“၁၇ ကြိမ်မြောက် အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲများ ပြီးဆုံးသွားခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ New Indian Express နေ့စဉ်သတင်းစာမှ ဝါရင့်အထူးဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားပေးပို့ထားတဲ့ “၁၇ ကြိမ်မြောက် အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲများ ပြီးဆုံးသွားခြင်း” အကြောင်း သငတ်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အောက်လွတ်တော် Lok Sabha ရွေးကောက်ပွဲများရဲ့ သတ္တမပိုင်းဟာ စိတ်အားထက်သန်စွာ မဲဆန္ဒပေးမှုတွေနဲ့အတူ တိုးတက်မြှင့်မားစွာ ပြီးဆုံးသွားခဲ့ပါတယ်။ အလုံးစုံကို ခြုံကြည့်မယ်ဆိုရင် မဲဆန္ဒရှင်ပေါင်း သန်း (၉၀၀) ကျော်ရှိတဲ့ ၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင် ၆၆% ခန့် မဲဆန္ဒပေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ တခါပြန်ပြီး ပင်ကိုယ်သဘာဝစွမ်းအားနဲ့ တက်ကြွပြီး ပါဝင်ဆင်နွှဲပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကို ထုတ်ဖေါ်ပြသခဲ့ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဟာ အလွန်များပြားလှတဲ့ မဲဆန္ဒရှင်တွေရဲ့ ပါဝင်မှုနဲ့ ရွေးကောက်ပွဲကော်မရှင်က သက်ကြီးဝါရင့်သူတွေနဲ့ ကိုယ်ကာယချွတ်ယွင်းကြသူတွေအတွက် အထူးအစီအစဉ်တွေထားရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ Madhya Pradesh ပြည်နယ် Indore မြို့မှာ အရပ် ၃ ပေသာရှိတဲ့ Vinita Jain က မဲပေးပြီးတဲ့နောက် မှင်နဲ့မှတ်သားထားတဲ့လက်ညိုးကို ဝင့်ကြွားစွာ ပြသခဲ့ပါတယ်။ Bihar ပြည်နယ် Patna မြို့မှာ ကိုယ်ချင်းဆက်နေတဲ့ Saba နဲ့ Farah အမွှာညီအစ်မတို့ဟာ သီးခြားပုဂ္ဂိုလ်တွေအဖြစ် မဲပေးခဲ့ကြပါတယ်။ အောက်လွှတ်တော်ရွေးကောက်ပွဲဟာ ပင်လယ်ရပ်ခြားနေ အိန္ဒိယမဲဆန္ဒရှင်တွေကို စိတ်ဓါတ်တက်ကြွစေခဲ့ဒါကို မြောက်မားစွာသော နိုင်ငံခြားနေ အိန္ဒိယနိုင်ငံသားတွေ မဲပေးဖို့အတွက် အိန္ဒိယနိုင်ငံကို လာရောက်ကြဒါက သက်သေထူနေပါတယ်။ အမှန်တကယ်ဆိုရရင် ပြည်တွင်းက နေ့စားလုပ်သားတွေအပါအဝင် မြောက်များစွာသော ပြည်သူတို့ဟာ ခွင့်ယူပြီး မဲပေးဘို့အတွက် မိမိတို့ရဲ့ မွေးရပ်ဌာနီကို သွားခဲ့ကြပါတယ်။ ယခုလိုမဲပေးကြတဲ့အရေအတွက် မြင့်မားလာခဲ့ဒါဟာ တက်ကြွတဲ့ မဲဆွယ်မှုတွေ၊ မဲဆန္ဒရှင်တွေ သိရှိနားလည်ဘို့ ပါဝင်လုပ်ကိုင်ခဲ့ဒါကြောင့်ဘဲဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ မဲဆန္ဒရှင်အသစ်ဦးရေ (၈၅) သန်းခန့်ကိုလည်း သွင်းနိုင်ခဲ့ဒါက ဒီဌာနကြီးရဲ့ အသင့်ပြင်ဆင်မှုကို ဖေါ်ပြနေပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲနောက်ဆုံးပိုင်းအတွက် ပြည်နယ် (၇) ခုနှင့် ပြည်ထောင်စုနယ်မြေ ၁ ခုတို့အတွင်း မဲဆန္ဒနယ်မြေပေါင်း (၅၉) နေရာတို့မှာ ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကြီးမှာ လွှတ်တော်အမတ်ဦးရေ (၅၄၂) ဦးတို့ကို ရွေးချယ်တင်မြောက်ဘို့ မဲပေးခဲ့ဒါဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ Tamil Nadu ပြည်နယ် Vellore မဲဆန္ဒနယ်မြေမှာ မဲပေးမှုကို ငွေအားသုံးပြီး မဲဆန္ဒရှင်တွေကို သွေးဆောင်ခဲ့ဒါကြောင့် ရွေးကောက်ပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသမ္မတဟာ အင်္ဂလိပ်ကပြားနှစ်ဦးတို့ကို အောက်လွှတ်တော်အတွက် ရွေးချယ်ခဲ့ဒါကြောင့် စုစုပေါင်း အမတ်ဦးရေ (၅၄၅) ဦးသို့ ရောက်ရှိခဲ့ပါတယ်။

