IBSA နိုင်ငံများအဖွဲ့ ထပ်မံ အားသစ်လောင်းလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကမ္ဘာလုံးဆိုင်ရာ လေ့လာရေးဌာနမှ အိန္ဒိယသံတမန်နှင့် ဥက္ကဌဟောင်း ဆောင်းပါးရှင် သံအမတ် Ashok Sajjanhar ဝေဖန်ရေးသားပေးပို့ထားတဲ့ “IBSA နိုင်ငံများအဖွဲ့ ထပ်မံ အားသစ်လောင်းလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယ၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့ပါဝင်တဲ့ IBSA နိုင်ငံများအုပ်စုရဲ့ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို Kerala ပြည်နယ်၊ Kochi မြို့မှာ ပြုလုပ်ခဲ့ပြီး ဒီဆွေးနွေးပွဲဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး ကြားကာလများအတွင်း ပြုလုပ်ခဲ့ကြတဲ့ နဝမအကြိမ် IBSA အဖွဲ့ ဝန်ကြီးများအဆင့် သုံးပွင့်ဆိုင် ကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ ဆွေးနွေးမှု ဖြစ်ပါတယ်။ IBSA အုပ်စုဟာ ကမ္ဘာ့တိုက်ကြီး ၃ ခုတို့မှ အကြီးမားဆုံး ဒီမိုကရေစီနှင့် အဓိက စီးပွားရေးနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယ၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့ကို ဖွဲ့စည်းထားတဲ့အလျောက် တမူထူးခြားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သလို ဒီနိုင်ငံတွေဟာ အလားတူစိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရပါတယ်။ အဲဒီနိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲ၊ ဗဟုဝါဒ၊ အရောင်အသွေးစုံလှတဲ့ ယဉ်ကျေးမှု၊ တိုင်းရင်းသား အများအပြား၊ ဘာသာစကား အမျိုးမျိုးနှင့် ကိုးကွယ်မှုဘာသာတရား အသီးသီးတို့ ရှိနေကြပြီး IBSA အုပ်စုကို ၂၀၀၃ ခုနှစ်၊ ဇွန်လက ဘရာစီလီရာမြို့မှာပြုလုပ်ခဲ့တဲ့ ၎င်းတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှာ စတင်ဖွဲ့စည်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းမှ အဖွဲ့တည်ထောင်မှု ၁၅ ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

IBSA အုပ်စုဟာ ၎င်းတို့ရဲ့ ပြည်သူလူထုတွေနှင့် ဖွံ့ဖြိုးဆဲကမ္ဘာကြီးရဲ့ ကမ္ဘာသူ/ကမ္ဘာသားတွေ ချမ်းသာသုခရရှိရေး ဖော်ဆောင်ရာမှာ တောင့်တင်းခိုင်မာတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သန္နိဋ္ဌာန်ပြုလျှက် ကမ္ဘာ့တောင်ပိုင်းဒေသမှ စိတ်တူသဘောတူ နိုင်ငံများအဖွဲ့ ၁ ဖွဲ့ဖြစ်ပါတယ်။ IBSA အဖွဲ့မှာ အခြေခံထားရှိတဲ့ စည်းမျဉ်းတွေ၊ စံနှုန်းတွေနှင့် တန်ဖိုးတွေဟာ ပြည်သူလူထု ပါဝင်မှုရှိတဲ့ ဒီမိုကရေစီရေး၊ လူ့အဖွင့်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံပေါင်းစုံဝါဒ တိုးတက်အားကောင်းရေးအတွက် လေးစားလိုက်နာရေးတို့ ဖြစ်ကြပါတယ်။ IBSA အုပ်စု ပူးပေါင်းဆောင်ရွက်မှုတွေမှာဆိုရင် အစိုးရချင်း ဆွေးနွေးရေး၊ ဘုံအကျိုးတူ ကမ္ဘာ့အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ၃ နိုင်ငံတို့ရဲ့ ဘုံအကျိုးစီးပွားအတွက် နယ်ပယ်ကဏ္ဍတွေနှင့် စီမံကိန်းတွေ ခိုင်မာရေးဆိုင်ရာ ၃ ပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နောက်ပိုင်းမှာ IBSA ရံပုံငွေမှတဆင့် စီမံကိန်းတွေ လုပ်ဆောင်ပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကူညီထောက်ပံ့ရေးတို့ ပါဝင်ကြပါတယ်။

