အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုးရီးယားနိုင်ငံတို့သည် Trump-Kim ထိပ်သီး ဆွေးနွေးပွဲမတိုင်မှီ တွေ့ဆုံရန်ရှိကြောင်း။

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုးရီးယားနိုင်ငံတို့သည် စီမံထားသော ၎င်းတို့၏ ခေါင်းဆောင်များ၏ ဗီယက်နမ်နိုင်ငံ၌ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲမတိုင်မှီ ယခုလအတွင်း အမည်မဖေါ်ပြသော အာရှနိုင်ငံတနိုင်ငံ၌ တွေ့ဆုံကြလိမ့်မည်ဖြစ်ကြောင်း လွန်ခဲ့သော တနင်္ဂနွေနေ့က တောင်ကိုးရီးယားအရာရှိများက ဖေါ်ပြခဲ့ကြသည်။ တောင်ကိုးရီးယားနိုင်ငံသမ္မတရုံးသည် အဆိုပါ နောက်ဆက်တွဲ အမေရိကန်ပြည်ထောင်စု-မြောက်ကိုးရီးယားတွေ့ဆုံပွဲကို လာမည့်အပါတ်အတွင်း ကျင်းပဖွယ်ရှိသည်ဟု ဖေါ်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ မြောက်ကိုးရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် Mr Stephen Biegun သည် လွန်ခဲ့သောအပါတ်က ဗီယက်နမ်ထိပ်သီးဆွေးနွေးပွဲ၏ အသေးစိတ်များကို စေ့စပ်ညှိနှိုင်းရန် ပြုံယမ်းမြို့သို့ ရောက်ရှိခဲ့သည်။ သမ္မတရုံးတော်သည် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုးရီးယားနိုင်ငံတို့က Mr Biegun ၏ ပြုံယမ်းမြို့ခရီးစဉ်ကို ၎င်းတို့လိုလားသော တဦးတဖက်စီမှ ခိုင်မာသည့်ခြေလှမ်းများအား ရှင်းလင်းဖေါ်ပြရန် အခွင့်လမ်းတခုဖြစ်သည်ဟု ဖေါ်ပြခဲ့ကြောင်း။