နယူးဒေလီမြို့သို့ Mr. Javad Zarif ၏ ခရီးစဉ်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အီရန်နိုင်ငံရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “နယူးဒေလီမြို့သို့ Javad Zarif ၏ ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အီရန်နိုင်ငံခြားရေးဝန်ကြီး Mr. Javad Zarif ရဲ့ နယူးဒေလီမြို့ခရီးစဉ်ဟာ အမေရိကန် ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ပဋိပက္ခ ဖြစ်ပွားနေချိန်မှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် အီရန်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီရေးရာမှာ အိန္ဒိယနိုင်ငံရဲ့ အနေအထား အရေးပါမှုကို ပြသလျှက်ရှိပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးကိုတွေ့ဆုံခဲ့ပြီး ၂ နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဆိုင်ရာ အရေးကိစ္စအားလုံးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုဟာ အာဖကန်နစ္စတန်နိုင်ငံ အရေးကိစ္စအပါအဝင် ဒေသပိုင်းအတွင်း ပေါ်ထွက်နေတဲ့ အခြေအနေတွေအပေါ် အမြင်ချင်း ဖလှယ်ကြဖို့အတွက် ခေါင်းဆောင်နှစ်ဦးတို့ကို အခြေအနေ ပေးအပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံနှင့်အတူ ကာလကြာမြင့်နေပြီဖြစ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတွေရှိနေပြီး အီရန်နိုင်ငံကတည်း အိန္ဒိယနိုင်ငံရဲ့ ရေနံစိမ်းတင်ပို့တဲ့ ထိပ်ဆုံးနိုင်ငံတွေအနက် အပါအဝင်ဖြစ်တဲ့အလျောက် အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးနေရာမှာ အထင်အရှားရှိနေပါတယ်။ မည်သည့်နိုင်ငံကိုမဆို ရေနံစိမ်းတင်သွင်းမှု စာချုပ်သက်တမ်းတိုးဖို့အတွက် ဝါရှင်တန်အစိုးရက ငြင်းဆိုထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အီရန်နိုင်ငံအပေါ် လတ်တလော ပိတ်ဆို့အရေးယူမှုတွေရှိပေမယ့်လည်း အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံကနေ ရေနံစိမ်းတင်သွင်းမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခင် အနုမြူရေး သဘောတူညီချက်မတိုင်မီ အမေရိကန်ပြည်ထောင်စုရဲ့ နောက်ဆုံးသော ပိတ်ဆို့အရေးယူမှုကာလအတွင်းကလည်း အလားတူ လုပ်ဆောင်ခဲ့ပြီး အဲဒီကာလက အီရန်နိုင်ငံအပေါ် အိန္ဒိယနိုင်ငံရဲ့ ထောက်ခံအားပေးမှုကိုလည်း Tehran အစိုးရက အခိုင်အမာ အသိအမှတ်ပြုခဲ့ပြီး ဒါကြောင့်လည်း Mr. Zarif ရဲ့ လက်ရှိခရီးစဉ်ကို တွေ့မြင်ရတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် နောက်ထပ် ဂျာမဏီနိုင်ငံတို့အကြား JCPoA သဘောတူစာချုပ်မှာ မပါရှိခဲ့ပေမယ့်လည်း နယူးဒေလီအစိုးရဟာ အဲဒီအနုမြူရေး သဘောတူစာချုပ်ကို ကြိုဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ သဘောတူစာချုပ်ရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို အီရန်နိုင်ငံက တစိုက်မတ်မတ် လိုက်နာခဲ့တယ်ဆိုတာကို အသိအမှတ်ပြုခဲ့ပြီး အမေရိကန်ပြည်ထောင်စုကတော့ တဖက်သတ်ကျစွာ ရွေးချယ်ခဲ့ပါတယ်။ ယခုအခါမှာတော့ အီရန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ လတ်တလော ပေါ်လစီတွေကို တုံ့ပြန်တဲ့အနေနှင့် အနုမြူရေး သဘောတူစာချုပ်အောက်မှ ၎င်းတို့ရဲ့ ကတိကဝတ်တွေကို ပမာဏ လျှော့ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ တဖက်သတ် နှုတ်ထွက်မှုနှင့် ပါရှန်းပင်လယ်ကွေ့အတွင်း စစ်ဖက်ဆိုင်ရာထားရှိမှုအပါအဝင် အီရန်နိုင်ငံအပေါ် သမ္မတ Mr. Donald Trump ရဲ့ အီရန်နိုင်ငံအပေါ် သဘောထားတို့ဟာ ဒေသပိုင်းအတွင်း အလွန်ပြင်းထန်တဲ့ အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၂ ဖက်စလုံးတို့ရဲ့ အတွက်အချက် လွဲမှားမှုတွေဟာ ဒေသပိုင်းအတွက်သာမက ဝန်းကျင်ဒေသတွေအထိ ပြင်းထန်မှုသက်ရောက်သွားနိုင်မယ့် ပဋိပက္ခတွေကို ပေါ်ပေါက်သွားစေနိုင်ပါတယ်။ ပယ်လယ်ကွေ့ဒေသဟာ အိန္ဒိယနိုင်ငံရဲ့ တိုးချဲ့ အိမ်နီးချင်းဒေသအောက်မှာ ကျရောက်နေတာကြောင့် အဆိုပါ ပဋိပက္ခတွေဟာ အိန္ဒိယနိုင်ငံအတွက် လုံးဝ မကောင်းလှပါဘူး။
ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ နယူးဒေလီမြို့ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လတ်တလော ပိတ်ဆို့အရေးယူမှုတွေအောက်မှာ အီရန်နိုင်ငံရဲ့ ရေနံစိမ်း ပြည်ပတင်ပို့မှုတွေအတွက် နည်းလမ်းတွေရှာကြံဖို့ Tehran အစိုးရရဲ့ ကြိုးပမ်းချက်တွေအပြင် အိန္ဒိယနိုင်ငံရဲ့ အားပေးထောက်ပံ့မှုတွေကို အီရန်နိုင်ငံက အသိအမှတ်ပြု လက်ခံမှုတွေကနေ မြင်တွေ့နိုင်ပါတယ်။ Mr. Javad Zarif ရဲ့ ခရီးစဉ်ကတဆင့် အီရန်နိုင်ငံဟာ ၂ နိုင်ငံစလုံးက အိန္ဒိယနိုင်ငံနှင့် ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးတွေထားရှိရာ အီရန်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား တင်းမာမှုတွေ လျော့ပါးစေရာမှာ အိန္ဒိယနိုင်ငံကို အဓိက အခမ်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်စေဖို့ အချက်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။