“အိန္ဒိယနိုင်ငံဟာ အာကာသရေးရာမှာ အမှတ် (၁၀၀) ပြည့်ရယူလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံရေးရာ ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံဟာ အာကာသရေးရာမှာ အမှတ် (၁၀၀) ပြည့်ရယူလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့ သောကြာနေ့က အိန္ဒိယနိုင်ငံဟာ မိမိတို့ရဲ့ အလုံး ၁၀၀ မြောက် Cartosat-2 F ဂြိုဟ်တုကို PSLV-C 40 ဂြိုဟ်တုလွင့်တင်ရေးဒုံးပျံကို အသုံးပြုပြီး ဂြိုဟ်ပါတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွင့်တင်နိုင်ခဲ့ခြင်းနဲ့အတူ အာကာသရေးရာမှာ အမှတ် (၁၀၀) အပြည့် ရယူလိုက်ပါတယ်။ ယခုလို ကမ္ဘာမြေကြီးလေ့လာရေး ဂြိုဟ်တု Cartosat-2 F ကို အောင်မြင်စွာ လွင့်တင်ပြီး ဂြိုဟ်ပါတ်လမ်းကြောင်းထဲ လည်ပါတ်စေလိုက်ခြင်းဟာ အိန္ဒိယအာကာသသိပ္ပံပညာရှင်တွေအတွက် အလွန်ကြီးမားတဲ့ စိတ်ဓါတ်မြင့်တင်မှုတခုဘဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုက Polar Satellite Launch Vehicle (PSLV) လို့ ခေါ်တဲ့ ဂြိုဟ်တုလွင့်တင်ရေး ဒုံးပျံရဲ့ အားကိုးနိုင်မှုအပေါ် ယုံကြည်စိတ်ချမှုအား ထပ်လောင်းခိုင်မာစေလိုက်ပါတယ်။ အမှန်တကယ်တော့ PSLV ဒုံးပျံဟာ အိန္ဒိယအာကာသ သုတေသနအဖွဲ့ကြီးရဲ့ စိတ်ချရဆုံး လုပ်သားကြီးဖြစ်ပါတယ်။ ဂြိုဟ်တုလွင့်တင်ယာဉ် PSLV ဟာ အဆက်မပြတ် ဂြိုဟ်တုလွင့်တင်မှု (၃၉) ခုတို့ကို ခြွင်းချက်မရှိ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပေမဲ့ ISRO ဟာ အရေးပါတဲ့ နယ်ပယ်တွေကို ပြန်လည်စစ်ဆေးဖို့အတွက် အချိန် (၄) လမျှ ယူခဲ့ပြီးနောက် တောက်ပြောင်စွာ ပြန်လည်ပေါ်ထွန်းလာခဲ့ဒါဘဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းဒါကတော့ အဆက်မပြတ် ခွဲခြမ်းစစ်ဆေးလေ့လာခဲ့ကြသူတွေက PSLV-C 39 ရဲ့ မအောင်မြင်ဖြစ်ခဲ့ရမှုက အဓိကအားဖြင့် heat shield separation ခေါ် အပူချိန်ကာကွယ်ရေးခွဲထွက်မှု မဖြစ်ပေါ်ခဲ့ဘဲ၊ PSLV-C 39 ရဲ့ စတုတ္ထအဆင့်တခုလုံးကို အဲဒီအပူချိန်ဒိုင်းကြီးနဲ့ ဂြိုဟ်တုကို အာကာသ အမှိုက်တွေအဖြစ် ပြောင်းလဲသွားစေခဲ့တယ်လို့ ဖော်ပြကြဒါဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဂြိုဟ်တု လွင့်တင်ယာဉ်မှာ၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်အပြင် ခွဲထွက်ရေးလုပ်ငန်းစဉ်ကလည်း ပုံမှန်ဖြစ်ခဲ့ပါတယ်။

ယခုသောကြာနေ့က ဂြိုဟ်တုလွင့်တင်မှုက တခြားအကြောင်းကိစ္စတွေကြောင့်လည်း ထူးကဲလှပါတယ်။ ဒီအောင်မြင်မှုက လွန်ခဲ့တဲ့နှစ် ဩဂုတ်လအတွင်း သည့်အရင် PSLV မစ်ရှင် မအောင်မြင်ခဲ့နောက် (၄) လကျော်ကြာခဲ့တဲ့အခါ ISRO ကို တခါပြန်ပြီး၊ အာကာသကစားကွက်ထဲ ရောက်ရှိသွားစေခဲ့ပါတယ်။ ဒါ့အပြင် ၇၁၀ ကီလိုဂရမ်ရှိတဲ့ Cartosat-2 F ဂြိုဟ်တုဟာ PSLV က လွင့်တင်ခဲ့တဲ့ ဂြိုဟ်တုတွေမှာ အလေးဆုံးဂြိုဟ်တု ဖြစ်ပါတယ်။

