“BIMSTEC အုပ်စုဝင် ဝန်ကြီးများ Kathmandu မြို့မှာ တွေ့ဆုံကြခြင်း”

သောတရှင်များခင်ဗျား ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “BIMSTEC အုပ်စုဝင် ဝန်ကြီးများ Kathmandu မြို့မှာ တွေ့ဆုံကြခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသပိုင်းက ဘင်္ဂလားပင်လယ်အော် စက်ဝန်းအနားကွပ်မှာ တည်ကြတဲ့ နိုင်ငံတွေအကြား ဒေသပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ဖို့အတွက် ၁၅ ကြိမ်မြောက် The Bay of Bengal Initiative for Multi-Sectorial Technical & Economic Cooperation BIMSTEC အုပ်စုဝင်နိုင်ငံများမှ နိုင်ငံခြားဝန်ကြီးများ အစည်းအဝေးပွဲတခုကို နီးပေါနိုင်ငံ Kathmandu မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီအုပ်စုထဲ ပါဝင်ကြတဲ့ နိုင်ငံတွေကတော့ ဘင်္ဂလားဒေးရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Mrs. Sushma Swaraj ဟာ ဒီနှစ်ရက်ကြာ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ယခုလို အိန္ဒိယဝန်ကြီးတဦး သွားရောက်ခြင်းက နီပေါနိုင်ငံ ကွန်ဂရက်စ်ရဲ့ Sher Bahadur Deuba အစိုးရက မော်ဝါဒီ အချက်အချာခေါင်းဆောင် Prachanda လို့ လူသိများတဲ့ Mr. Pushpa Kamal Dahal ထံမှ ယခုနှစ် ဇွန်လက အုပ်ချုပ်ရေးအာဏာကို ဝေမျှရေး အစီအစဉ်အရ အာဏာလွှဲပြောင်းယူပြီးတဲ့နောက်ပိုင်း ဒီဟိမဝန္တာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ပထမဦးဆုံးသော အဆင့်မြင့် ခရီးစဉ်တခုဖြစ်ပါတယ်။

အစည်းအဝေးပွဲကို ဖွင့်လှစ်ပေးတဲ့အခါ နီးပေါနိုင်ငံဝန်ကြီးချုပ် Mr. Deuba ဟာ BIMSTEC အုပ်စုဝင် နိုင်ငံတွေကို ပိုမိုတောင့်တင်းတဲ့ ဖက်စပ်လုပ်ကိုင်မှုနဲ့ နက်ရှိုင်းသော ပူးတွဲလုပ်ကိုင်ခြင်းဖြင့် ဒေသပိုင်းက တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ကိုယ်စားလှယ်တွေကို ပြန်လည်သတိပြုတဲ့အနေနဲ့ ကမ္ဘာတဝှမ်းလုံးမှ တခြားဒေသပိုင်းတွေလိုဘဲ BIMSTEC ကလည်း နိုင်ငံပေါင်းဆုံဆိုင်ရာ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်းနဲ့ တရားမဝင်လက်နက်များ ရောင်းဝယ်မှုတွေနဲ့ ကြုံတွေ့နေကြရတာကို ဖော်ပြခဲ့ပြီး၊ ဒီအန္တရာယ်တွေကို ရင်ဆိုင်ဖို့ စုပေါင်းကြိုးပမ်းအားထုတ်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးပွဲမှာ ကွဲပြားတဲ့ နယ်ပယ် (၁၄) ခုတို့နဲ့ ပါတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနယ်ပယ်တွေထဲမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ စွမ်းအင်၊ ခရီးလှည့်လည်သွားလာမှု၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်မှု၊ ပါတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုတို့ ပါဝင်ပါတယ်။ စောစောပိုင်းက ပိုမိုကြိးမားတဲ့ ဒေသပိုင်းဆိုင်ရာ ပူးပေါင်ဆောင်ရွက်မှု လိုအပ်နေခြင်းကို အဓိကထားလျှက် ၁၈ ကြိမ်မြောက် BIMSTEC အဖွဲ့ဝင် နိုင်ငံများမှ ထိပ်တန်း အရာရှိများ အစည်းအဝေးပွဲက အုပ်စုဝင်နိုင်ငံများအတွင်း Free Trade Area ခေါ် လွတ်လပ်စွာ ကုန်သွယ်ရေး နယ်မြေ သဘောတူစာချုပ်ကို စောလျင်စွာ အပြီးဖြတ်ရေး ဆွဲချမှတ်ဖို့ အလေးအနက် ဖော်ပြခဲ့ကြပါတယ်။

