အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် တောင်အာရှဒေသအတွင်း ပထမဆုံးအဖြစ် ရေနံပိုက်လိုင်းကို ဖွင့်လှစ်လိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် တောင်အာရှဒေသအတွင်း ပထမဆုံးအဖြစ် ရေနံပိုက်လိုင်းကို ဖွင့်လှစ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနှင့် နီပေါနိုင်ငံတို့ဟာ ၂ နိုင်ငံဆက်ဆံရေးတွေမှာ နောက်ထပ် သမိုင်းမှတ်တိုင်တစ်ရပ်ကို ဖော်ဆောင်လိုက်ကြပြီဖြစ်ပြီး အဲဒါကတော့ ၂ နိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တွေဟာ အိန္ဒိယနိုင်ငံ၊ Bihar ပြည်နယ်ရှိ Motihari ဒေသမှ နီပေါနိုင်ငံ၊ Amlekhgunj ဒေသအထိ တောင်အာရှဒေသရဲ့ ပထမဆုံး နယ်စပ်ဖြတ်ကျော် ရေနံထုတ်ကုန်ပစ္စည်း ပိုက်လိုင်းကို ဗီဒီယို ညီလာခံမှတဆင့် ပူးတွဲ ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံထဲမှာ ၃၂.၇ ကီလိုမီတာရှိပြီး နီပေါနိုင်ငံဘက်မှာတော့ ၃၇.၂ ကီလိုမီတာရှိကာ စုစုပေါင်း ၆၉ ကီလိုမီတာရှည်လျားတဲ့ ပိုက်လိုင်းဟာ နှစ်စဉ်အားဖြင့် နီပေါနိုင်ငံ ပြည်သူလူထုအတွက် သန့်ရှင်းတဲ့ ရေနံထုတ်ကုန်ပစ္စည်း တန်ချိန် ၂ သန်းတို့ကို အနှောက်အယှက်မရှိ ပေးသွင်းနိုင်စွမ်းရှိပါတယ်။

ဒါဟာ အိန္ဒိယနှင့် နီပါနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးတဲ့ အပြန်အလှန် ဆက်ဆံရေး ဝိသေသတစ်ရပ်အဖြစ် ဖော်ပြလျှက် Motihari-Amlekhgunj ပိုက်လိုင်းစီမံကိန်းဟာ ဒေသပိုင်းရဲ့ စွမ်းအင်ဖူလုံရေး တိုးတက်စေဖို့ အထောက်အကူပြုသွားမှာဖြစ်ပြီး ပို့ဆောင်သယ်ယူရေး ကုန်ကျစရိတ်ကို သိသိသာသာ လျော့နည်းစေမှာဖြစ်ကြောင်း ဝန်ကြီးချုပ် Mr. Narendra Modi က ဖော်ပြခဲ့ပါတယ်။ စီမံကိန်းကို နယူးဒေလီမြို့မှ ဖွင့်လှစ်ပေးစဉ် ၂ နိုင်ငံတို့အကြား ဆက်ဆံရေးတွေဟာ နယ်ပယ်အသီးသီးတို့မှာ ပိုမိုတိုးတက် နက်ရှိုင်းမှု ဆက်လက် ဖြစ်ပေါ်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်းနှင့် ဟိမဝန္တာ တောင်တန်းနိုင်ငံရဲ့ ဖွံ့ဖြိုးရေးကြိုးပမ်းချက်တွေမှာ ဒီနိုင်ငံကို အကူအညီပေးသွားဖို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စိတ်ပိုင်းဖြတ်ချက်ကို Mr. Modi က ထပ်မံဖော်ပြခဲ့ပါတယ်။