Cartosat-2 F ဟာ နေပါတ်လမ်းကြောင်းထဲ လွင့်တင်ဖို့ရှိတဲ့ ကမ္ဘာမြေပြင်လေ့လာရေး ဂြိုဟ်တုများရဲ့ Cartosat Series အစီအစဉ်မှာ သတ္တမမြောက် ဂြိုဟ်တုဖြစ်ပါတယ်။ ဒီဂြိုဟ်တုရဲ့ အဓိကလုပ်ငန်းကတော့ ထင်ရှားပြတ်သားတဲ့ စကေးအကြီးစား မြေပုံကောက်ယူဖို့ဘဲ ဖြစ်ပါတယ်။ အဲဒီဂြိုဟ်တုကပေးပို့တဲ့ ရုပ်ပုံတွေဟာ မြေပုံရေးဆွဲရေး၊ မြို့နယ်ပိုင်းနဲ့ တောလက်ကျေးရွာ အသုံးပြုမှုတွေ၊ ကမ်းရိုးတန်းနယ်မြေအသုံးချမှုနဲ့ စည်းမျဉ်းချမှတ်မှုတွေမှာ အသုံးဝင်လိမ့်မယ်ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီရုပ်ပုံတွေဟာ လမ်းပန်းကွန်ယက် စောင့်ကြည့်မှု၊ ရေဖြန့်ဖြူးရေး၊ မြေနေရာဖန်တီးရေးသုံး မြေပုံတွေ ဘူမိဗေဒဆိုင်ရာ ပြန်ကြားရေးစံနစ် (GIS) အသုံးချမှုများအပါအဝင် ဘူမိဗေဒဆိုင်ရာနဲ့ လူလုပ်အခြေအနေတွေနဲ့ တခြားပြန်ကြားရေးစံနစ် (LIS) စတဲ့ အသုံးအဆောင် ထိန်းချုပ်ရေးတို့မှာလည်း အသုံးဝင်လိမ့်မယ်ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ တမီတာထက်လျော့နည်းသော အလွန့်အလွန် တိကျပြတ်သားမှုများနဲ့ ကျွန်ုပ်တို့ရဲ့ နယ်စပ်အရပ်ဒေသတွေမှာ စောင့်ကြည့်စောင့်ရှောက်ရေးအတွက် အသုံးဝင်လိမ့်မယ်ဆိုဒါဘဲ ဖြစ်ပါတယ်။

ယခုမစ်ရှင်မှာ Cartosat-2 F ဂြိုဟ်တုအပြင် တခြားသေးငယ်တဲ့ ဂြိုဟ်တုအလုံးပေါင်း (၃၀) တို့ကိုလည်း သယ်ဆောင်သွားခဲ့ဒါဖြစ်ပြီး ၊ အဲဒီထဲမှာ အိန္ဒိယနိုင်ငံရဲ့ Micro ဂြိုဟ်တုတလုံးနဲ့ nano ဂြိုဟ်တုတလုံးအပါအဝင် Canada-ပြင်သစ်၊ Finland ၊ တောင်ကိုးရီးယား၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ပြည်ပနိုင်ငံတွေမှ Micro ဂြိုဟ်တု (၃) လုံးနဲ့ Nano ဂြိုဟ်တု (၂၅) လုံးတို့လည်း ပါဝင်ကြပါတယ်။ ထူးကဲတဲ့ အချက်တချက်ကတော့ ဒီဂြိုဟ်တုတွေကို မတူကွဲခြားတဲ့ ဂြိုဟ်ပါတ်လမ်းကြောင်းနှစ်ခုထဲ ပစ်လွှတ်ခဲ့ဒါဘဲဖြစ်ပါတယ်။ Cartosat ဂြိုဟ်တုကို ကမ္ဘာမြေပြင်မှ Altitude 510 ကီလိုမီတာရှိတဲ့ Polar Sun Synchronous ဂြိုဟ်ပါတ်လမ်းကြောင်းထဲ ပစ်တင်ပြီး  ကျန် Micro နဲ့ Nano ဂြိုဟ်တုငယ် (၃၀) ကိုတော့ Altitude အမြင့် ၃၄၉ ကီလိုမီတာမှာရှိတဲ့ ဂြိုဟ်ပါတ်လမ်းကြောင်းထဲ ပစ်လွှတ်ခဲ့ဒါ ဖြစ်ပါတယ်။ ယခုလို ဂြိုဟ်ပါတ်လမ်းကြောင်း နှစ်ခုထဲ ပစ်လွှတ်နေရာချထားနိုင်ခဲ့ဒါက အဲဒီမစ်ရှင်ကို ပြောင်မြောက်ထူးကဲတဲ့ လုပ်ငန်းတခုဖြစ်စေခဲ့ပြီး၊ ဒုံးပျံရဲ့ စတုတ္ထအဆင့် အင်ဂျင်စက်မှာ အဖွင့်အပိတ် အကြိမ်ပေါင်းများစွာနဲ့ စက်နိုးမှုတွေ လိုအပ်ခဲ့ပါတယ်။ အဆိုပါ ဂြိုဟ်တုလွင့်တင်မှုနဲ့ ဂြိုဟ်တုတွေကို ဂြိုဟ်ပတ်လမ်းကြောင်းနှစ်ခုထဲ ပစ်လွှတ်နေရာချထားခြင်း တခုလုံးအတွက် အချိန် (၂) နာရီနဲ့ (၂၁) မိနစ် ကြာညောင်းခဲ့ပါတယ်။

