အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ အဆင့်သတ်မှတ်မှုတို့တွင် ဆဋ္ဌမမြောက် အကြီးမားဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာသည်။

အိန္ဒိယနိုင်ငံသည် ဝန်ကြီးချုပ် Mr Narendra Modi ၏ ဦးဆောင်မှုအောက်တွင် မကြာမီနှစ်များအတွင်း အမေရိကန်ဒေါ်လာ ၅ ထရီလီယံ နှင့် နောက်ထပ် ၁၆ နှစ်ခန့်တွင် ၁၀ ထရီလီယံတန်ဖိုးရှိ စီးပွားရေးနိုင်ငံဖြစ်လာမည်ဟု အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရေးရာဝန်ကြီး Mr Suresh Prabhu က ပြောဆိုလိုက်သည်။ ၂၀၁၇ ခုနှစ်က ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့စီးပွားရေးအင်အားအကြီးနိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံအား ဆဋ္ဌမနေရာ အဖြစ် သတ်မှတ်ဖေါ်ပြခြင်းခံရမှုကို ပြန်လည်ပြောဆိုရာတွင် ယခုလိုတိုးတက်လာရခြင်းမှာ ဖွဲ့စည်းတည်ဆောက်ပုံများ ၊ အခန်းကဏ္ဍများ၊ လူမှုရေးနှင့် စီးပွားရေးများကို ပြုပြောင်းလဲမှုများကြောင့် ဖြစ်သည်ဟု Mr Suresh Prabhu က ပြောသည်။ လာမည့်အနာဂတ်တွင် ဖြစ်ပေါ်တိုးတက်မှုများစွာတို့ကို ပြည်သူများ ဆက်လက်မြင်တွေ့ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ အိန္ဒိယနိုင်ငံသည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးတွင် ပြင်သစ်နိုင်ငံကို အနည်းငယ်ကျော်လွန်ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများတွင် ဆဋ္ဌမနေရာကို ခုန်တက်သွားခြင်းဖြစ်သည်။ ၂၀၁၇ အတွင်း အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂.၅၉၇ ထရီလီယံရှိပြီး ပြင်သစ်နိုင်ငံမှာ ၂.၅၈၂ ထရီလီယံ ရှိခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နေပြီး၊ ဒုတိယနေရာတွင် တရုတ်နိုင်ငံ၊ တတိယနေရာတွင် ဂျပန်နိုင်ငံ၊ စတုတ္ထနေရာတွင် ဂျာမဏီနိုင်ငံနှင့် ပဥ္စမနေရာတွင် ဗြိတိန်နိုင်ငံတို့ အသီးသီးရပ်တည်လျှက်ရှိသည်။