အချိန်အခက်အခဲကာလအတွင်းမှ အိန္ဒိယ-အမေရိကန်ပြည်ထောင်စုတို့၏ တွေ့ဆုံဆွေးနွေးမှု

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Prof. Chintamani mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အချိန်အခက်အခဲကာလအတွင်းမှ အိန္ဒိယ-အမေရိကန်ပြည်ထောင်စုတို့၏ တွေ့ဆုံဆွေးနွေးမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား လုံခြုံရေးနှင့် မဟာဗျူဟာရေးဆိုင်ရာ နဝမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေကို ၂ နိုင်ငံတို့အကြား ဖြေရှင်းဖို့စောင့်ဆိုင်းနေကြတဲ့ ခက်ခဲလှတဲ့ အရေးကိစ္စတွေရဲ့အလယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အီရန်နှင့် ရုရှားနိုင်ငံတို့အပေါ် ဆန့်ကျင် ပိတ်ဆို့အရေးယူမှု၊ Trump အုပ်ချုပ်ရေးအစိုးရက အိန္ဒိယနိုင်ငံကို ပေးအပ်ထားတဲ့ အခွင့်အလမ်းတွေ ဆက်လက်ပေးအပ်ရန် လိုအပ်နေမှု၊ အိန္ဒိယနိုင်ငံကို GSP ခေါ် ဦးစားပေးမှုဆိုင်ရာ စာရင်းသွင်းမှုစနစ်ကနေဖယ်ရှားဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်၊ ဗင်နီဇွဲလားနိုင်ငံကနေ ရေနံစိမ်း ဝယ်ယူမှုမပြုဖို့အတွက် အိန္ဒိယနိုင်ငံအပေါ် တောင်းဆိုနေမှု၊ ကုန်သွယ်ရေးရာ ပဋိပက္ခဆက်လက်ဖြစ်ပွားနေမှုနှင့် H1B ဗီဇာဆိုင်ရာ ဆိုင်းငံ့ကျန်ရှိနေတဲ့ ဖြေရှင်းဆုံးဖြတ်ချက်ချမှတ်ရေးတို့ဟာ အရေးပါလှတဲ့ ဆောင်ရွက်လုပ်ကိုင်ရမယ့် အရေးကိစ္စအချို့တို့ ဖြစ်ကြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Mr. Vijay Gokhale ရဲ့ မကြာသေးမီက ဝါရှင်တန် ဒီစီမြို့သို့ခရီးစဉ်ဟာ အလားတူအဆင့် အမေရိကန်အရာရှိတွေနှင့်အတူ အထူးသဖြင့် လက်နက်ထိန်းချုပ်ရေးနှင့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဒုလက်ထောက်အတွင်းဝန် မစ် Andrea Thompson နှင့်အတူ နှစ်နိုင်ငံလုံခြုံရေးနှင့် မဟာဗျူဟာရေးဆိုင်ရာ ယခုလက်ရှိ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပဲ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စစ်လက်နက်ပစ္စည်း လျှော့ချရေးနှင့် နိုင်ငံတကာ လုံခြုံရေးဌာန ပူးတွဲအတွင်းဝန် Mr. Indra Mani Pandey ဟာ အမေရိကန်ပြည်ထောင်စု လက်နက် ထိန်းချုပ်ရေး၊ စစ်ဆေးအတည်ပြုရေးနှင့် လိုက်လျောညီထွေရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Dr. Yleem D.S. Poblete နှင့်အတူ အမေရိကန်-အိန္ဒိယ အာကာသရေးရာ တတိယအကြိမ် ဆွေးနွေးမှုမွဲအတွက် ပူးတွဲကြီးမှူးကျင်းပဖို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့ကို သွားရောက်ခဲ့ပါတယ်။

