ယမန်နေ့ညက ပြင်သစ်နိုင်ငံအသင်းသည် Belgium နိုင်ငံအသင်းကို ၁ ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ကစားပြီး FIFA ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး၏ နောက်ဆုံးဗိုလ်လုပွဲသို့ တက်သွားကြောင်း။

လွန်ခဲ့သောညက ကျင်းပခဲ့သော FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး၏ ပထမဆီမီးဖိုင်နယ်ပွဲတွင် ပွဲကစားချိန် (၅၁) မိနစ်၌ Samuel Umtiti ၏ ခေါင်းတိုက်ဂိုးသွင်းယူမှုသည် ပြင်သစ်နိုင်ငံအသင်းအား Belgium နိုင်ငံအသင်းကို ၁ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်သွားစေခဲ့သည်။ ယခုအခါ ပြင်သစ်အသင်းသည် လွန်ခဲ့သော ၁၉၉၈ ခုနှစ်က အိမ်ရှင်အဖြစ်ကျင်းပစဉ် ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ပြီးနောက် ဒုတိယအကြိမ် ဗိုလ်စွဲရန် ရှေ့ရှု့လျှက်ရှိသည်။ ပြင်သစ်အသင်းသည် နောက်ဆုံးဗိုလ်လုပွဲ၌ ယနေ့ညယှဉ်ပြိုင်ကစားမည့် England နှင့် Croatia နိုင်ငံအသင်းတို့ပွဲမှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယနေ့ ဒုတိယဆီမီးဖိုင်နယ်ပွဲကို Moscow မြို့ရှိ Luzhniki အားကစားကွင်းကြီးတွင် ည ၁၁ နာရီခွဲမှ စတင်ယှဉ်ပြိုင်ကစားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲကို လာမည့် တနင်္ဂနွေနေ့တွင် Moscow မြို့၌ ကျင်းပလိမ့်မည်ဖြစ်ကြောင်း။