Himachal Pradesh ပြည်နယ်မှာ အသက်အရွယ် (၁၀၂) နှစ်ရှိတဲ့ Shri Shyam Saran Negi ဟာ Kinnaur မဲဆန္ဒနယ်မြေမှာ လာရောက်မဲပေးတဲ့အခါ မဲရုံအရာရှိတွေက အခမ်းအနားနဲ့ ကခုန်တီးမှုတ်ကြိုဆိုခဲ့ကြပါတယ်။ Shir Negi ဟာ အသက်အရွယ်ကြီးပြင်းတဲ့ မဲဆန္ဒရှင်ဖြစ်တဲ့တွက် ကြီးကျယ်စွာ ကြိုဆိုခံရဒါမဟုတ်ဘဲ၊ သူဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးမဲဆန္ဒရှင်ဖြစ်တဲ့အတွက်လည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို မဲဆန္ဒရှင်တွေအကြား ကွဲပြားမှုမရှိအောင် ကြိုးပမ်းနိုင်ခဲ့တဲ့အတွက် ချီးကျူးထိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် အောက်လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးသူအမျိုးသားနဲ့ အမျိုးသမီးတွေအကြား ၉% ကွာခြားမှုရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ၁.၄၅ သို့ ကျဆင်းလာပြီး၊ မကြာသေးမှီသော ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေအကြား ကျားနဲ့မ ကွာခြားမှု ၀.၄% အထိရှိလာခဲ့ပါတယ်။ တချို့သောပြည်နယ်တွေမှာ အမျိုးသမီးမဲဆန္ဒရှင်တွေက အမျိုးသားတွေထက် ပိုမိုများပြားခဲ့ပါတယ်။ ယခုရက်ပေါင်း (၃၈) ရက်ကြာညောင်းခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲကော်မရှင်ဟာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ထံမှ အမှုထမ်းပေါင်း သန်းပေါင်းများစွာတဲ့ရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဘို့အတွက် ဗဟိုအရံရဲတပ်ဖွဲ့ တပ်ခွဲပေါင်း ရာပေါင်းများစွာတို့ကို အသုံးပြုခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ ငွေသား၊ အရက်သေစာနဲ့ တခြားမဲဆန္ဒရှင်တွေကို စွဲဆောင်ဘို့ရာ ပစ္စည်းတွေ သယ်ယူပြောင်းရွှေ့မှုကို မျက်ခြေမပျက်စောင့်ကြည့်ခဲ့ပါတယ်။ တန်ဘိုးအားဖြင့် ရူပီးငွေပေါင်း ၃၄၀၀ ကုဋေခန့်ရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အမှန်တကယ်ဆိုရင် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ တန်ဘိုးဟာ၊ အစိုးရက ရွေးကောက်ပွဲကျင်းပဘို့ အသုံးပြုခဲ့တဲ့ ငွေပမာဏထက် ကျော်လွန်နေပါတယ်။ မှတ်သားရမဲ့အချက်ကတော့ သိမ်းဆည်းရမိတဲ့ ငွေသားတွေကို Consolidated Fund of India လို့ခေါ်တဲ့ ဗဟိုအစိုးရဘတ်ဂျက်ငွေစာရင်းရံပုံငွေမှာ ထည့်သွင်းရဒါဘဲဖြစ်ပါတယ်။

မဲရေတွက်မှုတွေက လာမဲ့မေလ (၂၃) ရက်နေ့မှာ ပြုလုပ်လိမ့်မယ်ဖြစ်ပြီး၊ မဲတွေရဲ့ ပုံစံတခုကို မဲရုံတွေမှာ VVPAT လို့ခေါ်တဲ့ စက္ကူပြားတွေနဲ့ ကိုက်ညီမှုကို စစ်ဆေးကြမယ်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အောက်လွှတ်တော်ရွေးကောက်ပွဲတွေဟာ အမှန်တကယ်ဘဲ အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာဟာ မဲပုံးတွေမှ စီးဆင်းလာဒါကို အတည်ပြုလိုက်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။