IRNSS-1I ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်လိုက်ခြင်း

သောတရှင်များခင်ဗျာ ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ သိပ္ပံရေးရာ ဆောင်းပါးရှင် K V Venkatasubramanian ရေးသားပေးပို့ထားတဲ့ “IRNSS-1I ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံဟာ IRNSS-1I ဂြိုလ်တု အောင်မြင်စွာ လွှတ်တင်နိုင်ခြင်းနှင့်အတူ မိမိတို့ကိုယ်ပိုင်နည်းပညာဖြင့် လမ်းညွှန်ဂြိုလ်ဟုစနစ်ဖြစ်တဲ့ NavIC ခေါ် အိန္ဒိယနိုင်ငံ ဂြိုဟ်တုအစုအဝေးများနှင့်အတူ လမ်းညွှန်ပြသ စနစ်တစ်ရပ်ပိုင်ဆိုင်ဖို့ဖြစ်တဲ့ များစွာတောင်းတမြတ်နိုးခဲ့ရတဲ့ နိုင်ငံရဲ့အိပ်မက်ကို နားလည် သဘောပေါက်ထားပြီးဖြစ်ပါတယ်။ လမ်းညွှန်ဂြိုလ်တု တင်ဆောင်ထားတဲ့ ပိုလာ ဂြိုဟ်တု လွှတ်တင်ယာဉ် PSLV-C41 ဟာ Andhra Pradesh ပြည်နယ်ရဲ့ တောင်ပိုင်း ကမ်းရိုးတန်းဒေသဖြစ်တဲ့ Sriharikota အရပ်ဒေသရှိ Satish Dhawan အာကာသစခန်းမှ ထွက်ခွာပျံသန်းသွားခဲ့ပါတယ်။

PSLV ဒုံးကျည်လွှတ်တင်ယာဉ်ဟာ ဝေဟင်အတွင်းသို့ ဒုန်းစိုင်းဖောက်ခွင်းသွားခဲ့ပြီးတဲ့နောက် ၁၉ မိနစ်ခန့် အချိန်အတွင်းမှာပဲ ဒုံးကျည်ကို ကမ္ဘာမြေကြီးနှင့် အချိန်ကိုက်သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းအတွင်း ထားရှိပေးခဲ့ပါတယ်။

ISRO အဖွဲ့ဥက္ကဋ္ဌ Mr. K Sivan ဟာ ဒီလွှတ်တင်ချက်မှာပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေနှင့် အင်ဂျယ်နီယာတွေကို ချီးကျူးစကားဆိုခဲ့ပါတယ်။ ယခုလို ခက်ခဲလှတဲ့အလုပ်ကို လုပ်ကိုင်ရခြင်းနှင့် IRNSS-1I  ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ဖို့အတွက် ISRO အဖွဲ့အစည်း မိသားစုဝင်ဖြစ်ရတာ ဝမ်းမြောက်ပျော်ရွှင်မိတယ်လို့ Mr. K Sivan က ဖော်ပြခဲ့ပါတယ်။

IRNSS-1I ဂြိုဟ်တုဟာ ရူဘီဒီယမ် အက်တမ် နာရီ ၃ လုံးချို့ယွင်းခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိရောက်မှုမရှိဖြစ်ခဲ့ရတဲ့ လမ်းညွှန်ဂြိုဟ်တု ၇ လုံးအနက် ပထမဆုံးအလုံးဖြစ်တဲ့ IRNSS-1A ဂြိုဟ်တုနေရာမှာ အစားထိုးသွားဖို့ မျှော်မှန်းထားခဲ့တာဖြစ်ပါတယ်။ အဲဒီဂြိုဟ်တု ၇ လုံးတို့ဟာ NavIC ခေါ် အိန္ဒိယနိုင်ငံ ဂြိုဟ်တုအစုအဝေးနှင့်အတူ လမ်းညွှန်ပြသစနစ်ရဲ့ တစိတ်တပိုင်းတို့ဖြစ်ကြပြီး ဒီအစုအဝေးထဲမှာဆိုရင် IRNSS-1I ဂြိုဟ်တုဟာ နောက်ဆုံးအလုံးဖြစ်ပါတယ်။

