အာဖကန် တာလီဘန်တို့၏ အပစ်အခတ်ရပ်စဲရေးနှင့် ၎င်း၏ သက်ရောက်မှုများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်နှင့် အာဖကန်နစ္စတန်နိုင်ငံဆိုင်ရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Smita ဝေဖန်ရေးသားပေးပို့ထားတဲ့ “အာဖကန် တာလီဘန်တို့၏ အပစ်အခတ်ရပ်စဲရေးနှင့် ၎င်း၏ သက်ရောက်မှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အာဖကန်အစိုးရနှင့် တာလီဘန် စစ်သွေးကြွ ခေါင်းဆောင်တွေဟာ လာမယ့် Eid ul Fitr ပွဲတော် နေ့ရက်ကာလအတွင်းမှာ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာဖော်ပြခဲ့ကြပါတယ်။ အာဖကန် အစိုးရဟာ ဇွန်လ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၎င်းတို့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ရပ်နားသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့ပြီး တာလီဘန်တို့ကလည်း ဇွန်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ အလားတူ အပစ်အခတ် ရပ်စဲသွားမှာဖြစ်ပါတယ်။ အာဖကန်အစိုးရရဲ့ အပစ်အခတ် ရပ်စဲမှုမှာ သိသာထင်ရှားတဲ့ ဒေသခံ Daesh (IS) နှင့် Al Qaeda တို့လို နိုင်ငံရပ်ခြားမှ စစ်သွေးကြွအုပ်စုတွေ ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ဒီနိုင်ငံဟာ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် ပျက်စီးနေပြီဖြစ်ပြီး ဒါဟာဆိုရင် သန့်ရှင်းမွန်မြတ်တဲ့ Ramadan လအတွင်း အပြစ်မဲ့ပြည်သူ ၅၀ ကျော်တို့ရဲ့ အသက်အိုးအိမ်တွေ သေကြေပျက်စီးခဲ့ရပါတယ်။

အပစ်အခတ်ရပ်စဲမှုမှာ အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့တွေ ပါဝင်မှာမဟုတ်ဘူးလို့ တာလီဘန်တို့က ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့တွေဟာ အာဖကန်နစ္စတန်နိုင်ငံအတွင်း တပ်သား ၁၅၀၀၀ ခန့် ရှိပါတယ်။ တာလီဘန်တို့ကတော့ တိုက်ခိုက်မှု တစ်စုံတစ်ရာ ဖြစ်လာခဲ့မယ်ဆိုရင် သူတို့ကိုယ်သူတို့ ခုခံတိုက်ခိုက်သွားမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါဟာဆိုရင် ဒီအုပ်စုအနေနှင့် ၁၆ နှစ်ကြာမြင့်ပြီဖြစ်တဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက်မျှော်မှန်းထားတဲ့ အာဖကန် အစိုးရနှင့်အတူ ပထမဆုံးအကြိမ် ယုံကြည်မှုဆိုင်ရာ သဘောတူညီထားတာပဲဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဟာ နှစ်ဖက်စလုံးတို့ရဲ့ အဓိကကျတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပြီး ဖော်ဆောင်လုပ်ကိုင်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီလိုယုံကြည်မှုမျိုးဟာ မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ခိုင်မာတဲ့ ခြေလှမ်းတစ်ရပ်ကိုလည်း ကိုယ်စားပြုသွားနိုင်မှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အာဖကန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အဓိကကျတဲ့ ပါဝင်လုပ်ကိုင်သူ နိုင်ငံတနိုင်ငံဖြစ်ပြီး တာလီဘန်တို့ပြုလုပ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အများဆုံးခံနေခဲ့ရပါတယ်။ နယူးဒေလီအစိုးရဟာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အဖြစ်အပျက်တွေကို စိတ်အားထက်သန်စွာနှင့် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ တာလီဘန် သူပုန်တွေနှင့်အတူ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် အာကဖန်သမ္မတ Mr. Ashraf Ghani ရဲ့ အစပျိုးချက်တွေကို ထပ်မံကြိုဆိုဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်ဝါဒနှင့်အတူ စေ့စပ်ညှိနှိုင်းမှုပြုလုပ်သွားမှာမဟုတ်တဲ့အပြင် အကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး အကြမ်းဖက်ဝါဒအပေါ် ငွေကြေးပံ့ပိုးနေသူတွေကို အရေးယူလုပ်ဆောင်မှုတွေ ပြုလုပ်သွားရမယ်ဆိုတဲ့ နယူးဒေလီအစိုးရရဲ့ ရပ်တည်ချက်ကိုလည်း ဇောင်းပေးဖော်ပြလိုက်ပါတယ်။

