အင်ဒို-အမေရိကန်ပြည်ထောင်စု စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးများ – များစွာတိုးတက် ပြောင်းလဲမှုများ တွေ့မြင်ရရန်ရှိနေ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ အိန္ဒိယနိုင်ငံ အကောက်ခွန်ဌာနမှ၊ ဝါရင့် စီးပွားရေး သုတေသီ ဆောင်းပါးရှင် Satyajit Mohanty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အင်ဒို-အမေရိကန်ပြည်ထောင်စု စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးများ – များစွာတိုးတက် ပြောင်းလဲမှုများ တွေ့မြင်ရရန်ရှိနေ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ယခုနောက်ဆုံးသော အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Mr. Narendra Modi ဟာ Houston မြို့သို့ ရောက်ရှိရာမှာ “Houston မြို့ကိုလာရောက်ပြီး စွမ်းအင်အရေး ဆွေးနွေးမှုတွေမလုပ်လို့တော့ မဖြစ်နိုင်ဘူး” လို့ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စွမ်းအင်ဆိုင်ရာ ဗဟိုချက်မနေရာတွေအနက် တခုဖြစ်တဲ့ Texas ပြည်နယ်၊ Houston မြို့ကို Mr. Modi ရဲ့ ဆွေးနွေးမှု ပထမဆုံးအဖြစ် ရွေးချယ်လိုက်တာဟာ အင်ဒို-အမေရိကန် ဆက်ဆံရေးတွေမှာ စွမ်းအင်ကွင်းဆက်တွေက ဗဟိုမဏ္ဍိုင်မှာရှိနေတယ်ဆိုတာကို အချက်ပြဖို့ ရည်စူးခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Mr. Modi ရဲ့ဖော်ပြချက်ဟာ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ကမ္ဘာ့ထိပ်တန်း စွမ်းအင်ရေးရာ အမှုဆောင်အရာရှိချုပ်တွေနှင့် ဆွေးနွေးမှုတွေကြောင့် ဖြစ်ပြီး ‘Howdy Modi’ အခမ်းအနားကြီးမှာ ဝန်ကြီးချုပ် Mr. Modi နှင့် အမေရိကန်သမ္မတ Mr. Donald Trump တို့ ၂ ဦးစလုံးတို့က စွမ်းအင်ကဏ္ဍဟာ အပြန်အလှန် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပေါ်စေတယ်လို့ အလေးပေး ဖော်ပြခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်၊ ဇွန်လက တွေ့ဆုံဆွေးနွေးပွဲမှာလည်း ခေါင်းဆောင် ၂ ဦးတို့ဟာ အမေရိကန်-အိန္ဒိယ မဟာဗျူဟာ စွမ်းအင်အရေး ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံခိုင်မာစေခဲ့ကြပါတယ်။ သမ္မတ Trump ရဲ့ ‘အမေရိကန် ဦးစားပေးရေး စွမ်းအင်စီမံကိန်း’ ဟာ ဥပဒေရေးရာနှင့် ရင်းနှီးမြှုပ်နှံမှု အဟန့်အတားတွေကိုဖယ်ရှားပြီး မဖော်ထုတ်ရသေးတဲ့ ရေနံစိမ်းနှင့် ဓာတ်ငွေ့သိုက်တွေ စူးစမ်းရှာဖွေပြီး ထုတ်လုပ်ရေးအတွက် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုဟာ စွမ်းအင်သုံးစွဲမှု များစွာလိုအပ်တာကြောင့် ဒီမူဝါဒဟာ စွမ်းအင်ဆိုင်ရာ တခြားရင်းမြစ်တွေ စူးစမ်းရှာဖွေရေးနှင့် အနည်းငယ်မျှသော နိုင်ငံတွေအပေါ် ရင်းမြစ် မီခိုအားထားရမှု လျော့ပါးရေးတို့အပေါ် အာရုံပြုထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မူဝါဒတွေကလည်း ဓာတ်ငွေ့အခြေပြု စီးပွားရေးကဏ္ဍဆီသို့ ကူးပြောင်းဖို့ ချိုးကွေ့နေကြပြီး ပဲရစ်မြို့ ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ CoP 21 ကတိပြုချက်တွေနှင့် ပြည့်မီမှုရှိကြပါတယ်။

အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့ဟာ တဦးနှင့်တဦး အပြိုင်အဆိုင်မဟုတ်ုဘဲ ပူးပေါင်းကြံဆမှုနှင့် စွမ်းအင်ရယူနေခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းတင်သွင်းမှုအပေါ် အလွန်အကျွံ မီခိုနေရမှုလျော့ပါးစေဖို့ ပင်လယ်ကွေ့ဒေသမဟုတ်တဲ့ နိုင်ငံတွေအထိ ပေါက်ရောက်နေသလို အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံကို ရေနံစိမ်းနှင့် ဓာတ်ငွေ့ပံ့ပိုးတဲ့ အဓိကရင်းမြစ်နိုင်ငံအဖြစ် အမြန် ပေါ်ပေါက်လာနေတာကြောင့် ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှ ရေနံစိမ်း တင်သွင်းမှုတွေဟာ ၂ နှစ်မျှသော အချိန်ကာလအတွင်း အများအပြား တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပထမဆုံးအကြိမ် သင်္ဘောဖြင့် ဓာတ်ငွေ့ပို့ဆောင်မှုကို လွန်ခဲ့တဲ့နှစ်က လက်ခံရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ တိုးများလာနေတဲ့ တင်သွင်းမှုတွေဟာ ဒီနိုင်ငံက အိန္ဒိယနိုင်ငံနှင့် မကြာခဏ ဖော်ပြလေ့ရှိတတ်တဲ့ ကုန်သွယ်ရေး အလိုပြမှုစိုးရိမ်ချက်ကို လျော့နည်းစေရာမှာ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။

ခေတ်မီတဲ့ စွမ်းအင်ရရှိရေး၊ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်ထိရောက်မှုရှိရေးတို့အတွက် ၂ နိုင်ငံတို့ဟာ ပထမဆုံး မဟာဗျူဟာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ရေးရာ ဝန်ကြီး Dharmendra Pradhan နှင့် အမေရိကန် စွမ်းအင်ရေးရာဝန်ကြီး Rick Perry တို့ ပူးတွဲကြီးမှူးပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲဟာ ကဏ္ဍပိုင်းအားဖြင့် (၁) ရေနံနှင့် ဓာတ်ငွေ့၊ (၂) လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင် ထိရောက်လုံလောက်ရေး၊ (၃) ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် (၄) ကျောက်မီးသွေး စတဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံ ထောက်တိုင်ကြီး ၄ ခုတို့ကို ဆောင်ရွက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သိသိသာသာ တိုးတက်မှုတစ်ခုအဖြစ် အိန္ဒိယနိုင်ငံရဲ့ Petronet LNG Ltd နှင့် အမေရိကန် အခြေစိုက် Tellurian Inc ကုမ္ပဏီတို့ဟာ ရင်းနှီးမြှုပ်နှံမှု ၂.၅ ဘီလျံဒေါ်လာ တန်ဖိုးရှိတဲ့ ဒေါ်လာ ၇.