နယူးဒေလီမြို့တွင် WTO ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အကြီးတန်း သတင်းစာဆရာ ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “နယူးဒေလီမြို့တွင် WTO ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
WTO ခေါ် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့အစည်းကြီးရဲ့ အများအားဖြင့် ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် S&DT ခေါ် အထူးသီးသန့် မတူကွဲပြားတဲ့ လုပ်ဆောင်ပေးမှုတွေရရှိစေမယ့် ထပ်မံအားဖြည့်မြှင့်တင်ချက်ကို နယူးဒေလီမြို့က ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာဆိုရင် WTO အဖွဲ့အစည်းကြီးရဲ့ ကမကထပြုမှုအောက်မှာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက်တွေနှင့် ကုန်သွယ်ရေးစနစ် အသီးသီးတို့ကို လိုက်လျောချက်တွေနှင့် အလျှော့အတင်း လုပ်နိုင်မှုတွေ အသုံးပြုနိုင်စေဖို့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ဖော်ပြထားပါတယ်။ နိုင်ငံစုံစနစ်ထားရှိပြီး ဆက်လက်ဖြစ်ပွားနေတဲ့ WTO ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်ပေါ်နေမှုတွေ ဖယ်ရှားဖို့ လတ်တလော ပြီးဆုံးခဲ့တဲ့ နယူးဒေလီမြို့ ဆွေးနွေးပွဲကို WTO အဖွဲ့ကြီးမှာ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ကြဉ်းနိုင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ် အားကောင်းတိုးတက်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံး လုပ်ဆောင်နိုင်ရေးနည်းလမ်းတွေ ရှာဖွသွားကြဖို့ ၂၂ နိုင်ငံတို့မှ ထိပ်တန်းအရာရှိတွေက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ WTO အဖွဲ့အစည်းဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းပေးတဲ့ အယူခံဝန်မှု ကြားနာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ခန့်အပ်ထားရှိဖို့ အချိန်ကျရောက်လာမှုကို Trump အုပ်ချုပ်ရေးအဖွဲ့က ကန့်ကွက်နေခဲ့ပြီး နိုင်ငံအများအပြားတို့နှင့် ကုန်သွယ်ရေးစစ်ပွဲတွေမှာ အမေရိကန်ပြည်ထောင်စုအတွက် ကုန်သွယ်ရေး အငြင်းပွားမှုတွေမှာ လက်ခံနိုင်ဖွယ် စီရင်ချက် ချမှတ်မှုမရှိတာတွေကို ကိုယ်စားလှယ်တွေက အပြင်းအထန် ဝေဖန်ဖော်ပြခဲ့ကြပါတယ်။ အယူခံဝန်မှု ကြားနာရေးအဖွဲ့မှာ လစ်လပ်နေတဲ့နေရာတွေကို မဆိုင်းမတွ ဖြည့်ဆည်းခန့်အပ်ပြီး အကျိုးဖြစ်ထွန်းစေဖို့အရေး WTO အဖွဲ့ဝင်နိုင်ငံအားလုံးက အလေးပေးဖော်ပြခဲ့ကြပြီး အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေနှင့် သက်ဆိုင်တဲ့ တခြားအရေးကိစ္စတွေအပေါ် ဆွေးနွေးသွားကြဖို့လည်း ဖော်ပြခဲ့ကြပါတယ်။
ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအလားအလာတွေနှင့်အတူ ကုန်သွယ်ရေး နိုင်ငံကြီးတွေအကြား တင်းမာမှုတွေ ပေါ်ထွက်လာနေတဲ့ နောက်ခံအနေအထားမှာ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဟာ ဒီဆွေးနွေးပွဲရဲ့ အရေးပါမှုကို ဖော်ပြခဲ့ပါတယ်။ WTO အဖွဲ့အစည်းကြီးဟာ အကူအညီပေးမှုကနေမဟုတ်ဘဲ ကုန်သွယ်ရေးကတဆင့် နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စိုးရိမ်ချက်တွေကို အာရုံပြုရတဲ့အဖွဲ့အစည်းကြီး ၁ ခုဖြစ်တာကြောင့် ဖွံ့ဖြိုးဆဲကမ္ဘာကြီးအတွင်း မီတင်းနေထိုင်နေကြတဲ့ လူသားသန်းပေါင်း ၇ ထောင်၊ ၃ ရာတို့ကို ဖွံဖြိုးမှု အကျိုးရလဒ်တွေကနေ ခံစားခွင့်မပေးဘဲ မထားနိုင်ဘူး၊ မထားသင့်ဘူးလို့လည်း အိန္ဒိယနိုင်ငံမှဝန်ကြီးက ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးမှု ဖွင့်ပွဲအခမ်းအနားမှာ တောင်းဆိုဖော်ပြခဲ့ပါတယ်။
