‘Nawaz Sharif က ပါကစ္စတန်အုပ်ချုပ်ရေးအား အမျက်ဒေါသထွက်စေလိုက်ခြင်း’

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR သတင်း ခွဲခြမ်းဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ ‘Nawaz Sharif က ပါကစ္စတန်အုပ်ချုပ်ရေးအား အမျက်ဒေါသထွက်စေလိုက်ခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Nawaz Sharif ဟာ မိမိကိုယ်တိုင်နဲ့ သူ့ရဲ့နိုင်ငံ အုပ်ချုပ်ရေးအား ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့စေလိုက်ပါတယ်။ Mr. Sharif ဟာ ပါကစ္စတန်တရားရုံးတော်ချုပ်က ‘Panama Gate’ အရှုပ်တော်ပုံနောက်ပိုင်း သူ့ကို ဝန်ကြီးချုပ်ရာထူး လက်ကိုင်ထားရှိဘို့ အရည်အချင်းမပြည့်ဝသူအဖြစ် သတ်မှတ်ခဲ့တဲ့နောက်ပိုင်း မိမိရဲ့ နိုင်ငံရေးမှာ တည်ရှိဘို့အတွက် တိုက်ပွဲဝင်လျှက်ရှိပါတယ်။ Mr. Sharif ဟာ ပါကစ္စတန်တရားရုံးတော်ချုပ်ရဲ့ သူ့ရဲ့ Pakistan Muslim League-Nawaz (PML-N) ပါတီမှာတောင် ဥက္ကဌနေရာကို လက်ကိုင်ထားခြင်းမပြုနိုင်ဘူးလို့လည်း အမိန့်ချမှတ်ခြင်း ခံလိုက်ရပါတယ်။ သူ့ရဲ့ပါတီဟာ လာမဲ့နှစ်လမျှသောကာလအတွင်း ရွေးကောက်ပွဲတွေ ကျင်းပဘို့ရှိနေချိန်မှာ အတိဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နေရပါတယ်။

