မြောက်ကိုးရီးယားနိုင်ငံသည် တောင်ကိုးရီးယားနိုင်ငံနှင့် အဆင့်မြင့်ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်ကြောင်း။

မြောက်ကိုးရီးယားနိုင်ငံသည် ယနေ့ကျင်းပရန် စီစဉ်ထားခဲ့သော တောင်ကိုးရီးယားနိုင်ငံနှင့် အဆင့်မြင့်ဆွေးနွေးပွဲများကို ဆိုးလ်အစိုးရ၏ အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် ဖျက်သိမ်းလိုက်သည်။ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုးရီးယားတို့မှ တိုက်လေယာဉ်အစင်း (၁၀၀) ခန့်တို့သည် လွန်ခဲ့သော သောကြာနေ့က The Max Thunder စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြသည်။ မြောက်ကိုးရီးယားနိုင်ငံ၏ တရားဝင်သတင်းအေဂျင်စီ KCNA သည် အဆိုပါလေ့ကျင့်မှုများက ရန်စခြင်းနှင့် တိုက်ခိုက်မှုအတွက် ပြင်ဆင်မှုတခုဖြစ်သည်ဟု ဖေါ်ပြသည်။ ယခုအပါတ်စောစောပိုင်းက သဘောတူခဲ့သော တောင်ကိုးရီးယားနိုင်ငံနှင့် ဆွေးနွေးပွဲများကို နှစ်နိုင်ငံအကြား စစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားသော ဒေသအတွင်းရှိ Panmunjom စစ်စခမ်းတခု၌ ကျင်းပရန် ရှိခဲ့သည်။ ပြုံယမ်းအစိုးရသည် အလွန်မျှော်လင့်ချက်ကြီးမားသော ၎င်းတို့၏ခေါင်းဆောင် Mr. Kim Jong Un နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ Mr. Donald Trump တို့၏ ရှေ့လ (၁၂) ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသော ထိပ်သီးဆွေးနွေးပွဲကိုလည်း ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်လျှက်ရှိသည်။ အမေရိကန်ပြည်ထောင်စု ပြောရေးဆိုခွင့်ရှိသူတဦးက ယင်းစစ်ရေးလေ့ကျင့်မှုတွင် ရန်စသောအပြုအမူ တစုံတရာမျှမရှိကြောင်းဖေါ်ပြခဲ့ပြီး၊ ၎င်းတို့က Mr. Trump နှင့် Mr. Kim တို့၏ တွေ့ဆုံပွဲအတွက် ဆက်လက်ပြင်ဆင်လိမ့်မည်ဟု ဖေါ်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုးရီးယားနိုင်ငံတို့က အစဉ်အမြဲဆိုသလိုပင် ယင်းသို့သော စစ်ရေးလေ့ကျင့်မှုများက ကာကွယ်ရေးအကြောင်းကိစ္စသက်သက်သာဖြစ်သည်ဟု အတည်ပြုဖေါ်ပြလျှက်ရှိကြကြောင်း။