တာလီဘန်တွေအနေနှင့် Eid ပွဲတော်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှုအတွက် သဘောတူညီခဲ့တာဟာ အာဖကန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၁ ခုနှစ် ပါဝင်ပတ်သက်ခဲ့တဲ့အချိန်ကစလို့ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းက သမ္မတ Mr. Ghani ဟာ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာနိုင်မယ့်လုပ်ငန်းစဉ်တစ်ရပ်အတွက် စတင်မှတ်အဖြစ် တာလီဘန်တွေကို နိုင်ငံရေးရာ အသိအမှတ်ပြုမှု ကမ်းလှမ်းခဲ့ပါတယ်။ Mr. Ghani ရဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဟာ စစ်ရေးအားဖြင့် အနိုင်မရနိုင်ဘူးလို့တောင် သူ့ရဲ့ ကျောထောက်နောက်ခံပြုသူတွေက ဖော်ပြနေကြတဲ့ ပဋိပက္ခ အဆုံးသတ်သွားစေနိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ် လုပ်ဆောင်ဖို့စိတ်ဆန္ဒရှိမှုကို ထင်ရှားစေလျှက်ရှိပါတယ်။ အာဖကန်အစိုးရဟာ ပဋိပက္ခ အဆုံးသတ်စေဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်ဆိုတာကို ကမ္ဘာနှင့် တာလီဘန်တို့အပေါ် သတင်းစကား ပေးပို့လိုက်ပါတယ်။ အင်ဒိုနီးရှားနှင့် Kabul မြို့တို့မှ ဘာသာရေးဆရာတွေ တွေ့ဆုံဆွေးနွေးမှုအပါအဝင် လတ်တလော ငြိမ်းချမ်းရေး အစပျိုးချက်တွေဟာ အာဖကန်အစိုးရနှင့် ၎င်းတို့ရဲ့ နိုင်ငံတကာမှ ထောက်ခံသူတွေအနေနှင့် ကာလကြာမြင့်ပြီဖြစ်တဲ့ အာဖကန် ပဋိပက္ခကို ဘယ်နည်းနှင့်မဆို အဆုံးသတ်စေဖို့ ဆန္ဒရှိနေတာကို ညွှန်ပြလျှက်ရှိပါတယ်။

အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေးဗီးယားတို့လို အစ္စလာမ္မစ် နိုင်ငံတွေဟာ ငြိမ်းချမ်းရေး ကြိုးပမ်းချက်တွေမှာ ပါဝင်လုပ်ဆောင်သွားဖို့ ဖော်ပြထားကြပါတယ်။ ဒီနိုင်ငံတွေဟာ အဆုံးအဖြတ်ပေးတဲ့ နိုင်ငံတွေအဖြစ်နှင့် ယုံကြည်ရတဲ့ ကြားခံနိုင်ငံတွေအဖြစ် လုပ်ဆောင်သွားနိုင်ကြပြီး ၎င်းတို့ရဲ့ ဩဇာသက်ရောက်မှုကို ငြိမ်းချမ်းရေး တည်တံ့စေမယ့် ဒေသပိုင်းမှ အခြေအနေတွေ ပိုမိုကောင်းမွန်စေဖို့အတွက် ပါကစ္စတန်နိုင်ငံလို ဒေသပိုင်းဆိုင်ရာ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေနှင့်အတူလည်း အသုံးပြုသွားနိုင်ကြပါတယ်။ လက်ရှိ အပစ်အခတ်ရပ်စဲမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တာလီဘန်နှင့် အစိုးရတို့အကြား စိတ်ရှည်သည်းခံတဲ့ စေ့စပ်ညှိနှိုင်းမှုတွေကနေ သံတမန်ရေးရာ ခွင့်ပြုပေးမှုမှတဆင့် အထောက်အပံ့ပေးမယ်ဆိုရင်တော့ ယခုလို နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲမှုတွေဟာ အင်အားပြည့်ဝတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအဖြစ် ပြောင်းလဲသွားနိုင်မှာဖြစ်ပါတယ် စသဖြင့် ဆောင်းပါးရှင် Dr. Smita ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။