တွေ့ဆုံမေးမြန်းခန်းတခုမှာ Mumbai တိုက်ခိုက်မှုကို ကြံစည်ကြိုးကိုင်ခဲ့တဲ့ Hafiz Saeed နဲ့ Maulana Masood Azhar ရဲ့ စစ်သွေးကြွအုပ်စုတွေဖြစ်ကြတဲ့ Jammat-ud-Dawah နဲ့ Jaish-e-Mohammad တို့ရဲ့ နာမည်ကို မဖေါ်ပြဘဲ၊ Mr. Sharif က စစ်သွေးကြွအုပ်စုတွေဟာ ပါကစ္စတန်နိုင်ငံအတွင်း လှုပ်ရှားနေကြတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ‘သူတို့တတွေကို နိုင်ငံမဲ့လှုပ်ရှားသူတွေလို့ ခေါ်တွင်ပြီး၊ သူတို့တတွေကို နယ်ခြားဖြတ်ကျော်ခွင့်ပြုကာ၊ Mumbai မြို့မှာ လူပေါင်း (၁၅၀) ကျော်တို့ကို သတ်ဖြတ်ဘို့ ခွင့်ပြုသင့်ပါသလား၊ ကျွန်ုပ်ကို ရှင်းလင်းဖေါ်ပြပါ’ လို့ ပြောကြားခဲ့ပြီး၊ ဘာကြောင့် ဒီအမှုရဲ့ ကြားနာစစ်ဆေးမှုကို အပြီးပြတ်အောင် မပြုလုပ်နိုင်ပါသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ Mr. Sharif ဟာ အမှန်တရားကို ဖေါ်ပြခဲ့ဒါဘဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ Mumbai တိုက်ခိုက်မှုကို ပါကစ္စတန်အုပ်ချုပ်ရေးရဲ့ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့ဒါကို အများအသိဘဲဖြစ်ပါတယ်။ အဲဒီ Mumbai တိုက်ခိုက်မှုမှာ အပြစ်မဲ့ အိန္ဒိယလူမျိုးနဲ့ နိုင်ငံခြားသား (၁၆၅) ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ Mumbai တိုက်ခိုက်မှုတွေ ပြီးလို့ ချက်ချင်းဆိုသလိုဘဲ ပါကစ္စတန်သမ္မတက နိုင်ငံတော်ထောက်လှမ်းရေးအဖွဲ့ (ISI) ရဲ့ ဥက္ကဌကို စေလွှတ်ဘို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကမ်းလှမ်းချက်ကို အဲဒီအချိန်က ကြည်းတပ်မတော်ဦးစီးဖြစ်ခဲ့သူက ပယ်ချခဲ့ပါတယ်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရှင်ဖမ်းဆီးခဲ့တဲ့ တဦးတည်းသော ပါကစ္စတန်အကြမ်းဖက်သမား Amir Ajmal Kasab က သူတို့တတွေကို ပါကစ္စတန်အစိုးရပိုင်းက လေ့ကျင့်သင်တန်းပေးခဲ့တယ်လို့ ဝန်ခံဖေါ်ပြခဲ့ပြီး၊ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ပါတ်သက်ခဲ့ကြတဲ့ ပါကစ္စတန်စစ်တပ်အရာရှိတချို့ရဲ့ နာမည်တွေကိုလည်း ဖေါ်ပြခဲ့ပါတယ်။ သို့သော်ငြားလည်း ပူးတွဲကြံစည်လုပ်ကိုင်ခဲ့ကြတဲ့ Zaki ur Rehman Lakhvi နဲ့ Hafiz Saeed တို့ကို ဖမ်းဆီးပြီးတဲ့နောက်ပိုင်း ပါကစ္စတန်နိုင်ငံဟာ တရားဥပဒေရေးရာလုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဟန့်တားဘို့ အစွမ်းကုန် ကျိုးပမ်းလုပ်ကိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Mumbai တိုက်ခိုက်မှုမှာ ပါဝင်ပါတ်သက်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေရဲ့ အခန်းကဏ္ဍနဲ့ လှုပ်ရှားမှုဆိုင်ရာ သက်သေအထောက်အထား စာရွက်စာတမ်းများစွာတို့ကို ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ Islamabad အစိုးရက အမြဲတမ်းဆိုသလိုဘဲ အဲဒီစာရွက်စာတမ်းမတွေမှာ သက်သေအထောက်အထား အလုံအလောက်မရှိဘူးလို့ ဖေါ်ပြနေခဲ့ပါတယ်။

Lakhvi နဲ့ Saeed တို့ကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ထားပြီးနောက် ပါကစ္စတန်အုပ်ချုပ်ရေးပိုင်းဟာ Mr. Sharif ရဲ့ ပွင့်လင်းစွာ ဝန်ခံပြောကြားခဲ့မှုကြောင့် မျက်နှာပျက်၊ အမျက်ဒေါသထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာသူတွေက Mr. Sharif ရဲ့ မှတ်ချက်အပေါ် မေးခွန်းထုတ်ကြပါတယ်။ တကယ်တန်းဆိုရင် Mr. Sharif ဟာ အရေးကိစ္စများစွာတို့မှာ သက္ကရာဇ် ၂၀၁၇ ခု နှစ်လည်ပိုင်းအထိ ပါဝင်ပါတ်သက်ခဲ့ပါတယ်။ အဲဒီကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုမှာ သူ့ရဲ့နိုင်ငံ ပါဝင်ပါတ်သက်ခဲ့ဒါကို သိရှိနားလည်ထားခဲ့တယ်ဆိုရင် Mr. Sharif အနေနဲ့ အဲဒီမသာမာသူတွေကို တင်းကြပ်စွာ ဆန့်ကျင်အရေးယူသင့်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြီးဟာ Mr. Sharif ရဲ့ အုပ်ချုပ်ရေးကာလအတွင်း ဖြစ်ပေါ်ခဲ့ဒါကို မှတ်ချက်ချ ဖေါ်ပြရမယ့်အပြင် အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ Lahore မြို့သို့ သမိုင်းဝင်ခရီးစဉ်ပြီးလို့ ရက်အနည်းငယ်အတွင်းမှာဘဲ Pathankot လေတပ်စခန်းပေါ် တိုက်ခိုက်မှုကြီး ဖြစ်ပေါ်ခဲ့ဒါကို ထောက်ပြရမယ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်အတွင်း Mr. Sharif ရဲ့ ပထမအကြိမ်ဝန်ကြီးချုပ်သက်တမ်းကာလမှာ Kargil စစ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့က ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်သမားတွေကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဘို့ ဆန္ဒမပြင်းပြဒါကို သိရှိထားကြပြီး ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကတော့ မကြာသေးခင်ကဘဲ သူ့ရဲ့နိုင်ငံက အကြမ်းဖက်ဝါဒကို နိုင်ငံခြားရေးပေါ်လစီမူဝါဒ လက်နက်တခုအဖြစ် အသုံးပြုဒါကို လက်ခံခဲ့ပါတယ်။ Islamabad အစိုးရရဲ့ အကြမ်းဖက်ဝါဒနဲ့ပါတ်သက်တဲ့ အရေးကိစ္စတွေမှာ နှစ်မျိုးနှစ်ခွ ပြောကြားနေဒါကို အများအသိဘဲဖြစ်ပါတယ်။

