“Mike Pompeo ရဲ့ Afghanistan နိုင်ငံသို့ မကြေညာခဲ့သည့် အလည်အပါတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ပါကစ္စတန်နှင့် Afghanistan ဆိုင်ရာ နည်းဗျူဟာကျ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Smita ဝေဖန်ရေးသားပေးပို့ထားတဲ့ “Mike Pompeo ရဲ့ Afghanistan နိုင်ငံသို့ မကြေညာခဲ့သည့် အလည်အပါတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Mr. Mike Pompeo ဟာ ယခုအပါတ်အတွင်းမှာ Afghanistan မြို့တော်သို့ ရုတ်တရက်သွားရောက်လည်ပါတ်ခဲ့ပါတယ်။ Mr. Pompeo ဟာ သမ္မတ Mr. Ashraf Ghani နဲ့ Afghan အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုးရီးယားနဲ့ Vietnam နိုင်ငံတွေအပါအဝင် အာရှနိုင်ငံများသို့ အလည်အပါတ်ခရီးစဉ်တခုအပြီး ပေါ်ပေါက်ခဲ့တဲ့ ဒီအလည်အပါတ်ခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီး Mr. Pompeo ရဲ့ လွန်ခဲ့တဲ့ April လအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးတဲ့နောက်ပိုင်း Afghanistan နိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပါတ်ခရီးစဉ်ဖြစ်ပါတယ်။ Mr. Pompeo ဟာ သမ္မတ Mr. Ghani ရဲ့ Taliban တို့နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖွင့်လှစ်ဘို့ ကြိုးပမ်းမှုတွေအား ထောက်ခံမှုကို သဓိဋ္ဌာန်ပြုခဲ့ပြီး၊ Washington အစိုးရရဲ့ Afghan တို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံရန် အသင့်ရှိနေခြင်းအား ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

Mr. Pompeo က အမေရိကန်ပြည်ထောင်စုရဲ့ စစ်ဖက်ဆိုင်ရာ ပါဝင်ပါတ်သက်မှု တိုးမြှင့်ရေးဆိုင်ရာ နည်းဗျူဟာ ဟာ Taliban တို့ကို ရှင်းလင်းတဲ့ သတင်းပေးချက်တခုပြုခဲ့ပြီး၊ သူတို့တတွေက ကျွန်ုပ်တို့ ထွက်ခွာသွားတဲ့အချိန်အထိ စောင့်နိုင်မယ်မဟုတ်ဘူးလို့ ဖေါ်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ဩဂုတ်လမှာ သမ္မတ Mr. Trump က သူ့ရဲ့ Afghanistan ပေါ်လစီကို ထုတ်ပြန်ကြေငြာခဲ့ပြီး၊ အဲဒီမူဝါဒမှာ လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်မှုတခု၊ အမေရိကန်တပ်သားနောက်ထပ် ၃၀၀၀ ခန့် နေရာချထားရေးနဲ့ စစ်ပွဲမှ တိုးတက်မှုတွေကို အကဲဖြတ်ဘို့အတွက် ကန့်သတ်ချက်တွေကို အခြေခံထားတဲ့ စည်းမျဉ်းတခု ချမှတ်ရေးနဲ့ ဒီအချက်အလက်တွေကို Daesh (IS) စစ်သွေးကြွတွေနဲ့ Al Qaeda တို့ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး စစ်ဆင်မှုမှာလည်း အသုံးချဘို့ ဖေါ်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ Afghan သမ္မတဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာခဲ့ပြီး အရင်းအမြစ် အယူစွဲဝါဒီတွေကို ဆွေးနွေးပွဲများဆီရောက်ရှိလာစေဘို့ လှုံဆော်တဲ့အနေနဲ့ Taliban တို့ကို နိုင်ငံရေးပါတီတခုအဖြစ် အသိအမှတ်ပြုဘို့ ကမ်းလှမ်းခဲ့ပါတယ်။ Afghan သမ္မတဟာ ကန့်သတ်ချက်မရှိတဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေကို ကမ်းလှမ်းခဲ့ပြီး၊ ယခုလိုပြုလုပ်ခြင်းကို သတိကြီးစွာနဲ့ ရှေ့ဆက်ဘို့လိုအပ်ကြောင်း ဖေါ်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့လက Afghan အစိုးရနဲ့ Taliban တို့ဟာ Eid ul Fitr အစ်ပွဲတော်အတွက် ဥပုဒ်စောင့်ရတဲ့ နေ့ရက်တွေမှာ အပစ်အခတ်ရပ်စဲထားဘို့ သဘောတူညီချက်တခု ကြေငြာခဲ့ကြပါတယ်။ ဒီလိုကြေငြာရဒါက တိုက်ပွဲတွေဖြစ်နေချိန်မှာ ပထမဦးဆုံးအကြိမ်အဖြစ် Taliban တို့က ငြိမ်းချမ်းရေးကြေငြာခဲ့ဒါဖြစ်ပါတယ်။ ဒါပေမဲ့ Eid ပွဲတော်အခါသမယအတွင်း သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေငြာပြီးတဲ့နောက် Taliban တို့ဟာ သူတို့ရဲ့ ရှုမြင်ချက်ဖြစ်တဲ့ ကြပ်တည်းသော Islamic ဥပဒေပြန်လည်ချမှတ် ကျင့်သုံးဘို့အတွက် တိုက်ပွဲတွေ စတင်ခဲ့ပြီး၊ Mr. Ghani ရဲ့ ဆွေးနွေးပွဲအတွက် ကမ်းလှမ်းချက်တွေကို ဘေးပယ်ထားကာ၊ နိုင်ငံတကာတပ်ဖွဲ့တွေကို Afghanistan နိုင်ငံမှ ထွက်ခွာသွားကြဘို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအုပ်စုက Kabul အစိုးရက တရားဝင်မဟုတ်ဘူးလို့ ရှုမြင်ကြပြီး၊ Afghan စစ်ပွဲတွေအတွက် အဓိကတာဝန်ရှိတဲ့ အမေရိကန်ပြည်ထောင်စုနဲ့သာ စေ့စပ်ညှိနှိုင်းမှု ပြုမယ်လို့ ဖေါ်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ Afghanistan နိုင်ငံသို့ ခရီးစဉ်ဟာ Afghanistan နိုင်ငံအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာချိန်နဲ့ သူပုန်တွေရဲ့ စိန်ခေါ်ချက်တွေ ဖန်တီးနေတဲ့အချိန် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနိုင်ငံအတွင်းက တိုက်ပွဲတွေဟာ ဆက်လက်ပြီး အရပ်သားများ အသက်ဆုံးရှုံးမှုနဲ့ သူပုန်ထကြွမှုကို နိုင်ငံအတွင်း နေရာအဖြာဖြာတို့မှာ ပေါ်ပေါက်စေခဲ့ပါတယ်။ တချို့အရပ်ဒေသတွေမှာ စင်ပြိုင်ပြည်နယ်ငယ်တွေ ပျိုးထောင်ထားကြပါတယ်။ Mr. Pompeo က ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်တွေကို ပါကစ္စတန်နိုင်ငံကသာ ဦးဆောင်လိမ့်မယ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ဆင်နွှဲကာ သဘောထား ကွဲလွှဲမှုတွေကို ဖြေရှင်းရာ၌ အထောက်အကူပေးလိုကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံအားလုံးတို့မှ ထောက်ခံမှုလည်းလိုအပ်နေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ထိပ်တန်းအကျဆုံး အမေရိကန်သံတမန်ဟာ ပြန်လည်ဆန်းသစ်သော မျှော်လင့်ချက်များအကြား Kabul မြို့ကို လာရောက်လည်ပါတ်ခဲ့ခြင်းက အချိန်အတော်အတန်ကြာကတည်းက တောင်းဆိုလျှက်ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ကို အစပျိုးနိုင်မယ်ဖြစ်သလို ပုန်ကန်ထကြွမှုတို့ကိုလည်း ပေါက်ပွားလာစေနိုင်ကြောင်း ဖေါ်ပြခဲ့ပါတယ်။

Afghanistan နိုင်ငံမှ လှုပ်ရှားနေကြတဲ့ Taliban နဲ့ Daesh တိုက်ပွဲဝင်သူတွေကို ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ပါတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Mr. Pompeo က မကြာမှီကျင်းပမဲ့ Afghan ပါလီမန်လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲဆိုင်ရာ တို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲတွေဟာ နိုင်ငံရေးရပ်တံ့သွားမှုကို လပေါင်းများစွာတည်ရှိစေခဲ့ပြီး၊ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ လူမျိုးအရင်းအမြစ်ဆိုင်ရာ ပြဿနာတွေကို ယခုတိုင် မဖြေရှင်းနိုင်ဘဲ ရှိနေပါတယ်။ Mr. Pompeo ရဲ့ Afghanistan နိုင်ငံသို့ခရီးစဉ်ဟာ ယခုအပါတ်အတွင်း စီစဉ်ထားတဲ့ Saudi Arabia နိုင်ငံမှာ နိုင်ငံတကာ Islamic ပညာရှင်များ ညီလာခံမတိုင်မှီ ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါညီလာခံမှာ ပါဝင်တက်ရောက်ကြသူတွေက Taliban တို့အား ဘာသာရေးနာမည်နဲ့ အဓိကရုဏ်းတွေပြုလုပ်နေခြင်းကို လက်လွှတ်ပြီး၊ Afghan ပြည်တွင်းစစ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာဘို့ရာ တောင်းဆိုကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ Taliban တို့က Jeddah မြို့မှာကျင်းပဘို့ရှိတဲ့ အစည်းအဝေးပွဲကို ပယ်ချလိုက်ပြီး၊ အမေရိကန်ပြည်ထောင်စုက Afghanistan နိုင်ငံမှာ အမေရိကန် စစ်တပ်တွေရှိနေဒါကို တရားမျှတစေဖို့နဲ့ သူပုန်ထကြွမှုတွေ အားနည်းသွားအောင်ပြုလုပ်ဒါဘဲဖြစ်တယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။ နောက်ပြီး Taliban တို့က Kabul မြို့မှ အုပ်ချုပ်သူတွေအတွက် သက်ဆိုင်ရာ အခွင့်အာဏာများ တောင်းဆိုလိုက်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Smita ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။