အထွက်အမြတ်ထားရာ Data Darbar ဗိမာန်အား အသေခံတိုက်ခိုက်မှု

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်နိုင်ငံအရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “အထွက်အမြတ်ထားရာ Data Darbar ဗိမာန်အား အသေခံတိုက်ခိုက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

Ramadan ဥပုသ်လရဲ့ ဒုတိယမြောက်နေ့မှာ Lahore မြို့ရဲ့ ထင်ရှားကျော်ကြားလှတဲ့ Sufi အထွက်အမြတ်ထားရာ Data Darbar ဗိမာန်ကိုတိုက်ခိုက်မှုဟာ လူ ၁၀ ဦးသေဆုံးစေခဲ့ပြီး အခြားသူ ၂၅ ဦးကျော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ ဒီဖြစ်ရပ်က ပါကစ္စတန်နိုင်ငံအနေနှင့် လက်ရှိအချိန်မှာ ၎င်းတို့ရဲ့နိုင်ငံကိုယ်၌အတွက်လည်း ခြောက်လှန့်လာနေပြီဖြစ်တဲ့ အကြမ်းဖက်သမား အုပ်စုတွေကို ခိုလှုံခွင့်ပေးထားဆဲဖြစ်တယ်ဆိုတဲ့ နောက်ထပ် ထိတ်လန့်ဖွယ် သတိပေးချက်တစ်ရပ်ဖြစ်ပါတယ်။ ဒီအသေခံ ဗုံးခွဲတိုက်ခိုက်မှုဟာ Ramadan ဥပုသ်လအတွင်း ကိုးကွယ်ယုံကြည်သူ ဝင်ထွက်သွားလာမှု တိုးများလာတာကြောင့် ဗိမာန်ကိုစောင့်ရှောက်ဖို့ တာဝန်ပေးထားတဲ့ အထူးလက်ရွေးစင် လုံခြုံရေးတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်သမာတွေက Sufi အထွက်အမြတ် ဗိမာန်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ Sehwan မြို့မှ Lal Shahbaz Qalandar ဗိမာန်၊ Pakpattan မြို့မှ Baba Farid ဗိမာန်နှင့် Karachi မြို့မှ Abdullah Shah Ghazi ဗိမာန်တို့လို အထွက်အမြတ်ဒေသတွေကိုလည်း ယခင်အတိတ်ကာလက တိုက်ခိုက်မှုတွေ ရှိခဲ့ကြပါတယ်။ Sufi ဗိမာန်တွေရဲ့ သဘောသဘာဝဟာ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေဖြစ်တယ်လို့ ယူဆထားကြတဲ့ အကြမ်းဖက်သမားအုပ်စုတွေအတွက် လွယ်လင့်တကူ ပစ်မှတ်တွေ ဖြစ်စေခဲ့ပါတယ်။ ပါကစ္စတန် တာလီဘန်တွေ၊ Lashkar-e-Jhangvi နှင့် ဒေသခံ တာလီဘန်တို့ရဲ့ ဂိုဏ်းခွဲလို့ဆိုရမယ့် Hizbul Ahrar တို့လို ပါကစ္စတန်နိုင်ငံအတွင်းမှ အကြမ်းဖက် အုပ်စုတွေဟာ Sufi ဗိမာန်အားလုံးတို့ကို ဘုရားတရား ကိုးကွယ်ယုံကြည်မှု လွဲမှားနေတယ်လို့ စွပ်စွဲထားတဲ့အပြင် ဒီလိုဗိမာန်တွေအပေါ် အာဃာတ အမုန်းပွားမှုတွေထားရှိပြီး အဲဒီအလေ့အထတွေဟာ ၎င်းတို့ရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာတရားနှင့် ကိုက်ညီမှုမရှိဘူးလို့ သတ်မှတ်ထားကြတာကြောင့် ယခုနောက်ဆုံးသော Data Darbar ဗိမာန်တွေကို ဗုံးခွဲတိုက်ခိုက်မှုအတွက် ၎င်းတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Data