အင်ဒို-အမေရိကန် နဝမအကြိမ် ဆွေးနွေးပွဲဟာ ချစ်ကြည်ရင်းနှီးပျူငှာတဲ့ အခြေအနေတွေမှာ ပေါ်ပေါက်ခဲ့ပြီး ကျယ်ပြန့်လှတဲ့ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကာ ဆွေးနွေးမှုတွေမှာဆိုရင် အနုမြူလက်နက်ပြန့်ပွားမှု တားမြစ်ရေး၊ ယင်းကဲ့သို့လက်နက်များကို အကြမ်းဖက်သမား အဖွဲ့အစည်းများ လက်ခံရရှိမှုဟန့်တားရေး၊ အိန္ဒိယနိုင်ငံအတွင်း အမေရိကန် အနုမြူ ဓာတ်ပေါင်းဖိုများ တည်ဆောက်ရာမှတဆင့် အရပ်ဖက်သုံး အနုမြူရေး ပူးပေါင်းဆောင်ရွက်မှု နောက်ထပ် တိုးမြှင့်ရေးနှင့် အနုမြူ ပံ့ပိုးသူများအဖွဲ့မှာ အိန္ဒိယနိုင်ငံ အဖွဲ့ဝင်ဖြစ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ဆက်လက် ထောက်ခံရေးတို့ ပါဝင်ကြပါတယ်။

ဆွေးနွေးမှုဟာ Jammu နှင့် Kashmir ပြည်နယ်၊ Pulwama ဒေသအတွင်း CRPF တပ်ဖွဲ့ရဲ့ ယာဉ်တန်းတစ်ခုကို ပါကစ္စတန်နိုင်ငံအခြေစိုက် Jaish-e-Mohammad အကြမ်းဖက်သမားအုပ်စုရဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်သူတစ်ဦးက တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ Trump အုပ်ချုပ်ရေးအဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုကို ပြတ်သားစွာ ရှုတ်ချခဲ့ပြီး ပါကစ္စတန်နိုင်ငံရဲ့ နယ်နိမိတ်အတွင်း အကြမ်းဖက်သမား လှုပ်ရှားမှုအားလုံးအပေါ် ၎င်းနိုင်ငံက အပြင်းအထန် အရေးယူလုပ်ဆောင်သွားဖို့ တောင်းဆိုခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးထားတဲ့ F-16 လေယာဉ်ကို အိန္ဒိယနိုင်ငံအားဆန့်ကျင်လျှက် တရားမဝင်အသုံးပြုမှုအတွက် ဒီနိုင်ငံကို သတိပေးခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ လုံခြုံရေးနှင့် ဗျူဟာရေးဆိုင်ရာ ကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်အတွင်း သီးခြားဖြစ်ပွားမှုတွေကို ဖော်ပြထားခြင်းမရှိပေမယ့်လည်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ F-16 လေယာဉ်ကို ပါကစ္စတန်နိုင်ငံက လွဲမှားအသုံးပြုမှုဆိုင်ရာ သက်သေအထောက်အထား ပေးအပ်သွားလိမ့်မယ်လို့ အနည်းငယ် ယူဆရပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့လုပ်ဆောင်ချက်ဟာ ပါကစ္စတန်နိုင်ငံရဲ့ နယ်နိမိတ်ဒေသ အသီးသီးတို့အတွင်းတည်ရှိတဲ့ အကြမ်းဖက်သမားအုပ်စု အမျိုးမျိုးတို့အတွက် တိတ်တဆိတ် ပံ့ပိုးရေးပေါ်လစီကနေ စွန့်လွတ်ဖို့အတွက် ဒီနိုင်ငံကို တားမြစ်နေရာမှာ ပြည့်စုံလုံလောက် အရာရောက်မှုမရှိ ဖြစ်နေခဲ့ပါတယ်။ Pulwama ဖြစ်ရပ်နှင့် အာဖကန်နစ္စတန်နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်သမား တိုက်ခိုက်မှုတွေဟာ တောင်အာရှဒေသအတွင်း အိန္ဒိယနှင့် အမေရိကန်တို့ရဲ့ အကျိုးစီးပွားတွေကိုဆန့်ကျင်လျှက် အကြမ်းဖက်ဝါဒအပေါ် ကိုင်တွယ်ရာမှာ ပါကစ္စတန်နိုင်ငံရဲ့ ကြံရာပါ ကျူးလွန်နေမှုအတွက် ရှင်းလင်းလှတဲ့ သက်သေသာဓကတွေ ဖြစ်ကြပါတယ်။

