အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် ပါကစ္စတန် အာမခံရရှိသွားခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် ပါကစ္စတန် အာမခံရရှိသွားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

လပေါင်းများစွာတိုင်အောင် ကြာမြင့်စွာ ဆွေးနွေးခဲ့ပြီးတဲ့နောက် နိုင်ငံတကာ ငွေကြေးဆိုင်ရာ ရံပုံငွေအဖွဲ့ IMF ဟာ နောက်ဆုံးမှာတော့ ပါကစ္စတန်နိုင်ငံကို နောက်ထပ် ငွေကြေးအာမခံ ပေးအပ်လိုက်ပြီဖြစ်ပါတယ်။ ဒီအာမခံပေးအပ်မှုကို ပါကစ္စတန်နိုင်ငံနှင့် ခရီးစဉ်ရောက်ရှိနေတဲ့ IMF အသင်းတို့ နောက်ဆုံးသော ဆွေးနွေးမှုတွေမှာ အတည်ပြုရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိ Dr. Hafeez Sheikh က ဖော်ပြခဲ့ပါတယ်။ IMF အဖွဲ့ဟာ ဒီနိုင်ငံရဲ့ ငွေကြေးအကျပ်အတည်း ကျော်လွှားနိုင်ဖို့အတွက် လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၆ ဘီလျံ ပေးအပ်သွားမှာဖြစ်ပြီး အစ္စလာမာဘတ် အစိုးရကတော့ အကြီးအကျယ် ကြွေးမြီတင်ရှိနေပြီး နိုင်ငံရဲ့ ငွေကြေးဆိုင်ရာ မျှော်မှန်းချက်ပြည့်မီဖို့နှင့် စီးပွားရေး လည်ပတ်နိုင်စေဖို့ ဒေါ်လာ ၁၈ ဘီလျံ ပြတ်လတ်မှုကို ရင်ဆိုင်နေရပါတယ်။

လွန်ခဲ့တဲ့ ၈ လအကြာ Mr. Imran Khan ကို နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံစဉ်က သူဟာ ဒီလို IMF ထံမှ ငွေကြေးအကူအညီအတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားရှိမယ်ဆိုရင် ဒီအဖွဲ့ရဲ့ အာမခံပေးအပ်မှုကို တောင်းဆိုသွားမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ သူဟာ တရုတ်၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့လို မိတ်ဆွေနိုင်ငံတွေအပေါ် ပိုပြီး ငွေကြေးမီခိုနေခဲ့ပြီး ဒီချေးငွေအတွက် စည်းမျဉ်းသစ်တွေကို IMF အဖွဲ့က ဖြည့်ဆည်းထားရှိနေပေမယ့် Mr. Imran Khan ဟာ IMF အဖွဲ့ကတောင်းဆိုချက် အားလုံးနီးပါးတို့ကိုလက်ခံပြီးဆုံးခဲ့ရပါတယ်။ အဲဒီလို စည်းမျဉ်းတွေမှာဆိုရင် ငွေကြေးဆိုင်ရာ ပြန်လည်ချိန်ညှိမှုနှင့် ဘဏ္ဍာရေးရာ ထပ်မံချိန်ကိုက်ရေး လုပ်ဆောင်ချက်အဆင့်တွေ၊ အခွန်ဘဏ္ဍာ ပိုမိုရရှိဖို့အတွက် အကောက်ခွန်နှုန်းထား တိုးမြှင့်ရေး၊ နယ်ပယ်ကျယ်ပြန့်တဲ့ ဖွဲ့စည်းမှုဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေ၊ အစိုးရ ထောက်ပံ့ငွေကြေး လျော့ချမှုတွေနှင့် ဈေးကွက်အရသတ်မှတ်တဲ့ ငွေကြေးလဲလှယ်မှုနှုန်းထား ချမှတ်မှုတွေ စသည်တို့ ပါဝင်ကြပါတယ်။

