.အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စု-မြောက်ကိုးရီးယား ထိပ်သီးညီလာခံကို ကြိုဆိုခဲ့ပြီး အပြုသဘောဆောင်သည့် ဖွံ့ဖြိုးမှုတခုဖြစ်သည်ဟု ဖေါ်ပြလိုက်သည်။

အိန္ဒိယနိုင်ငံသည် Singapore နိုင်ငံ၌ ကျင်းပခဲ့သော အမေရိကန်ပြည်ထောင်စု-မြောက်ကိုးရီးယား ထိပ်သီးညီလာခံကို ကြိုဆိုခဲ့သည်။ လွန်ခဲ့သော အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော ထုတ်ဖေါ်ချက်တခုတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤထိပ်သီးဆွေးနွေးပွဲမှာ အပြုသဘောဆောင်သည့် ဖွံ့ဖြိုးမှုတခုဖြစ်ပြီး အိန္ဒိယနိုင်ငံက အစဉ်အမြဲ ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်တံ့ခိုင်မြဲရေး ယူဆောင်လာရန် ကြိုးပမ်းချက်တို့အား တွေ့ဆုံဆွေးနွေးပွဲနှင့် သံတမန်ရေးရာ နည်းလမ်းဖြင့် ပြုလုပ်ခြင်းကို ထောက်ခံလျှက်ရှိခဲ့သည်ဟု ဖေါ်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသည် ယင်းထိပ်သီးညီလာခံမှ သဘောတူညီချက်များကို အကောင်အထည်ဖေါ်လိမ့်မည်ဟု မျှော်လင့်ပြီး၊ သို့မှသာ ဒေသပိုင်းအတွင်း ထာဝရငြိမ်းချမ်းရေးနှင့် တည်တံ့ခိုင်မြဲမှုအတွက် လမ်းဖွင့်ပေးလိမ့်မည်ဟု ယူဆလျှက်ရှိသည်။ လွန်ခဲ့သော အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုးရီးယားနိုင်ငံသို့ လုံခြုံရေးအာမခံချက်ပေးရန် ဆုံးဖြတ်ခဲ့သည်။ တုံ့ပြန်သောအားဖြင့် Pyongyang အစိုးရသည် ကိုးရီးယားကျွန်းဆွယ်အတွင်း အနုမြူဖျက်သိမ်းမှု အပြည့်အစုံပြုလုပ်ရေးအတွက် ခိုင်မာပြီး၊ မယိမ်းယိုင်သော ခံယူချက်များ ချမှတ်ခဲ့သည်။ ဤအတောအတွင်း တောင်ကိုးရီးယားနိုင်ငံသည် Trump-Kim ထိပ်သီးညီလာခံကို ရာစုနှစ်၏ အထင်ရှားဆုံးဆွေးနွေးပွဲအဖြစ် သတ်မှတ်လိုက်သည်။ တောင်ကိုးရီးယားနိုင်ငံသမ္မတ Mr. Moon Jae-in သည် အဆိုပါ ထိပ်သီးညီလာခံက အောင်မြင်လိမ့်မည်ဖြစ်ပြီး၊ ကိုးရီးယားနှစ်နိုင်ငံတို့နှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံမှုများတွင် ခေတ်သစ်တခု ဖန်တီးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြခဲ့သည်။ တရုတ်နိုင်ငံကလည်း Mr. Trump နှင့် Mr. Kim တို့အကြား ဆွေးနွေးပွဲကို ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ ဒေသပိုင်းအတွင်း တင်းမာမှုများ ကင်းရှင်းရေးအတွက် အနုမြူဖျက်သိမ်းမှု အပြည့်အစုံပြုလုပ်ရေးကို တောင်းဆိုလိုက်သည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shingzo Abe ကလည်း စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခဲ့ခြင်းကို ကြိုဆိုခဲ့ကြောင်း။