Darbar ဗိမာန်ဟာ တောင်အာရှဒေသအတွင်း အကြီးမားဆုံး Sufi အထွက်အမြတ်ဖြစ်ပြီး ခုနှစ်သက္ကရာဇ် ကုန်ဆုံးမှုကာလအတွင်း ဒီဗိမာန်တွေရဲ့ Urs လို့ခေါ်တဲ့ အခမ်းအနား နှစ်စဉ် ကျင်းပမှုတွေက ၃ ရက်ကြာမြင့်ကာ အဲဒီအခမ်းအနားနေ့ရက်အတွင်းမှာတော့ ရှီးယားနှင့် ဆူနီ နှစ်မျိုးစလုံးပါရှိတဲ့ ပါကစ္စတန်နိုင်ငံတဝှမ်းမှ ကိုးကွယ်ယုံကြည်သူတွေဟာ ပွဲတော်တွေမှာ ပါဝင်ကြဖို့အတွက် အထွက်အမြတ်ဒေသတွေမှာ စုရုံးရောက်ရှိကြလေ့ရှိပါတယ်။ Data Darbar ဗိမာန်တွေဟာ စုရုံးရောက်ရှိလာကြသူတွေအကြား အထွက်အမြတ်ဒေသတစ်ခုအဖြစ် သတ်မှတ်ကြဖို့ နိုင်ငံရေးသမားတွေအပါအဝင် ပါကစ္စတန်နိုင်ငံအတွင်း ဩဇာရှိသူတွေ သွားရောက်လေ့ရှိတာကြောင့် ဒီဗိမာန်တွေရဲ့ သွင်ပြင်လက္ခဏာနှင့် ပျံ့နှံ့တည်ရှိနေတဲ့ ကိုးကွယ်ယုံကြည်ကြသူတွေကြောင့် ဒီနေရာမှာဖော်ပြဖို့ သက်ဆိုင်လာပါတယ်။ သီတင်းပတ် ၁ ပတ်ကြာ အာမခံနှင့်လွတ်လာတဲ့ Nawaz Sharif ဟာ ဒီတိုက်ခိုက်မှုမဖြစ်မီ ၂ ရက်အလိုက Data Darbar ဗိမာန်ကို သွားရောက်ခဲ့ပါသေးတယ်။ အဲဒီလိုသွားရောက်မှုကို PML-N ခေါ် ပါကစ္စတန် မူဆလင် လိဂ်နှင့် Nawaz တို့ ပြန်လည်ပေါ်ပေါက်လာမှု ပြယုဂ်တစ်ခုအဖြစ်နှင့် တနည်းအားဖြင့် ဒါဟာ ပိုမိုပီပြင်ထင်ရှားလာတဲ့ အင်အားပြသမှုအဖြစ် ပါကစ္စတန်နိုင်ငံအတွင်းမှ လေ့လာသုံးသပ်သူ များစွာတို့က ရှုမြင်နေကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အထွက်အမြတ်ထားရာ ဒေသတွေရဲ့လုံခြုံမှုဟာ နိုင်ငံအတွက် အရေးပါလာခဲ့ပါတယ်။ လုံခြုံရေး တပ်သားတွေနှင့် ဥပဒေ ဖော်ဆောင်သူတွေကိုတော့ နိုင်ငံရဲ့ ဝိသေသတွေအဖြစ် သတ်မှတ်ထားတာကြောင့် အဓိက ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

ကျော်ကြားတဲ့ Sufi ဗိမာန်စောင့် အထူးတပ်ဖွဲ့ကိုပစ်မှတ်ထားတာဟာ အလွန် အရေးပါမှုရှိပြီး အဲဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကတော့ ပါကစ္စတန်နိုင်ငံအတွက် အကြမ်းဖက်သမားတွေဟာ သက်ဝင်လှုပ်ရှားနေကြဆဲဖြစ်ပြီး ကိုယ်ပိုင် ကိုးကွယ်ယုံကြည်မှုနည်းဟန်ကို သွန်သင်နေကြတဲ့ Sufi ဗိမာန်တွေကို ဆက်လက်ပြီး ပစ်မှတ်ထားရှိသွားမယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဒီအပြင် Data Darbar ဗိမာန်ဟာ ကိုးကွယ်ယုံကြည်ကြသူတွေက သီချင်းတေးသွားတွေ စီးဆင်းပြီး ရောင်စုံ တေးဂီတနှင့် ကခုန်ပွဲတွေ ပြုလုပ်ကျင်းပမှုကြောင့် လူသိများထင်ရှားနေကာ အဲဒီလို တေးသွားတွေကိုတော့ အစွန်းရောက်သမား အုပ်စုအများစုတို့က အစ္စလာမ္မစ် နည်းလမ်းမကျဘူးလို့ ယူဆထားကြပါတယ်။ ယခုတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်ကလည်း လူသေဆုံးမှုအများဆုံး အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး ယုံကြည်သူ ၅၀ ကျော်တို့ သေဆုံးခဲ့ကာ အခြားသူ ၂၀၀ တို့ ဒဏ်ရာရရှိခဲ့ပါတယ်။