PSLV ရဲ့ အောင်မြင်သော ဂြိုဟ်တုလွင့်တင်မှု မှတ်တမ်းကို ပိုမိုထင်ရှားစေလျှက် ISRO ဟာ နိုင်ငံတကာ အသုံးပြုကြသူတွေကို နှစ်ပေါင်းများစွာကတည်းက PSLV မှတဆင့် ဂြိုဟ်တုလွင့်တင်ရေးလုပ်ငန်းတွေ ကမ်းလှမ်းလျှက် ရှိနေပါတယ်။ ယခုအချိန်အထိ နိုင်ငံပေါင်း (၂၀) ကျော်တို့မှ နိုင်ငံတကာ ဂြိုဟ်တုတွေကို PSLV မှတဆင့် ဂြိုဟ်ပါတ်လမ်းကြောင်းထဲ (၁၅) ကြိမ်တိုင်တိုင် လွင့်တင်နေရာချထားခဲ့ပြီး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဂြိုဟ်တုလွင့်တင်ရေး အစွမ်းသတ္တိအပေါ် နိုင်ငံတကာအသုံးပြုသူတွေရဲ့ ယုံကြည်မှုဟာ ယခုတကြိမ် အောင်မြင်မှုကြောင့် ပိုမိုခိုင်မာတောင့်တင်းလာစေခဲ့ပါတယ်။ ယခုအခါ အိန္ဒိယနိုင်ငံရဲ့ Micro နဲ့ Nano ဂြိုဟ်တုငယ်တွေ လွင့်တင်နိုင်စွမ်းအား တခြားများစွာသော အာကာသ စူးစမ်းမှုပြုကြတဲ့ နိုင်ငံတွေထက် သာလွန်နေဒါ ထင်ရှားလှပြီး၊ အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေက ထပ်ခါတလဲလဲ သူတို့ရဲ့ Nano ဂြိုဟ်တုတွေအတွက် အိန္ဒိယနိုင်ငံအား ချဉ်းကပ်နေကြဒါက သက်သေထူလျှက် ရှိနေပါတယ်။

သက္ကရာဇ် ၂၀၁၈ ခုနှစ်ရဲ့ ပထမဦးဆုံးသော မစ်ရှင်ရဲ့ အောင်ပွဲနဲ့အတူ ISRO ဟာ ယခုနှစ်အတွင်း ပြုလုပ်ဖို့ရာထားတဲ့ ထူးကဲလှသော မစ်ရှင်တွေအတွက် ရှေ့သို့မျှော်ကြည့်နိုင်ပြီး၊ အဲဒီအထဲမှာ ယခုနှစ် မတ်လအတွင်း ပျံတက်ဖို့ရှိနေတဲ့ အိန္ဒိနိုင်ငံရဲ့ ရည်မှန်းချက်မြင့်မားသော ဒုတိယမြောက် လကမ္ဘာသို့ မစ်ရှင် Chandrayaan –II လည်း ပါဝင်ပါတယ်။ ဒီမစ်ရှင်အတွက် ISRO ရဲ့အကြီးမားဆုံး ဂြိုဟ်တုလွင့်တင်ယာဉ် Geosynchronous Satellite Launch Vehicle (GSLV) Mark III ဖြင့် လွင့်တင်လိမ့်မယ်ဖြစ်ပါတယ်။ ယခင်မစ်ရှင်တွေနဲ့မတူဘဲ chandrayaan II က ဂြိုဟ်ပါတ်လမ်းကြောင်းထဲ ဝင်ရောက်မဲ့ မစ်ရှင်မဟုတ်ပါဘူး။ ဒီဂြိုဟ်တုဟာ လကမ္ဘာရဲ့ မျက်နှာပြင်ပေါ် ဆင်းသက်ပြီး လေ့လာမှုတွေ ပြုလုပ်သွားမယ် ဖြစ်ပါတယ်စသည်ဖြင့် ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။