နယူးဇီလန်နိုင်ငံရှိ ဗီလီနှစ်ခုအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် အယောက် ၄၀ သေဆုံးခဲ့သည်။

နယူးဇီလန်နိုင်ငံ Christchurch မြို့အတွင်းရှိ အစ္စလာမ်ဘာသာ ဗလီနှစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတက်ရောက်လျှက်ရှိသော များပြားသည့် လူအုပ်ကြီးအား သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူအယောက် ၄၀ သေဆုံးသွားသည်။ နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် Mrs Jacinda Ardern က သေဆုံးသူဦးရေကို အတည်ပြုခဲ့ပြီး၊ အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် တိုင်းပြည်၏ အဆိုးဝါးဆုံးကာလများတွင် တခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အစွန်းရောက်ဝါဒနှင့် မကြုံဖူးသည့် ယင်းကဲ့သို့သော အကြမ်းဖက်မှုမှာ တိုင်ပြည်တွင်နေရာမရှိကြောင်း အဆိုပါတိုက်ခိုက်မှုအား ရှုတ်ချလိုက်ခြင်းနှင့်အတူ ၎င်းကပြောကြားခဲ့သည်။ နယူးဇီလန်ရဲများ၏အဆိုအရ အဆိုပါပစ်ခတ်မှုနှင့်ဆက်စပ်မှုရှိသူ ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး၊ မပေါက်ကွဲသေးသော ဗုံးများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဖြုတ်သိမ်းနိုင်ခဲ့ကြောင်း ပြောသည်။ လွတ်မြောက်နေဆဲသေနတ်သမားအား မြို့ကိုပိတ်ဆို့ထားပြီး ရဲများက အပူတပြင်းလိုက်လံရှာဖွေနေဆဲဖြစ်သည်။ လုံခြုံရေးအခြေအနေမှာ ဆက်ပြီးအန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ရဲများကပြောဆိုထားပြီး၊ ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သူ အရေအတွက်ကိုမှု ရှင်းလင်းစွာမသိရှိရသေးပေ။ နယူးဇီလန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမှ အဆိုပါပစ်ခတ်တိုက်ခိုက်မှုသတင်းကြောင့် တုန်လှုပ်ခြောက်ခြားရပြီး၊ အိန္ဒိယနိုင်ငံသားများ အကူအညီလိုအပ်ပါက ဖုန်းနံပါတ် ၀၂၁၈၀၃၈၉၉ နှင့် ၀၂၁၈၅၀၀၃၃ သို့ခေါ်ဆိုပြီး အိန္ဒိယသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း ပြောဆိုထားသည်။ နယူးဇီလန်နိုင်ငံအသင်းနှင့် Test ခရစ်ကက်ပွဲစဉ် ယှဉ်ပြိုင်ကစားရန် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်ကစားသမားများမှာ ၎င်းတို့တည်းခိုသည့်ဟိုတယ်တွင် ဆက်လက်ရှိနေပြီး၊ တတိယအကြိမ်နှင့် နောက်ဆုံး Test ပွဲစဉ်အား စနေနေ့တွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သော်လည်း နှစ်နိုင်ငံယှဉ်ပြိုင်ကစားမည့်ပွဲကို ရပ်ဆိုင်းထားလိုက်သည်။ နိုင်ငံတကာခရစ်ကက်ကောင်စီသည် အဆိုပါ Test ပွဲစဉ် ရပ်ဆိုင်းလိုက်ခြင်းအား ထောက်ခံလိုက်သည်။