ISRO အဖွဲ့အစည်းကြီးဟာ ပထမဆုံးသော လမ်းညွှန်ဂြိုဟ်တုတွေဖြစ်ကြတဲ့ IRNSS-1A မှ 1G အထိ ဂြိုဟ်တု ၇ လုံးတို့ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လနှင့် ၂၀၁၆ ခုနှစ်၊ ဧပြီလတို့အတွင်းမှာ လွှတ်တင်ခဲ့ပါတယ်။ IRNSS-1I နှင့် IRNSS-1H ဂြိုဟ်တု ၂ လုံးစလုံးတို့ဟာ အရံဂြိုဟ်တုတွေအဖြစ် စီမံထားတာဖြစ်ပါတယ်။ ပတ်လမ်းကြောင်းအတွင်းမှ INRSS-1A  ဂြိုဟ်တုမှာ တပ်ဆင်ထားတဲ့ ရူဘီဒီယမ် အက်တမ် နာရီ ၃ လုံးစလုံး ချို့ယွင်းသွားခဲ့ပြီးတဲ့နောက်မှာ အဆိုပါဂြိုဟ်တုတွေဟာ မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။ အဲဒီ ဂြိုဟ်တု ၇ လုံးစလုံးတို့ဟာ ကမ္ဘာ့မြေမျက်နှာပြင်မှ ၂၄ နာရီပတ်လုံး တိကျတဲ့ သတင်းအချက်အလက်တွေရရှိဖို့အတွက် လိုအပ်ကြပါတယ်။

နောက်ထပ် အရေးကြီးတဲ့ စီမံကိန်းတစ်ခုကတော့ GSLV-MkIII အကြီးစား ဒုံးကျည်ရဲ့ ဒုတိယအကြိမ် လွှတ်တင်မှုဖြစ်ပါတယ်။ ဒီစီမံကိန်းမှာဆိုရင် ၃ တန်အထက် အလေးချိန်ရှိတဲ့ GSAT-29 ဆက်သွယ်ရေး ဂြိုဟ်တုတွေကို အာကာသအတွင်းသို့ တင်ဆောင်ထားရှိပေးသွားမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် အောင်မြင်မယ်ဆိုရင် များစွာလိုအပ်နေခဲ့တဲ့ MkIII ဒုံးကျည်ကို ISRO အဖွဲ့အစည်းကြီးရဲ့ ၄ တန် အလေးချိန်ရှိတဲ့ ဆက်သွယ်ရေးဂြိုဟ်တုကို ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ထားရှိဖို့အတွက် ပုံမှန်ဖြစ်စေမှာဖြစ်ပါတယ်။ ဒါဟာဆိုရင် မကြာတော့တဲ့အနာဂတ်ကာလမှာ အဲဒီအရွယ်အစားရှိတဲ့ ဂြိုဟ်တုတွေအတွက် နိုင်ငံရပ်ခြားမှ လွှတ်တင်ယာဉ်တွေကို ငှားရမ်းအသုံးပြုနေရမှုကို အဆုံးသတ်စေမှာဖြစ်ပါတယ်။ ဒီအပြင် ISRO အဖွဲ့အစည်းကြီးဟာ ၅.၇ တန် အလေးချိန်ရှိတဲ့ GSAT-11 အကြီးစား လွှတ်တင်ပေးမှု သို့မဟုတ် လှိုင်းခွင်ကျယ် ဂြိုဟ်တုလွှတ်တင်ပေးဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး ဒီဂြိုဟ်တုကို ဥရောပဒေသမှ ဒုံးကျည်တစ်လုံးပေါ်မှာ တင်ဆောင်လွှတ်တင်သွားမှာဖြစ်ပါတယ်။ အာကာသ အေဂျင်စီအဖွဲ့ဟာ ကမ္ဘာမြေ လေ့လာသုံးသပ်ရေး ဂြိုဟ်တုတွေနှင့်အတူ PSLV လွှတ်တင်မှုတွေပြုလုပ်ဖို့လည်း စီစဉ်လျှက်ရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုရဲ့ လာမယ့်ကဏ္ဍပိုင်းကတော့ အာကာသ နည်းပညာကဏ္ဍ ဖြစ်ဟန်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှု ကြီးထွားလာမှုဟာ ဖွံ့ဖြိုးရေးနည်းပညာ ယှဉ်ပြိုင်မှုကဏ္ဍအတွင်း နိုင်ငံတော်အတွက် တန်ဖိုးဖြည့်စွက်ချက်တစ်ရပ် ပေးအပ်သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် K V Venkatasubramanian ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။