BIMSTEC အုပ်စုအပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ နီးပေါနိုင်ငံခေါင်းဆောင်ပိုင်းနဲ့ နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေးကို ဆွေးနွေးခဲ့ပါတယ်။ ဒီလိုပြုလုပ်ခြင်းက နှစ်နိုင်ငံစလုံးတို့အတွက် အလွန့်အလွန်ရေးပါလှပါတယ်။ ယခုခရီးစဉ်ဟာ Mr. Deuba အစိုးရက မကျေမနပ်ဖြစ်နေကြတဲ့ Madeshi ပါတီတွေကို ဆွေးနွေးပွဲတွေမှာ ပါဝင်လာကြဖို့နဲ့ လာမယ့် စက်တင်ဘာလ (၁၈) ရက်နေ့မှာ ကျင်းပဖို့ရှိနေတဲ့ ပြည်နယ်နှစ်ခုအတွင်းက တတိယပိုင်း ဒေသန္တရ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံရေးနဲ့ ပြည်ထောင်စုတခု တည်ဆောက်ဖို့အပြင် လာမယ့် ဇန်နဝါရီလ (၂၁) ရက်နေ့မှာ လက်ရှိပါလီမန် လွှတ်တော်ရဲ့ သက်တမ်းကုန်ဆုံးတဲ့အခါ ယာယီအစိုးရ ဖွဲ့စည်းရေးတို့မှာ ပါဝင်ကြဖို့အတွက် အစွမ်းကုန် အလေးအနက် ကြိုးပမ်းနေချိန်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Madeshis လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံ နယ်စပ်နဲ့ ဆက်နွယ်နေတဲ့ နီပေါ Terai ဒေသမှာ နေထိုင်ကြသူတွေ၊ လူမျိုးရင်း Jantatis တွေ၊ Tharus အမျိုးအနွယ်တွေနဲ့ တချို့သော တခြားလူနည်းစု အုပ်စုတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်အပေါ် တင်းခံနေကြပြီး၊ ဒေသန္တရ ရွေးကောက်ပွဲတွေ မပြီးဆုံးခင် ပြည်နယ်ဆိုင်ရာ နယ်နိမိတ်မျဉ်းကြောင်းတွေ ပြန်လည်ရေးဆွဲချမှတ်ပြီး ပြည်နယ်နဲ့ ဗဟိုအစိုးရ ရွေးကောက်ပွဲတွေ ကျင်းပဖို့ တောင်းဆိုနေကြပါတယ်။

Mrs. Sushma Swaraj ရဲ့ အလည်အပါတ်ခရီးစဉ်ဟာ Beijing နဲ့ New Delhi အစိုးရတို့ဟာ Bhutan နိုင်ငံနဲ့ သုံးပွင့်ဆိုင် Doklam အရပ်ဒေသမှာ တင်းမာမှုတွေနဲ့ ခေါင်းချင်းဆိုင်နေတဲ့ အချိန်ကာလမှာ ဖြစ်ပေါ်ခဲ့တာမို့ ထူးကဲမဲ့ အသွင်ဆောင်နေပါတယ်။ နီပေါနိုင်ငံကလည်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့နဲ့ ပွင့်လင်းတဲ့ နယ်စပ်ဒေတွေ ရှိနေတာမို့ ထပ်တူထပ်မျှ စိုးရိမ်ပူပန်လျှက် ရှိနေပါတယ်။ ဒီအရေးကိစ္စဟာ နီပေါပါလီမန် လွှတ်တော်မှာတောင် ပေါ်ပေါက်ခဲ့ပါတယ်။ သို့သော်ငြားလည်း Kathmandu က ခေါင်းဆာင်ပိုင်းဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြား အေးချမ်းစွာ ဖြေရှင်းချက်တခု ရယူဖို့အတွက် ပြတ်သားစွာ ရပ်တည်နေကြပါတယ်။ Mrs. Swaraj ရဲ့ Kathmandu မြို့ ခရီးစဉ်အပြီးနဲ့ကပ်လျှက် ဒုဝန်ကြီးချုပ် (၄) ဦးတို့အနက် တဦးဖြစ်တဲ့ Mr. Wang Yang ဦးဆောင်တဲ့ အဆင့်မြင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ လာမဲ့အပါတ်မှာ Kathmandu မြို့ကို ရောက်ရှိလာပြီး နီပေါအစိုးရနဲ့ Beijing အစိုးရရဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုကို တိုးချဲ့ဖို့ ရှိနေပါတယ်။ ဒီကြိုးပမ်းမှုက မကြာသေးမှီသော ကာလအတွင်း အလွန်အမင်းတိုးများလာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ စွမ်းအင်နဲ့ ရထားနဲ့ ကုန်းလမ်းဆက်သွယ်ရေး နယ်ပယ်တွေမှာ နီပေါနိုင်ငံနဲ့ သူ့ရဲ့ ပါဝင်ပါတ်သက်မှု တိုးချဲ့ဖို့ ကြိးစားနေပါတယ်။

