အမေရိကန်ပြည်ထောင်စုမှ ဘဏ္ဍာရေးထိန်းချုပ်မှု ကော်မတီအဖွဲ့တို့သည် ပါကစ္စတန်နိုင်ငံသို့ စစ်ဖက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကူအညီများပေးအပ်ရန် ဝါရှင်တန်အစိုးရအတွက်ပိုမိုတင်းကြပ်သည့် စည်းမျဉ်းသတ်မှတ်ချက်များကို တင်သွင်းလိုက်သည်။

အမေရိကန်ပြည်ထောင်စုတွင် ဆီးနိတ်လွှတ်တော်နှင့် အောက်လွှတ်တို့မှ ဘဏ္ဍာရေးထိန်းချုပ်မှု ကော်မတီအဖွဲ့များသည် ပါကစ္စတန်နိုင်ငံသို့ စစ်ဖက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကူအညီ နှစ်မျိုးစလုံးပေးအပ်ရန် အမေရိကန်ပြည်ထောင်စုအတွက် ပိုမိုတင်းကြပ်သည့် စည်းမျဉ်းသတ်မှတ်ချက်များကို တင်သွင်းလိုက်ကြသည်။ ကော်မတီအဖွဲ့တို့သည် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရာတွင် လုပ်ငန်းစဉ်များဆိုင်ရာ အခြေခံစံနှုန်းများအတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် နှစ်စဉ် ဘဏ္ဍာရေးထိန်းချုပ်မှု ဥပဒေမူကြမ်းကို အတည်ပြုလျှက် ဆီးနိတ်လွှတ်တော်မှ ဘဏ္ဍာရေးထိန်းချုပ်မှု ကော်မတီသည် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအပါအဝင် ဒေသပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာ မျှော်မှန်းချက်များအတွက် ပါကစ္စတန်နိုင်ငံ၏ ကတိကဝတ်များနှင့်ပတ်သက်၍ စိုးရိမ်မကင်း ရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယခုအခါ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အစ္စလာမာဘတ် အစိုးရအနေဖြင့် Haqqani ကွန်ယက်၊ Quetta Shura Taliban၊ Lashkar e-Tayyiba၊ Jaish-e-Mohammed၊ Al-Qaeda နှင့် အခြားသော ပြည်တွင်းနှင့်နိုင်ငံရပ်ခြားမှ အကြမ်းဖက်သမား အဖွဲ့အစည်းများကိုဆန့်ကျင်လျှက် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ကြိုးပမ်းချက်တို့တွင် အမေရိကန်ပြည်ထောင်စုနှင့်အတူ ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်ဟု အတည်ပြုချက်သက်သေ ပေးအပ်ရန် လိုအပ်သွားပြီဖြစ်ကြောင်း။