တာလီဘန်တို့သည် အနည်းဆုံး တပ်သား ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့ကို သတ်ဖြတ်လိုက်ကြောင်း အာဖကန် အရာရှိများက ဖော်ပြလိုက်သည်။

တာလီဘန်တို့သည် အာဖကန်နိုင်ငံ Kunduz ပြည်နယ်မြောက်ပိုင်းနှင့် Farah ပြည်နယ် အနောက်ပိုင်းတို့ကို ယမန်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ Kunduz တွင် အစိုးရတပ်သား ၁၅ ဦးနှင့် Farah တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့ သေဆုံးခဲ့ကြသည်။ Balkh ပြည်နယ်အခြေစိုက် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် Mr Mohammad Hanif Rezaie က ပြောရာတွင် တာလီဘန်တိုက်ခိုက်ရေးသမားများသည် အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စစ်တပ်၏ လှုံခြုံရေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြောင်း ပြောသည်။ လေးနာရီကြာ ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်သား ၁၅ ဦးနှင့်အတူ တပ်သား ၁၃ ဦးတို့လည်း ဒါဏ်ရာရရှိခဲ့သည်။ ပြည်နယ်ကောင်စီဥက္ကဌ Mr Mohammad Yosuf Ayubi က ပြောဆိုရာတွင် တပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းပြောသည်။ Farah တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် တာလီဘန်တို့သည် ရဲစစ်ဆေးရေးဂိတ်ကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ် Mr Mohammad Naser Mehri က ပြောသည်။ အဆိုပါတိုက်ခိုက်မှုနှစ်ခုစလုံးတွင် နယ်မြေစခန်း သိမ်းပိုက်ရရှိကြောင်း တာလီဘန်တို့ဖက်မှ ထုတ်ဖေါ်ကြေငြာခြင်းမရှိသေးသော်လည် အဆိုပါပြည်နယ်နှစ်ခုနှင့် အာဖကန်နိုင်ငံနေရာအနှံ့အပြားတို့တွင် တာလီဘန်တို့၏ တိုက်ခိုက်မှုများသည် လတ်တလောတွင် တိုးမြှင့်လာခဲ့သည်။ အာဖကန်နိုင်ငံသမ္မတ Mr Ashraf Ghani သည် ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တာလီဘန်တို့ဖက်က ငြင်းပယ်ခဲ့သည်။ နေတိုးအဖွဲ့ဝင် ခေါင်းဆောင်များသည် အာဖကန်အရေးကိစ္စနှင့်ပါတ်သက်ပြီး Brussels မြို့တွင် ယနေ့တွေ့ဆုံးဆွေးနွေးသွားရန်ရှိသည်။