၅ ဘီလျံ စာချုပ် ၁ ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဒါဟာ Driftwood LNG ပြည်ပတင်ပို့မှုလုပ်ငန်းမှာ Petronet ရဲ့ အစုရှယ်ယာ ၁၈% ရှိစေမှာဖြစ်ပါတယ်။ Petronet ကုမ္ပဏီဟာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုး မြှုပ်နှံမှုနှင့်အတူ တပြိုင်တည်းဖြစ်ပေါ်လာတဲ့ LNG ဓာတ်ငွေ့ ၁ နှစ်မှာ မက်ထရစ်တန်ချိန် ၅ သန်းအထိ ရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် တက်ရောက်မှုနှင့် လက်မှတ်ရေးထိုးခဲ့တဲ့ ဒီသဘောတူညီချက်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ဓာတ်ငွေ့ကဏ္ဍအတွင်း အများဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကတိပြုချက်တွေအနက် ၁ ခု ဖြစ်ပါတယ်။ ကောင်းစွာချိန်ညှိလုပ်ဆောင်မှုအဖြစ် အိန္ဒိယ ရေနံစိမ်း ကော်ပိုရေးရှင်းနှင့် Bharat ရေနံစိမ်းတို့လို ကုမ္ပဏီတွေဟာ အမေရိကန်ပြည်ထောင်စုမှ ရေနံစိမ်းတွေ ပမာဏအများအပြားရရှိဖို့ သဘောတူညီချက်စာချုပ်တွေ ချုပ်ဆိုလိုက်ကြပြီး GAIL နှင့် Reliance တို့လို ကုမ္ပဏီတို့ကလည်း အမေရိကန် ဓာတ်ငွေ့စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုက်ကြကာ ဒါကလည်း နည်းပညာပိုင်း ပြောင်းလဲမှုတွေကတဆင့် အိန္ဒိယနိုင်ငံရဲ့ ရေနံစိမ်းနှင့် ဓာတ်ငွေ့နယ်ပယ်တွေမှာ နောက်ဆုံးပေါ် နည်းပညာဖြင့် လေ့လာ ထုတ်လုပ်ရာမှာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်နှင့်အတူ ဆွေးနွေးကြရာမှာ ကမ္ဘာတဝှမ်းမှ စွမ်းအင်ဆိုင်ရာ အမှုဆောင် အရာရှိချုပ်တွေဟာ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်အသွင်ပြောင်း စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ကြသလို လွတ်လပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ကုမ္ပဏီဆိုင်ရာ အကောက်ခွန်နှုန်းထား လျော့ပေါ့မှုတွေကို ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ စွမ်းအင် အေဂျင်စီအဖွဲ့ဟာ Modi အစိုးရ ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၈၅ ဘီလျံဒေါ်လာနှင့် စံချိန်အားဖြင်င့ ၁၂% နှင့် ကမ္ဘာပေါ်မျာ အမြင့်မားဆုံး တိုးတက်မှုစံချိန်ချိုးခဲ့တယ်ဆိုတာကို အသိပြုမိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ လာမယ့် ဆယ်စုနှစ်မှာ ဟိုက်ထရိုကာဗွန် ကဏ္ဍမှာ ဒေါ်လာ ၃၀၀ ဘီလျံဝန်းကျင်ရှိတဲ့ ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းတွေ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

အင်ဒို-အမေရိကန် စွမ်းအင်ကဏ္ဍဆိုင်ရာ အခြားအစပျိုးလုပ်ဆောင်ချက်တွေမှာဆိုရင် အရပ်ဖက်သုံး အနုမြူရေး နောက်ထပ် ပူးပေါင်းဆောင်ရွက်ရေး၊ ခေတ်မီတဲ့ သန့်ရှင်းစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုနှင့် ဓာတ်အားထုတ်လွှတ်မှု လိုင်းတွေမှာ ရင်းနှီးမြှုပ်နှံရေး စသည်တို့ ပါဝင်ကြပါတယ်။ အင်ဒို-အမေရိကန် ဆက်ဆံရေးတွေဟာ ဆက်လက်တိုးတက်ထွန်းကားလျှက်ရှိနေပြီး လာမယ့်နှစ်တွေအတွင်း စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးတွေမှာ အများအပြား ဖွံ့ဖြိုးတိုးတက်ဖို့ တာစူလျှက် ရှိနေပါတယ် စသဖြင့် ဆောင်းပါးရှင် Satyajit Mohanty ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။