ဝန်ကြီးချုပ် Mr. Oli ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးများကို တိုးတက်ကောင်းမွန်စေသည်ဟု နီပေါနိုင်ငံက ဖော်ပြလိုက်သည်။

ဝန်ကြီးချုပ် Mr. K P Sharma Oli ၏ လတ်တလော အိန္ဒိယနိုင်ငံ ခရီးစဉ်သည် ယုံကြည်မှု တိုးတက်စေရာတွင်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးများ နောက်ထပ် တိုးတက်ကောင်းမွန်စေရာတို့တွင် အောင်မြင်မှုရရရှိခဲ့သည်ဟု နီပေါနိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawali က ဖော်ပြလိုက်သည်။ ဝန်ကြီးချုပ် ၂ ဦးစလုံးတို့သည် အရေးကြီးသည့် နှစ်နိုင်ငံ အရေးကိစ္စအားလုံးတို့ကို ပွင့်လင်းမြင်သာမှုရှိစွာ ဆွေးနွေးခဲ့ကြသည်ဟု Mr. Gyawali က ဖော်ပြခဲ့သည်။ လက်ရှိအစိုးရ၏ ကနဦးနေ့ရက်များအတွင်း အိမ်နီးချင်းနိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများနှင့်အတူ ယခုကဲ့သို့ ဆွေးနွေးမှုများသည် နီပေါနိုင်ငံကို တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လမ်းမပေါ်တွင် ရှေ့သို့ လှမ်းချီနိုင်ရန် အထောအကူပြုလိမ့်မည်ဟုလည်း Mr. Gyawali က ဖော်ပြခဲ့သည်။ နီပေါနိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ တရုတ်နိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်မတိုင်မီ ယမန်နေ့ ညနေပိုင်း၌ ခတ္တမန္ဓုမြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုကို အမှာစကားပြောကြားခဲ့သည်။ ဤခရီးစဉ်အတွင်း Mr. Gyawali သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့်အတူ နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ Mr. Gyawali သည် တရုတ်နိုင်ငံ ခေါင်းဆောင်ကို တွေ့ဆုံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရေးရာနှင့် စီးပွားရေး အကြံပေးအဖွဲ့၏ စားပွဲဝိုင်း တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို အမှာစကား ပြောကြားသွားမည်ဖြစ်သည့်အပြင် စီချွင်တက္ကသိုလ်တွင်ပြုလုပ်မည့် အခမ်းအနားတစ်ခုကိုလည်း အမှာစကားပြောကြားသွားမည်ဖြစ်သည်။ ဤခရီးစဉ်သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း Mr. K.P. Sharma Oli အစိုးရ ဖွဲ့စည်းခဲ့ပြီးနောက် နီပေါနိုင်ငံမှ ၎င်းနိုင်ငံ၏ မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံသို့ ပထမဆုံးအကြိမ် အဆင့်မြင့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း။