ခတ္တမန္ဓုမြို့နှင့် ဗုဒ္ဓဂါယာမြို့တို့အကြား ဘတ်စ်ကား ဝန်ဆောင်ပြေးဆွဲမှု စတင်လိုက်ပြီဖြစ်သည်။

ပထမဦးဆုံးဖြစ်သည့် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဓုမြို့မှ အိန္ဒိယနိုင်ငံ Bihar ပြည်နယ်ရှိ ဗုဒ္ဓဂါယာမြို့ အထိပြေးဆွဲသည့် ဘတ်စကားဝန်ဆောင်ပြေးဆွဲမှုကို စတင်လိုက်ပြီဖြစ်သည်။ အဆိုပါဘတ်စကားဝန်ဆောင်ပြေးဆွဲမှုကို ယမန်နေ့ ညနေပိုင်းက ခတ္တမန္ဓုမြို့တွင် နီပေါနိုင်ငံ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Mr Raghubir Mahaseth နှင့် နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr Manjeev Singh Prui တို့ ပူးတွဲဖွင့်လှစ်ပေးခဲ့သည်။ လေအေးစက်တပ်ဆင်ထားသော ထိုင်ခုံ ၄၅ လုံးပါ ဇိမ်ခံ ဘတ်စကားသည် ကီလိုမီတာ ၆၆၀ ကွာဝေးသည့် ခတ္တမန္ဓုမြို့နှင့် ဗုဒ္ဓဂါယာမြို့ ခရီးစဉ်ကို ၁၆ နာရီအတွင်း ခရီးဆိုက်ရောက်အောင် မောင်းနှင်မည်ဖြစ်သည်။ ဘတ်စကားသည် နေ့စဉ်ည ၇ နာရီတွင် ခတ္တမန္ဓုမြို့မှ စတင်ထွက်ခွာပြီး နောက်တနေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဗုဒ္ဓဂါယာမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ဘတ်စကားခ လက်မှတ်တစ်စောင်လျင် ရူပီးငွေ ၁,၂၅၀ ကျရောက်မည်ဖြစ်ပြီး၊ အဆိုပါစီမံကိန်းသည် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Mr Narendra Modi ၏ နီပေါနိုင်ငံသို့ သွားရောက်လည်ပါတ်စဉ် လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံပြည်သူအချင်းချင်း ဆက်ဆံရေးများတိုးတက်စေရန် လွတ်လပ်စွာခရီးသွားလာမှုကို ထောက်ပံ့ပေးမည့် ခရီးသည်များဆိုင်ရာ မော်တော်ကားသွားလာရေး သဘောတူညီချက်စာချုပ်တွင် တစ်ခုအပါအဝင် ဖြစ်သည်။ ခတ္တမန္ဓုမြို့မှ ဗုဒ္ဓဂါယာမြို့ ဘတ်စကားဝန်ဆောင်ပြေးဆွဲမှုသည် နီပေါနိုင်ငံမှ အိန္ဒိယနိုင်ငံထဲသို့ ပြေးဆွဲသည့် ပဥ္စမမြောက် ဝန်ဆောင်ပြေးဆွဲမှုဖြစ်သည်။ ခတ္တမန္ဓုမြို့မှ နယူးဒေလီနှင့် Varanasi ၊ Mahendranagar မှ နယူးဒေလီအထိ နှင့် Pokhara မှ နယူးဒေလီအထိ ဘတ်စကားဝန်ဆောင်ပြေးဆွဲမှုများ ရှိနှင့်ပြီးသားဖြစ်သည်။ ဆဋ္ဌမမြောက် ဘတ်စကားဝန်ဆောင်ပြေးဆွဲမှုဖြစ်သည့် Janakpur နှင့် Patna မြို့ကြား ခရီးစဉ်သည် လာမည့် တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်သည်။