တကယ်တော့ အကြမ်းဖက်အုပ်စုတွေဟာ အထွက်အမြတ်ထားရာ ဗိမာန်တွေကိုတိုက်ခိုက်ဖို့ အသေခံ ဗုံးခွဲတိုက်ခိုက်သူတွေအဖြစ် ပါကစ္စတန်နိုင်ငံရဲ့ လူငယ်တွေကို အသုံးပြုနေကြတာကြောင့် ဒါဟာ အဲဒီနိုင်ငံအတွက် ကြီးမားလှတဲ့ စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ယခုတကြိမ် ဗိမာန်ကိုတိုက်ခိုက်ခဲ့သူဟာ အသက် ၁၅ နှစ်အရွယ် လူငယ်လေး ၁ ဦးဖြစ်တယ်လို့ ပြည်နယ်အရာရှိတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါက အစွန်းရောက်အုပ်စုတွေဟာ တိတ်တဆိတ် လှုပ်ရှားနေကြတယ်ဆိုတာကို ညွှန်းဆိုနေပြီး ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး နည်းဗျူဟာနှင့်ပတ်သက်လို့ Hizbul Ahrar အုပ်စုကို အမြစ်ဖြတ် ရှင်းလင်းလုနီးပါး ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတစ်ခု ထွက်ပေါ်လျှက်ရှိပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်းက ပါကစ္စတန်နိုင်ငံရဲ့ Punjab ပြည်နယ်မှာ ကြီးမားပြင်းထန်တဲ့ အကြမ်းဖက်သမား တိုက်ခိုက်မှုတွေ မရှိခဲ့ဘူးဆိုတာကို သတိပြုသင့်ပါတယ်။ Data Darbar ဗိမာန်ကို တိုက်ခိုက်မှုဟာ အစွန်းရောက်အုပ်စုတွေအနေနှင့် အမြစ်မပြတ်သေးဘဲ ပြန်လည်ရှင်သန်လာဖို့ အလားအလာရှိတယ်လို့ Imran Khan အစိုးရအတွက် အပြင်းအထန် သတိပေးချက်တစ်ရပ် ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေး အထူးတပ်ဖွဲ့ FATF ရဲ့ နာမည်ပျက်စာရင်းမှာ မပါရှိစေဖို့ကြိုးပမ်းရာမှာ ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်မှုနှင့် ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆီးပြီး နောက်ဆုံးအားဖြင့် Masood Azhar ကို ကမ္ဘာ့အကြမ်းဖက်သမား ၁ ဦးအဖြစ် စာရင်းသွင်းသတ်မှတ်လိုက်ချိန်မှာ ပေါ်ပေါက်လာတဲ့ Data Darbar ဗိမာန် တိုက်ခိုက်ခံရမှုဟာ အစ္စလာမာဘတ် အစိုးရအနေနှင့် အချိန်မနှောင်းခင် ၎င်းတို့ရဲ့ ပြည်တွင်းရေးကိစ္စတွေကို အရေးတကြီးဖြေရှင်းသွားဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးချက်အဖြစ် မှတ်ယူသွားရမှာဖြစ်ပါတယ် စသဖြင့် ဆောင်းပါးရှင် Dr. Zainab Akhter ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။