Kathmandu မြို့မှာ ရှိနေစဉ် Mrs. Sushma Swaraj ဟာ နီပေါနိုင်ငံသမ္မတ Ms Bidya Devi Bhandari နဲ့ ဝန်ကြီးချုပ် Mr. Sher Bahadur Deuba တို့အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးတို့နဲ့အတူ အိန္ဒိယဝန်ကြီးဟာ လူနေမှု အခြေခံလိုအပ်ချက် အဆောက်အအုံ ဖွံ့ဖြိုးရေး၊ စွမ်းအင်၊ လမ်းပန်းဆက်နွယ်မှုနဲ့ ရေအားမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု စတဲ့ နယ်ပယ်တို့မှာ နှစ်နိုင်ငံတို့အကြား အပြန်အလှန် ဆက်ဆံရေးတွေ ထပ်လောင်းခိုင်မြဲဖို့ ဆွေးနွေးခဲ့ပါတယ်။ Mrs. Swaraj ဟာ နီပေါဝန်ကြီးချုပ်ရဲ့ လာမဲ့ ဩဂုတ်လ ၂၃ ရက်နေ့မှစတင်မဲ့ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်နဲ့ပါတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ Mr. Deuba ရဲ့ ဝန်ကြီးချုပ်အဖြစ် ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ် ဖြစ်ပါလိမ့်မယ်။ Mrs. Sushma Swaraj ဟာ နီပေါနိုင်ငံ ဒုဝန်ကြိးချုပ်နဲ့ နိုင်ငံခြားဝန်ကြီး Mr. Krishna Bahadur Mahara နဲ့လည်း တွေ့ဆုံခဲ့ပြီး၊ နီပေါနိုင်ငံအတွင်း အိန္ဒိယနိုင်ငံက ငွေကြေးထောက်ပံ့ထားတဲ့ ပရိုဂျက်တွေရဲ့ တိုးတက်မှုကို ဆွေးနွေးခဲ့ပါတယ်။ ရှေ့လမှာ ကျင်းပဖို့ရှိနေတဲ့ ဒေသန္တရ ရွေးကောက်ပွဲများ တတိယပိုင်း မကျင်းပမှီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သတ်မှတ်ဖို့ ဖိအားပေးနေတဲ့ Rashtriya Janata Party Nepal ရဲ့ ကိုယ်စားလျယ်အဖွဲ့တဖွဲ့ကလည်း အိန္ဒိယဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

နီပေါနိုင်ငံမှာ နိုင်ငံရေးတာဝန် ကိုင်ဆောင်ထားကြသူတွေဟာ မတူခြားနားတဲ့ ရှု့မြင်ချက်တွေ ထားရှိနေကြတာမို့ ၊ Deuba အစိုးရအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါလီမန်လွှတ်တော်မှာ ၃ ပုံ ၂ ပုံ ထောက်ခံမှုရရှိဖို့ရာ အလွန်ခက်ခဲတဲ့ တာဝန်ဖြစ်လိမ့်မယ့်ဟန် ပေါ်ပေါက်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ အမြဲတမ်းဆိုသလိုဘဲ နီပေါနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်တံ့ခိုင်မြဲရေးနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် အခန်းကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်လေ့ ရှိပါတယ်။ စသည်ဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။