့ အနိုင်အထက်ပြုလုပ်လိုတဲ့ အပြုအမူကို ၎င်းရဲ့ နိုင်ငံခြားရေး ပေါ်လစီရဲ့ နည်းဗျူဟာဖြစ်တဲ့ “သင်ဟာ တောင်ထိပ်ပေါ်ရောက်နေပြီဆိုရင်၊ သင်ဟာ ကြုံတွေ့ရတဲ့ အအေးဒါဏ်ကို ကြာရှည်ခံနိုင်မယ် မဟုတ်ပါဘူး” ဆိုဒါကို နည်းလည်သဘောပေါက်နိုင်ပါတယ် စသဖြင့် ဆောင်းပါးရှင် Dr.Ash Narain Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။