အိန္ဒိယနှင့် တရုတ်နိုင်ငံ တပ်မတော်တို့အကြား ဆက်သွယ်ရေးလိုင်းကို များမကြာမီ တပ်ဆင်ထားရှိသွားမည်ဟု ကြည်းတပ်မတော် ဦးစီးချုပ်က ဖော်ပြလိုက်သည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံ တပ်မတော်တို့အကြား ဆက်သွယ်ရေးလိုင်းတစ်ခုကို များမကြာမီ တပ်ဆင်ထားရှိသွားမည်ဟု ကြည်းတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က ဖော်ပြလိုက်သည်။ နယူးဒေလီမြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုသို့ အမှာစကားပြောကြားစဉ် အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံစလုံးတို့သည် အိန္ဒိယတပ်မတော်၏ စစ်ဆင်ရေးများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် DGMO နှင့် တရုတ်နိုင်ငံမှ အလားတူ တာဝန်ရှိသည့်အရာရှိတို့အကြား ဆက်သွယ်ရေးလိုင်းတစ်ခုထားရှိရန် ဆန္ဒပြင်းပြနေကြကြောင်း တပ်မတော်ဦးစီးချုပ်က ဖော်ပြခဲ့သည်။ ဤဆက်သွယ်ရေးလိုင်းသည် နယ်စပ်ဒေသတလျှောက်မှ ကျူးကျော်ဖောက်ဖျက်မှုဖြစ်ရပ်များကို မဆိုင်းမတွ ဖြေရှင်းလုပ်ဆောင်ရာတွင် အထောက်အကူပြုသွားမည်ဟု တပ်မတော်ဦးစီးချုပ်က ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှဖိအားများ၏ သက်ရောက်မှုအခြေအနေများကို စောင့်ကြည့်သွားရမည်ဟုလည်း ဗိုလ်ချုပ်ကြီး Bipin Rawat က ဖော်ပြခဲ့ကြောင်း။