အမေရိကန် သံအဖွဲ့ဝင်အားလုံးတို့သည် ဗင်နီဇွဲလားနိုင်ငံမှ ထွက်ခွာလာကြပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြလိုက်သည်။

ဗင်နီဇွဲလားနိုင်ငံတွင်ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခ ပိုမိုဆိုးဝါးလာနေသည့်အတွက် မြို့တော် Caracas ရှိ သံရုံးတွင် ကျန်ရှိနေသေးသော သံအဖွဲ့ဝင်အားလုံးကို ပြန်လည်ခေါ်ယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားလိုက်သည်။ အမေရိကန်အစိုးရသည် ၎င်း၏မစ်ရှင်ဖြစ်သည့် ဗင်နီဇွဲလားပြည်သူများ၏ ဒီမိုကရေစီစနစ်အတွင်းနေထိုင်နိုင်ရေးနှင့် ၎င်းတို့၏မိသားစုများအတွက် ကောင်းမွန်သည့်အနာဂါတ် တည်ဆောက်နိုင်ရေးတို့အတွက် ထောက်ပံ့ကူညီရေးတို့ကို အပြည့်အဝလုပ်ဆောင်ခဲ့ပြီး၊ ယခုအချိန်တွင် ဗင်နီဇွဲလားနိုင်ငံတွင် ကျန်ရှိနေသေးသော အမေရိကန်သံအဖွဲ့ဝင်အားလုံး နိုင်ငံအတွင်းမှ ထွက်ခွားသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Mike Pompeo က ပြောဆိုထားသည်။ ဗင်နီဇွဲလားနိုင်ငံအတွင်း စီးပွားရေးအကြပ်အတည်းပြဿနာပေါ်ပေါက်ခဲ့ခြင်းက နိုင်ငံ၏အတိုက်အခံခေါင်းဆောင် Mr Juan Guaido အား ရှေ့တန်းသို့ ပိုမိုမြင့်တင်ပေးခဲ့ပြီး၊ ၎င်းက လွန်ခဲ့သောဇန်နဝါရီလတွင် မိမိကိုယ်ကို ကြားဖြတ်နိုင်ငံ့ခေါင်းဆောင်အဖြစ် ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စုအစိုးရသည် ဗင်နီဇွဲလားပြည်သူနှင့် ကြားဖြတ်သမ္မတ Juan Guaido အား အဆင့်အားလုံးတို့တွင် ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ထောက်ခံနေမည်ဖြစ်ကြောင်း Mike Pompeo က ပြောကြားခဲ့သည်။ ပြဿနာများနှင့်ရင်ဆိုင်နေရသည့် ဗင်နီဇွဲလားနိုင်ငံသမ္မတ Mr Nicolas Maduro ဦးဆောင်သည့် လက်ဝဲယိမ်းအစိုးရ၏ အဓိကအသက်သွေးကြောဖြစ်သည့် ရေနံထုတ်လုပ်ရောင်းချမှုကို ထိခိုက် အကြပ်ရိုက်စေမည့် ပိတ်ဆို့မှုများကို အမေရိကန်နိုင်ငံက ချမှတ်ထားခဲ့ပြီးဖြစ်သည်။