ဗြိတိန်နိုင်ငံ ဥပဒေပြုအမတ်များသည် Brexit ဆိုင်ရာ အချိန်ဆိုင်းငံ့ထားရေးကို ထောက်ခံမဲ ပေးလိုက်ကြသည်။

ဗြိတိန်နိုင်ငံ ဥပဒေပြုအမတ်များသည့် ယခုလ ၂၉ ရက်နေ့နောက်ဆုံးထားပြီး အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ရေးအချိန်ကို ဆိုင်းငံ့ထားရေးအဆိုပါပြုချက်အား ယမန်နေ့ညတွင် မဲပေးခဲ့ကြပြီး ထောက်ခံမဲ ၄၁၂ မဲ၊ ကန့်ကွက်မဲ ၂၀၂ မဲတို့ဖြင့် အတည်ပြုလိုက်သည်။ ဥပဒေပြုအမတ်များသည် ပြန်လည်ဆိုင်းငံ့ထားသည့်အချိန်အတွင်း နောက်ထပ် ဆန္ဒခံယူပွဲကျင်းပမည့်အဆိုကိုမူ ပယ်ချလိုက်သည်။ အီးယူအဖွဲ့မှ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရေး သတ်မှတ်ထားသည့် နောက်ဆုံရက်အား ဆိုင်းငံ့ထားခြင်းနှင့်ပါတ်သက်ပြီး အတည်ပြုနိုင်ရန်မှာ ကျန်အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံတို့မှ ကန့်ကွက်သူမရှိ သဘောတူဆုံးဖြတ်ရန်လိုအပ်နေသေးပြီး၊ အဖွဲ့ဝင် ၂၈ နိုင်ငံစလုံးမှ အချိန်ကန့်သတ်မှုအား ပြန်လည်တိုးချဲ့ရာတွင် စည်းမျဉ်းများကို ရေးဆွဲချမှတ်နိုင်မည်ဖြစ်သည်။ အီးယူကောင်စီဥက္ကဌ Mr Donald Tusk က ပြောကြားရာတွင်၊ အကယ်၍ ဗြိတိန်နိုင်ငံက ၎င်း၏ အီးယူအဖွဲ့မှ ခွဲထွက်ခြင်း လုပ်ဆောင်မည့် နည်းလမ်းနှင့် အများဆန္ဒကိုချမှတ်ခြင်းတို့တွင် ပြန်လည်ပြုပြင်လိုပါက အီးယူအဖွဲ့အနေဖြင့် ခွဲထွက်ရန်နောက်ဆုံးရက် သတ်မှတ်မှုအား အချိန်ကြာမြင့်စွာ ခွင့်ပြုပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ယမန်နေ့ညက မဲပေးဆုံးဖြတ်ချက်သည် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့၌ သဘောတူညီမှုတစ်စုံတစ်ရာမရှိဘဲ ဥရောပသမဂ္ဂအဖွဲ့မှခွဲထွက်ရေး အဆိုအား ပါလီမန်တွင် ပယ်ချခဲ့ပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Mrs May သည် လာမည့်အပတ်တွင် မဲခွဲဆုံးဖြတ်မှုတွင် မဲအပြတ်အသတ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ကျဆုံးခဲ့သည့် ၎င်း၏သဘောတူညီမှုစာချုပ်အဆိုအားအတည်ပြုနိုင်ရန် တတိယအကြိမ်မြောက် တဖန်ပြန်ပြီး ကြိုးစားလိမ့်မည်ဖြစ်သည်။ ဥရောပသမဂ္ဂအဖွဲ့မှ နှုတ်ထွက်ရန် ဗြိတိန်နိုင်ငံသည် ၂၀၁၆ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲတွင်း မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။