အလားတူပဲ WTO အဖွဲ့အစည်းရဲ့ အထွေထွေ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ Mr. Roberto Azevedo ကလည်း WTO အဖွဲ့အစည်းကြီး ပြုပြင်မွမ်းမံရေးနှင့်ပတ်သက်လို့ လက်ရှိဆွေးနွေးမှုတွေကို ကောက်နှုတ်ဖော်ပြခဲ့ပြီး ဒီအဖွဲ့အစည်းကြီးအနေနှင့် သင်တို့ရဲ့ အဖွဲ့အစည်းဖြစ်သလို ယခုဆွေးနွေးပွဲမှာ သင်တို့ရဲ့စကားသံတွေကို ပြောဆိုကြပါလို့ ဖော်ပြခဲ့ပါတယ်။ S&DT လုပ်ဆောင်ချက်ဟာ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းပါးဆုံးနိုင်ငံတွေကို နိုင်ငံစုံ ကုန်သွယ်ရေးစနစ်တွေ ဖော်ဆောင်ဖို့ အချိန်ပိုမိုပေးအပ်ထားလင့်ကစား S&DT ယန္တယားစနစ်ဟာ ထွက်ပေါက်မရှိတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ဆန်းသစ်မှုရှိရမယ်လို့ Mr. Roberto Azevedo က ဖော်ပြခဲ့ပါတယ်။
ရှေ့ဆက်လုပ်ဆောင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံတွေအနေနှင့် မိမိတို့ရဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ကိုယ်ပိုင်ချမှတ်နိုင်မယ့် ကုန်သွယ်ရေး အထောက်အကူပြု သဘောတူညီချက်ပုံစံတစ်ရပ် ထားရှိဖို့ဖြစ်တယ်လို့လည်း ၎င်းက ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အပါအဝင် အဖွဲ့ဝင် ၁၇ နိုင်ငံတို့ဟာ S&DT စည်းမျဉ်းမူဘောင်တွေအနေနှင့် ကျန်ရှိနေသေးတဲ့ ဖွံ့ဖြိုးမှု အနည်းပါးဆုံး နိုင်ငံတွေအတွက် ဦးစားပေး အာရုံပြုချက်နှင့်အတူ လက်ရှိနှင့် အနာဂတ်ရေး WTO သဘောတူ စာချုပ်တွေမှာ ထိန်းသိမ်းထားရှိသွားရမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရပိုင်ခွင့်တွေဖြစ်ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ကာဇစ္စတန်၊ တူရကီ၊ အာဂျင်တီးနား၊ ဘရာဇီးနှင့် ဂွါတီမာလာ စတဲ့ အဖွဲ့ဝင် ၅ နိုင်ငံတို့ဟာ ပူးတွဲထုတ်ပြန် ကြေညာချက်ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ကြပါတယ်။ WTO အဖွဲ့ဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် JS Deepak ဟာ S&DT လုပ်ဆောင်မှုဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက် သဘောထားကို ရှင်းလင်းစွာ ဖော်ပြခဲ့ပါတယ်။ ဒီလိုပဲ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြတဲ့ ၂၂ နိုင်ငံပါရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေအနက် ၁၇ နိုင်ငံတို့ဟာ နယူးဒေလီမြို့ WTO ဝန်ကြီးများအဆင့် ဆွေးနွေးပွဲရဲ့ S&DT မူဘောင် အားကောင်းတိုးတက်ရေးအတွက် ထပ်မံပြောဆိုဖော်ပြခဲ့ကြပါတယ်။
ဝန်ကြီးများအဆင့် ပူးတွဲထုတ်ပြန်ကြေညာချက်မှာ အိန္ဒိယနိုင်ငံရဲ့ ပါဝင်မှုမရှိဘဲ အဖွဲ့ဝင် ၇၅ နိုင်ငံတို့အကြား WTO အဖွဲ့အစည်းကြီးမှာ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နိုင်ငံစုံ သဘောတူညီချက်ကို ဖော်ပြခဲ့ခြင်းမရှိသလို နိုင်ငံစုံလုပ်ဆောင်ရေး ထားရှိသွားဖို့လိုအပ်ကြောင်းကိုသာ ဖော်ပြထားပါတယ်။ နယူးဒေလီမြို့က ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲဟာ အားအင်သစ် ဖြည့်သွင်းပေးခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်ရေးအတွက် ပါဝင်မှုရှိစေဖို့ ကမ္ဘာ့အဖွဲ့အစည်းကြီးအတွက် ရှေ့ဆက်ရမယ့် နည်းလမ်းတွေကို ညွှန်ပြလျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် G. Srinivasan ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။