ယခုလက်ရှိအချိန်အထိ IBSA အဖွဲ့ ခေါင်းဆောင်ပိုင်း ထိပ်သီးညီလာခံ ၅ ကြိမ်တို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ အဲဒီ ပဥ္စမမြောက် ညီလာခံကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက ပရီတိုရီးယားမြို့တော်မှာ ပြုလုပ်ခဲ့ပါပြီး ဆဋ္ဌမအကြိမ် ညီလာခံကိုတော့ အိန္ဒိယနိုင်ငံမှာ လက်ခံကျင်းပသွားဖို့ရှိပါတယ်။ ဆဋ္ဌမအကြိမ် ညီလာခံဟာ ၃ နိုင်ငံတို့ရဲ့ခေါင်းဆောင်တွေ အပြန်အလှန်အားဖြင့် အဆင်ပြေတဲ့ အချိန်နေ့ရက် မရရှိနိုင်တာကြောင့် နှောင့်နှေးနေခဲ့ရပါပြီး ဒီ ၃ နိုင်ငံတို့အတွင်း ရွေးကောက်ပွဲကာလတွေအပြီးမှာ ဆဋ္ဌမအကြိမ် ညီလာခံကို များမကြာမီ ကျင်းပသွားမှာဖြစ်ပါတယ်။ ဝန်ကြီးများအဆင့်နှင့် လုပ်ငန်းလည်ပတ်မှုအဆင့်တို့မှ ဆွေးနွေးပွဲတွေကို ၃ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပူးတွဲအစီအစဉ်တွေနှင့် လုပ်ဆောင်ချက်တွေမှတဆင့် ၎င်းတို့ရဲ့ပေါက်ရောက်မှု တိုးချဲ့ဖို့အတွက် ပုံမှန် ပြုလုပ်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က ၃ နိုင်ငံတို့စတင်ခဲ့ကြတဲ့ စီမံကိန်းတွေအနက် ၁ ခုကတော့ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု သက်သာလျော့ပါးရေးဆိုင်ရာ IBSA အဖွဲ့ ရံပုံငွေကြေးပဲ ဖြစ်ပါတယ်။ ဒီကနေ့ကာလအထိ IBSA အုပ်စုဟာ တောင့်တင်းခိုင်မာတဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်တွေ အကောင်အထည်ဖော်ဆောင်ရေးအတွက် ပံ့ပိုးရေးရည်မှန်းချက်နှင့်အတူ သောက်သုံးရေ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် သားငါးမွေးမြူရေး၊ နေရောင်ခြည်စွမ်းအင်၊ အညစ်အကြေး စီမံခန့်ခွဲရေးနှင့် ကျန်းမာရေးနယ်ပယ်တွေမှာ လုပ်ဖော်ကိုင်ဖက် ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း ၂၀ တို့အတွင်း စီမံကိန်း ၃၁ ခုတို့ကို ကူညီပံ့ပိုးထားပြီး ဖြစ်ပါတယ်။

IBSA ရံပုံငွေအဖွဲ့ဟာ (Haiti နိုင်ငံနှင့် Guinea-Bissau နိုင်ငံတို့အတွင်း စီမံကိန်းတွေအတွက်) ၂၀၀၆ ခုနှစ်မှာ ကုလသမဂ္ဂ ကမ္ဘာ့တောင်ပိုင်းဒေသချင်း ပူးပေါင်းလုပ်ဆောင်မှု ဆု၊ ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့တောင်ပိုင်းဒေသချင်း ပူးပေါင်းလုပ်ဆောင်မှုအတွက် MDG ဆုနှင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ တခြားဒေသတွေမှာ ဖွံ့ဖြိုးရေး အတွေ့အကြုံတွေဝေမျှဖို့ တီထွင်ကြံဆ ချည်းကပ်နည်းတွေ အသုံးပြုပြီး ၃ နိုင်ငံတို့ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုလျှက် ကမ္ဘာ့တောင်ပိုင်းဒေသချင်း ချန်ပီယံကြီးများဆု စတဲ့ အသိအမှတ်ပြု ဆုတံဆိပ်တွေကို လက်ခံရရှိခဲ့ပါတယ်။ ဒီအုပ်စုမှ ၃ ပွင့်ဆိုင် ပူပေါင်းဆောင်ရွက်မှုရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ကာကွယ်ရေးကဏ္ဍမှာ IBSAMAR ခေါ် ရေတပ်မတော် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။ ဒီကနေ့အထိ ရေတပ်မတော် ပူးတွဲစစ်ရေးလေ့ကျင့်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက တောင်အာဖရိကနိုင်ငံ ကမ်းလွန်ဒေသမှာ ပြုလုပ်ခဲ့ပါတယ်။

Kochi မြို့မှ ကိုယ်စားလှယ်များ ဆွေးနွေးပွဲဟာ လတ်တလော အခြေအနေတွေကို သုံးသပ်စစ်ဆေးခဲ့ပြီး သီးသန့်အားဖြင့် ခရီးသွားလာရေးနှင့် တောင်ပိုင်းဒေသချင်း ပူးပေါင်းလုပ်ဆောင်ရေးဒေသတွေမှာ ဆောင်ရွက်မှုတိုးတက် အားကောင်းရေးနည်းလမ်းတွေကို ဆွေးနွေးခဲ့တဲ့အပြင် ပူးတွဲလုပ်ငန်းဘောင်အုပ်စုရဲ့ လုပ်ငန်းလည်ပတ်မှုတွေကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ ကိုယ်စားလှယ်တွေဟာ လွန်ခဲ့တဲ့ ၁ နှစ်အတွင်းက IBSA အုပ်စုရဲ့ ၁၅ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပဖို့စီစဉ်ခဲ့တဲ့ အခမ်းအနား အသီးသီးတို့ကို အသိအမှတ်ပြုခဲ့ကြပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက နယူးဒေလီမြို့မှာ ပထမဆုံးအကြိမ် ဂန္ဒီ-မန်ဒဲလား အထိမ်းအမှတ် လွတ်လပ်ရေးစာပေဟောပြောပွဲကို တောင်အာဖရိကနိုင်ငံသမ္မတက ဟောပြောပို့ချခဲ့မှုအပေါ် ဝမ်းသာပီတိဖြစ်မိကြောင်း ဖော်ပြခဲ့ကြပါတယ်။ ၃ နိုင်ငံတို့ရဲ့ ကိုယ်စားလှယ်တွေအကြား တွေ့ဆုံဆွေးနွေးပွဲဟာ IBSA အုပ်စု အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေဖို့ နောက်ထပ်တွန်းအားတစ်ရပ်ကို ပေးအပ်ခဲ့ပါတယ် စသဖြင့် ဆောင်းပါးရှင် Amb. Ashok Sajjanhar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။