ခတ္တမန္ဓုမြို့မှာပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားကို အမှာစကားပြောကြားရာမှာ နီပေါနိုင်ငံ ဝန်ကြီးချုပ်ဖြစ်တဲ့ Mr. K.P. Sharma Oli ကလည်း ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လူထု အခြေခံ အဆောက်အအုံကဏ္ဍပိုင်းအားဖြင့် အကောင်းဆုံး ဆက်သွယ်ရေး ဥပမာတစ်ရပ်အဖြစ် ပိုက်လိုင်းစီမံကိန်းကို ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးရာ ခိုင်မာတဲ့ သန္နိဋ္ဌာန်ပြုချက်တွေက ကျောထောက်နောက်ခံပြုလျှက် အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှာ ဖွံ့ဖြိုးရေး၊ သာယာဝပြောရေးနှင့် ပြည်သူလုထူတွေ ပျော်ရွှင်ဝမ်းမြောက်ရေးဆိုင်ရာ ဘုံသဘောထားတွေ ရှိနေကြကြောင်း ၎င်းက ဖော်ပြခဲ့ပါတယ်။ နီပေါနိုင်ငံ ပြည်သူလူထုအတွက် များစွာ သက်သာစေမှုအဖြစ် နိုင်ငံအတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းတွေမှာ ၁ လီတာလျှင် ရူပီးငွေ ၂ ကျပ် လျှော့ချမှုကို Mr. Oli က ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကနေ နီပေါနိုင်ငံကို ပိုက်လိုင်းမှတဆင့် လောင်စာတင်ပို့မှုဟာ ကုန်ကျစရိတ်နှင့် အချိန် သက်သာလျော့နည်းစေရုံသာမက ရေနံထုတ်ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကြောင့်ပေါ်ပေါက်လာမယ့် ယာဉ်ကျောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုတို့ကိုလည်း နည်းပါးစေမှာဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့ပါတယ်။

နီပေါနိုင်ငံဟာ ၁၉၇၃ ခုနှစ်ကတည်းက ၎င်းတို့ရဲ့ ရေနံထုတ်ကုန်ပစ္စည်း လိုအပ်ချက်အားလုံးကို အိန္ဒိယနိုင်ငံကနေ တင်သွင်းလျှက်ရှိပြီး ရေနံစိမ်းထုတ်ကုန်တွေ သယ်ယူပို့ဆောင်ရေးအတွက် သမားရိုးကျဖြစ်တဲ့ ရေနံတင်ကားတွေကို အသုံးပြုနေခဲ့ပါတယ်။ Barauni ရေနံချက်စက်ရုံကနေ Bihar ပြည်နယ် Raxaul ဂိုဒေါင်ရုံသို့ ပေးပို့ဖို့အတွက် အဓိက အဖွဲ့အစည်းဖြစ်တဲ့ အများပြည်သူပိုင်ကဏ္ဍမှ အိန္ဒိယ ရေနံစိမ်း ကော်ပိုရေးရှင်းအဖွဲ့ဟာ ၂၀၂၂ ခုနှစ်အထိ နောက်ထပ် ၅ နှစ် ကာလအတွက် ရေနံစိမ်း ဆက်လက်ပံ့ပိုးသွားဖို့ ၂၀၁၇ ခုနှစ်မှာ နီပေါနိုင်ငံ ရေနံစိမ်း ကော်ပိုရေးရှင်းအဖွဲ့နှင့်အတူ သဘောတူညီချက်ကို သက်တမ်းတိုးခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ ပထမဆုံးအကြိမ် လျာထားခဲ့တဲ့ Motihari-Amlekhgunj ပိုက်လိုင်းစီမံကိန်းဟာ နှစ်အတော်ကြာအထိ သိပ်အရေးမကြီးတဲ့အဆင့်မှာ ရှိနေခဲ့ပြီး ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ် Mr. Modi ရဲ့ နီပေါနိုင်ငံခရီးစဉ်အပြီးမှာ အရှိန်အဟုန် ရရှိလာခဲ့ပါတယ်။ စီမံကိန်းဖော်ဆောင်ဖို့ သဘောတူညီချက်တစ်ရပ်ကို ၂ နိုင်ငံတို့ရဲ့ အဓိက အစိုးရပိုင် ရေနံစိမ်း ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံ ရေနံစိမ်း ကော်ပိုရေးရှင်း လီမီတက်နှင့် နီပေါနိုင်ငံ ရေနံစိမ်း