PML-N ပါတီက Mr. Nawaz Sharif ရဲ့ ထုတ်ဖေါ်ချက်တွေကို အိန္ဒိယ သတင်းမီဒီယာက လုံးဝအဓိပ္ပါယ်လွှဲမှားစွာ ဖေါ်ပြထားတယ်လို့ တင်ပြပါတယ်။ ကံဆိုးစွာဘဲ ပါကစ္စတန် electronic နဲ့ လူမှုရေးမီဒီယာ တစိတ်တပိုင်းက တမင်တကာ သို့မဟုတ် သတိမထားဘဲ အိန္ဒိယသတင်းမီဒီယာမှ ရန်ငြိုးထားတဲ့ မဟုတ်မမှန်သတင်းဖြန့်ချီမှုတွေကို Mr. Sharif ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံကို မလေ့လာဘဲ ရေးသားဖေါ်ပြနေကြတယ်လို့ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ လုံခြုံရေးကော်တီ NSC နဲ့ ထိပ်တန်းအရပ်သားနဲ့ စစ်ဖက်အဖွဲ့အစည်းတွေက Mr. Sharif ရဲ့ ထုတ်ဖေါ်ချက်တွေကို အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုဖေါ်ပြကြပါတယ်။

သို့သော် လူထုအစည်းအဝေးပွဲတခုမှာ Mr. Sharif ဟာ အကြမ်းဖက်ဝါဒနဲ့ လက်ရှိ နိုင်ငံတော်ရဲ့ အရေးကိစ္စတွေနဲ့ပါတ်သက်ပြီး၊ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုဒါကို ပါကစ္စတန်နိုင်ငံအနေနဲ့ သိရှိနားလည်ဘို့ အချိန်ကျရောက်လာပြီးလို့ ဖေါ်ပြခဲ့ပါတယ်။ နောက်ပြီး၊ Mr. Sharif က ‘ဘယ်သူက နိုင်ငံကိုအထီးကျန်ဖြစ်အောင် ဦးတည်စေခဲ့သလဲ၊ ပါကစ္စတန်နိုင်ငံရဲ့ ဖေါ်ပြချက်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်မခံနိုင်အောင် ဘယ်သူတွေ ပြုလုပ်ခဲ့သလဲ’ လို့ မေးမြန်းခဲ့ပါတယ်။ အမှန်စင်စစ်တော့ ဒီမေးခွန်းတွေကို ပါကစ္စတန်အုပ်ချုပ်ရေးက ဖြေကြားရမယ်ဖြစ်ပါတယ်။ Mr. Sharif ရဲ့ ထုတ်ဖေါ်ချက်က အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်တွေ မှန်ကန်တာကို သက်သေထူနေပြီး၊ ယခုအခါ ပါကစ္စတန်အုပ်ချုပ်ရေးအနေနဲ့ Mumbai တိုက်ခိုက်မှု ကျူးလွန်သူ အကြမ်းဖက်သမားတွေကို ရုံးတင်စစ်ဆေးရမယ် ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။