အိန္ဒိယနိုင်ငံဘက်ကတော့ တောင်အာရှဒေသအတွင်း အကြမ်းဖက်ဝါဒ ကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အရေးကိစ္စကို ဖော်ပြသွားရမှာဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒဆိုင်ရာ ခြောက်လှန့်မှုဟာ တရုတ်နိုင်ငံရဲ့ Xinjiang ပြည်နယ်ဒေသအတွင်း တိုးများလာလျှက်ရှိနေပြီး ပီကင်းအစိုးရဟာ Masood Azhar ကို “ကုလသမဂ္ဂမှ သတ်မှတ်ထားတဲ့ အကြမ်းဖက်သမား” တစ်ဦးအဖြစ် ၎င်းကိုသတ်မှတ်ဖို့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရှေ့မှောက်သို့ ဆောင်ကြဉ်းရာမှာ အကြိမ်ကြိမ် ပိတ်ဆို့နေခဲ့ပါတယ်။

နောက်ထပ်ဖြေရှင်းဖို့လိုအပ်နေတဲ့ အရေးကိစ္စတစ်ရပ်ကတော့ အင်ဒို-အမေရိကန် ကုန်သွယ်ရေးနှင့် ပတ်သက်ပါတယ်။ ၂ နိုင်ငံတို့အကြား ကုန်သွယ်ရေး ကွဲပြားမှုတွေဟာ ၂ နိုင်ငံ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရာ ပူးပေါင်းဆောင်ရွက်မှုရှိနေဖို့အတွက် အရေးတကြီး ဖြေရှင်းသွားဖို့ လိုအပ်လျှက်ရှိပါတယ်။ Trump အုပ်ချုပ်ရေးအဖွဲ့ဟာ စတီးနှင့် ဒန်သတ္တုတွေအပေါ် တဖက်သတ် စည်းကြပ်ခွန် တိုးမြှင့်ခဲ့ပြီး H1B ဗီဇာဆိုင်ရာ တင်းကြပ်မှုတွေ ဖြည့်စွက်ခဲ့ကာ ဉာဏပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု မူပိုင်ခွင့်နှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံကို တွန်းပို့နေတဲ့အပြင် ယခုအခါ အိန္ဒိယနိုင်ငံကို GSP ဦးစားပေးမှုစာရင်းကနေ ဖယ်ရှားဖို့အထိ ဖြစ်လာခဲ့ပြီး ဒါတွေဟာ အမေရိကန်ပြည်ထောင်စုသို့ အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်တန်ဖိုးရှိတဲ့ ပြည်ပတင်ပို့မှုတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။

ဒီအရေးကိစ္စအားလုံးတို့ဟာ အချိန်မီဖြေရှင်းဖို့အတွက် ရင့်ကျင်မှုရှိတဲ့ ဆွေးနွေးမှုတွေ လိုအပ်နေပါတယ်။ စီးပွားရေးနှင့် လုံခြုံရေးကိစ္စရပ်တွေဟာ ဒီကနေ့ ခေတ်ပြိုင်ကမ္ဘာကြီးရဲ့ အခြေအနေတွေမှာ သင်္ကေတ လက္ခဏာတစ်ရပ်အဖြစ် အလျင်အမြန် တိုးများဖြစ်ပေါ်လာနေတာကြောင့် အင်ဒို-အမေရိကန် လုံခြုံရေးနှင့် ဗျူဟာရေး ဆွေးနွေးမှုတွေနောက်မှာ စီးပွားရေးနှင့် လုံခြုံရေးရာ ဆွေးနွေးမှုတစ်ရပ်လည်း နောက်ဆက်တွဲ ပြုလုပ်သွားရမှာဖြစ်ပါတယ် စသဖြင့် ဆောင်းပါးရှင် ပါမောက္ခ Chintamani mahapatra ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။