အခွန်နှုန်း တိုးမြှင့်မှုတွေ၊ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ငွေ့အဖိုးအခ တိုးများမှုတွေဟာ ပြည်သူလူထုတို့ကို ထပ်မံအခက်တွေ့စေမှာဖြစ်တာကြောင့် ဒါတွေကို လုပ်သွားမှာမဟုတ်ဘူးလို့ Mr. Imran Khan က ဖော်ပြခဲ့ရပါတယ်။ ဒီနိုင်ငံဟာ အခြေခံ စားသောက်ကုန်ပစ္စည်းအားလုံး ဈေးနှုန်းမြင့်မားနေမှုကို ရင်ဆိုင်နေရပြီး ဆုတ်ယုတ်မှုစာရင်းသွင်း ခံထားရတဲ့အပြင် လိုအပ်ရင် အမည်ပျက်စာရင်းထဲကို ပါဝင်ရနိုင်ဖွယ် အန္တရာယ်ရှိတာကြောင့် ငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေး အထူးတပ်ဖွဲ့ထံမှ ဖိအားပေးမှုတွေကလည်း ကဏ္ဍတစ်ရပ်ကနေ ပါဝင်လျှက်ရှိပါတယ်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟာ ဘဏ္ဍာရေးဝန်ကြီး Mr. Asad Umar နှင့် ပါကစ္စတန် နိုင်ငံတော်ဘဏ်တိုက်ရဲ့ အုပ်ချုပ်ရေးအရာရှိ Mr. Tariq Bajwa တို့ ၂ ဦးစလုံးကို ရာထူးမှဖယ်ရှားလိုက်ပြီး ၎င်းတို့နေရာမှာ IMF အရာရှိဟောင်းတွေနှင့် အစားထိုး ခန့်အပ်လိုက်တာဟာ နိုင်ငံရဲ့ စီးပွားရေးအနေနှင့် သိသိသာသာ ကျဆင်းသွားနေတယ်ဆိုတာကို ညွှန်းဆိုလျှက်ရှိပါတယ်။ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးဟာ ၃.၉% အထိ ကျဆင်းသွားပြီး ဖောင်းပွမှုကလည်း ၉.၄% အထိ ရောက်ရှိခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်သမား အဖွဲ့အစည်းတွေကို ငွေကြေးပံ့ပိုးမှုဟာ ကမ္ဘာ့အသိုင်းအဝိုင်းအတွက် အဓိက စိုးရိမ်ချက်တစ်ရပ် ဖြစ်လာခဲ့ပြီး ဒီနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ တိုးများလာနေခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်မှုကတော့ Baluchistan ပြည်နယ်ရဲ့ Gwadar မြို့မှ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ၁ လုံးတည်းသော ဟိုတယ်ကို တိုက်ခိုက်မှုဖြစ်ပြီး အဲဒီတိုက်ခိုက်မှုဟာ Baluchistan လွတ်မြောက်ရေးတပ်မတော်ရဲ့ လက်ချက်ဖြစ်ကာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ယခင် Baluchistan ပြည်နယ်၊ Harnai ခရိုင်အတွင်း ဘတ်စကား ၁ စီးမှ ခရီးသည်တွေကိုဆင်းခိုင်းပြီး ပစ်ခတ်ခဲ့ရာမှာ လူ ၁၄ ဦး သေဆုံးခဲ့ပြီး အဲဒီလူတွေအထဲမှာ ပါကစ္စတန် ရေတပ်မတော်သားတွေ ပါဝင်ခဲ့ကြပါတယ်။ Baluchistan ပြည်သူလူထုဟာ ၎င်းတို့ပြည်နယ်အနေနှင့် သဘာဝရင်းမြစ် သံယံဇာတမျိုးစုံရှိတဲ့ နိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ကြီး ဖြစ်နေပေမယ့် နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်အဖြစ် ဆက်လက်ကျန်ရှိနေတယ်လို့ စောဒကတက် ဖော်ပြနေကြပါတယ်။

တကယ်တော့ Baluchistan ပြည်သူထုတို့ဟာ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံလမ်းမကိုလည်း ကန့်ကွက်နေကြပြီး ဒီလမ်းမအများစုဟာ Baluchistan ပြည်နယ်ကို ဖြတ်သန်းသွားပေမယ့် ဒီပြည်နယ်အတွက် ဘာခံစားခွင့်အကျိုးမျှ မရရှိပါဘူး။ ဟိုတယ်ကိုတိုက်ခိုက်မှုဟာ ဒီစီမံကိန်းအပေါ် လုပ်ဆောင်နေကြတဲ့ တရုတ်နိုင်ငံသားတွေကို မကျေနပ်ကြောင်း ဖော်ပြချက်အဖြစ် ရှုမြင်ရပြီး တရုတ်နိုင်ငံသားအများစုတို့ဟာ ၎င်းတို့ရဲ့လုပ်ငန်းတွေ လုပ်ဆောင်နေစဉ်က အဲဒီလို သီးခြားဟိုတယ်ထဲမှာ နေထိုင်ခဲ့ကြပါတယ်။ IMF အာမခံငွေဟာ နိုင်ငံတော်ကို လည်ပတ်စေဖို့ ယာယီအားဖြင့် လျော့ပါးသက်သာစေမှာဖြစ်ပြီး ပါကစ္စတန်နိုင်ငံ ခေါင်းဆောင်ပိုင်းတွေအနေနှင့် နိုင်ငံရဲ့အကျိုးကိုမျှော်ကိုးပြီး အခြေအနေ တစ်ခုလုံးကို ခြုံငုံ သုံးသပ်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ် စသဖြင့် ဆောင်းပါးရှင် Ashok Handoo ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။