ကော်ပိုရေးရှင်းတို့အကြား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ စီမံကိန်းအတွက် အခြေခံ အုတ်မြစ်ကိုတော့ ပြီးခဲ့တဲ့နှစ် ဧပြီလက Mr. Oli ရဲ့ နယူးဒေလီမြို့ခရီးစဉ်အတွင်း ၂ နိုင်ငံ ဝန်ကြီးချုပ်တွေဖြစ်ကြတဲ့ Mr. Modi နှင့် Mr. Oli တို့က Hyderabad ဂေဟာကနေ အဝေးထိန်းခလုပ်မှတဆင့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို လပေါင်း ၃၀ သို့မဟုတ် ၂ နှစ်ခွဲကာလအတွင်း အပြီးဖြတ်လုပ်ဆောင်ဖို့ သတ်မှတ်ခဲ့ပေမယ့် ၂ နိုင် အရာရှိတွေရဲ့ မနေမနားကြိုးပမ်းမှုတို့ကြောင့် မျှော်မှန်းထားတဲ့ မူလ သတ်မှတ်ချိန်ရဲ့ ထက်ဝက်လောက်အကြာမှာပဲ ဖော်ဆောင်လုပ်ကိုင် ပြီးစီးခဲ့တာဖြစ်သလို ဒါဟာ နီပေါနိုင်ငံအတွင်း အိန္ဒိယနိုင်ငံကပြုလုပ်တဲ့ စီမံကိန်းတစ်ခုခုအတွက် အမြန်ဆုံး ရုပ်လုံးဖော်ဆောင်နိုင်မှု စံချိန်ဝင် ဖြစ်ခဲ့ပါတယ်။ ဒါဟာ နီပေါနိုင်ငံအတွင်း အိန္ဒိယနိုင်ငံရဲ့ ဖော်ဆောင်လုပ်ကိုင်မှုတွေဟာ သတ်မှတ်ချိန်ထက် အချိန်ပိုမိုကြာမြင့်ပြီး ကုန်ကျစရိတ် ပိုမိုများပြားစေမှုနှင့်အတူ စီမံကိန်းအများအပြားတို့မှာ နှောင့်နှေးကြန့်ကြာရတယ်လို့ အိန္ဒိယနိုင်ငံရဲ့ အကူအညီနှင့် စီမံကိန်းတွေအပေါ် မကြာခဏဆိုသလို စောဒကတက် ကန့်ကွက်ပြောဆိုမှုတွေကို ဖယ်ရှားရာမှာလည်း အထောက်အကူပြုခဲ့ပါတယ်။ ယခုအခါမှာတော့ ၂ နိုင်ငံတို့ဟာ လက်ရှိဖော်ဆောင်နေဆဲ စီမံကိန်းတွေကို ပြန်လည်သုံးသပ်ကြဖို့ အဆင့်မြင့် ဆွေးနွေးပွဲတွေကို ပုံမှန် ကျင်းပနေကြပြီး လွန်ခဲ့တဲ့ လကတင်ပဲ အိန္ဒိယ-နီပေါ ပူးတွဲကော်မရှင်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ၂ နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကဦးဆောင်ပြီး ခတ္တမန္ဓုမြို့မှာ ပြုလုပ်ခဲ့ကာ ၂ နိုင်ငံ အပြန်အလှန်ဆက်ဆံရေး နယ်ပယ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ခဲ့ကြသလို ပူးပေါင်းလုပ်ဆောင်မှု ကဏ္ဍသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်ခဲ့ကြပြီး လက်ရှိစီမံကိန်း အကောင်အထည်ဖော် တိုးတက်မှုအခြေအနေတွေကို သုံးသပ်ခဲ့ကြပါတယ်။ ၂ နိုင်ငံဆက်ဆံရေးအခြေအနေ တိုးတက်မှုတွေကို ဝန်ကြီးချုပ် ၂ ဦးစလုံးက ကျေနပ်အားရကြောင်း ဖော်ပြခဲ့ကြပြီး Mr. Oli ဟာ နီပေါနိုင်ငံမှာ ၂၀၁၅ ခုနှစ်က မြေငလျင် ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် လူနေအိမ် အလုံးရေ ၅ သောင်း တည်ဆောက်ပေးမှုအတွက်လည်း အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါတယ် စသဖြင့် ဆောင်းပါးရှင် Rattan Saldi ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။