“ကပ္ပလီကျွန်းအရေးကိစ္စ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကပ္ပလီကျွန်းအရေးကိစ္စ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ဟိမဝန္တာတောင်တန်းဒေသပိုင်း၊ အိန္ဒိယနိုင်ငံရဲ့ Uttarakhand ပြည်နယ်၊ Pithoragarh ခရိုင်းအတွင်း အိန္ဒိယ၊ နီပေါနဲ့ တရုတ်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်လမ်းစုံမှာတည်ရှိတဲ့ Kalapani ခေါ် ကပ္ပလီကျွန်းအုပ်ချုပ်ရေးအပေါ် ငြင်းခုံမှုတွေဟာ New Delhi အစိုးရက Jammu နဲ့ Kashmir ပြည်နယ်ကို ပြည်ထောင်စုနယ်မြေအဖြစ် ခွဲခြမ်းသတ်မှတ်လိုက်တဲ့နောက် ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့မြေပုံမှာ အိန္ဒိယနိုင်ငံပိုင် နယ်မြေအဖြစ် ဖေါ်ပြထားဒါမို့ တခါပြန်ပြီး အပြင်းပွားဘွယ်ပေါ်ပေါက်လာခဲ့ပါတယ်။ နီပေါနိုင်ငံဟာ ကပ္ပလီကျွန်းနရဲ့ တစိတ်တပိုင်းကို ပိုင်ဆိုင်တယ်လို့ ဖေါ်ပြနေပါတယ်။

ကပ္ပလီကျွန်း အပြင်းအခုံတွေဟာ လွန်ခဲ့သော ရှေးပဝေသဏီ ၁၈၁၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင်ထင်ရှားခဲ့တဲ့ Sagauli စာချုပ်ချုပ်ဆိုခဲ့တဲ့အချိန်ကတည်းက နီပေါဘုရင်နဲ့ ဗြိတိသျှအုပ်ချုပ်ရေးအောက် အိန္ဒိယနိုင်ငံတို့အကြား တည်ရှိနေဒါဖြစ်ပါတယ်။ အဲဒီစာချုပ်မှာ Mahakali မြစ်ကြီးကို နှစ်နိုင်ငံတို့အကြား နယ်ခြားမျဉ်းအဖြစ် သတ်မှတ်ခဲ့ပေမဲ့ ဒီမြစ်ကြီးစတင်ရာနေရာ သို့မဟုတ် မြစ်လက်တက်တွေက အဓိက Mahakali မြစ်ဖြစ်တယ်ဆိုဒါကို ဖေါ်ပြခြင်းမပြုခဲ့ပါဘူး။ ဒါပေမဲ့ ဗြိတိသျှပိုင် အိန္ဒိယအထွေထွေမြေတိုင်းတာရေးကထုတ်ဝေခဲ့တဲ့ နယ်နိမိတ်ဆိုင်ရာ တိုင်းတာရေးမြေပုံတွေမှာ Kalapani ၊ Lipu Lekh နဲ့ Limpiyadhura စတဲ့ဒေသတွေကို အိန္ဒိယနိုင်ငံရဲ့နယ်နိမိတ်အဖြစ် ရှင်းလင်းစွာဖေါ်ပြထားပြီး၊ နီပေါနိုင်ငံက အဲဒီဒေသပိုင်းကို သူတို့ပိုင်ဆိုင်တဲ့နေရာတွေဖြစ်တယ်လို့ ဖေါ်ပြပြီး၊ Mahakali မြစ်ရဲ့ စတင်ရာမူရင်းဒေသအပေါ် အပြင်းအခုံတွေပြုနေကြပါတယ်။ နီပေါနိုင်ငံက ကပ္ပလီကျွန်းဟာ သူတို့ပိုင် နိုင်ငံရဲ့မြောက်ဖက်စွန်း Dharchula ခရိုင်ရဲ့ မဖြေရှင်းရသေးတဲ့ နယ်နိမိတ်ဖြစ်တယ်လို့ ဖေါ်ပြနေပါတယ်။

နီပေါနိုင်ငံမြို့တော် Kathmandu မြို့မှာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့က အိန္ဒိယနိုင်ငံမှထုတ်ဝေခဲ့တဲ့မြေပုံကို ပြန်လည်ပြင်ဆင်ဘို့ အပြင်းအထန် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ကပ္ပလီကျွန်းဟာ သူတို့ပိုင်ဆိုင်တဲ့နယ်မြေဖြစ်ဒါကို ခိုင်မာစွာယုံကြည်ကြောင်း ဖေါ်ပြခဲ့ပါတယ်။ တုန့်ပြန်သောအားဖြင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း New Delhi အစိုးရကထုတ်ဝေခဲ့တဲ့မြေပုံသစ်ဟာ အိန္ဒိယနိုင်ငံရဲ့ စိုးမိုးအုပ်ချုပ်ရာ နယ်နိမိတ်ကိုသာ ဖေါ်ပြထားဒါဖြစ်ပြီး ဘယ်နည်းနဲ့မျှ နီပေါနိုင်ငံနဲ့ စေ့စပ်နေတဲ့နယ်နိမိတ်ကို ပြင်ဆင်ခဲ့ခြင်းမပြုထားဘူးလို့ ရှင်းလင်းဖော်ပြလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ပီကင်းမြို့သို့ အလည်အပတ်ခရီးစဉ် အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ Lipu Lekh ဖြတ်လမ်း ဖွံ့ဖြိုးရေး သဘောတူစာချုပ်နဲ့ပါတ်သက်ပြီး အလားတူကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီလမ်းကြောင်းဟာ အလွန်မွန်မြတ်သန့်စင်တဲ့ ဟင်ဒူဘုရားဖူး ဗဟိုဌာန Mansarovar အတွက် အတိုဆုံးဖြတ်လမ်းဖြစ်ပါတယ်။ နီပေါနိုင်ငံက အဆိုပါအရပ်ဟာ သူတို့ပိုင်ဆိုင်တဲ့နယ်မြေဖြစ်တယ်လို့ ဖေါ်ပြနေပါတယ်။ အဲဒီအချိန်မှာ ဘယ်လိုအရေးအခင်းမျှ မဖြစ်ပေါ်ခဲ့ဘဲ၊ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက အဲဒီဒေသပိုင်းကို ဆက်လက်ထိန်းချုပ်ထားခဲ့ကြပါတယ်။

အိန္ဒိယနဲ့ နီပေါနှစ်နိုင်ငံစလုံးတို့ဟာ ဒီအရေးကိစ္စကို နီးကပ်စွာ ချစ်ကြည်သောစိတ်ဓာတ်နဲ့ ဆွေးနွေးပွဲတွေမှာတဆင့် ဖြေရှင်းဘို့  လိုလားကြပါတယ်။ ပြည်တွင်းအနှောင့်အယှက်တွေ အစွန်းရောက်အမျိုးသားရေးဝါဒနဲ့ နီပေါနိုင်ငံအရေးကိစ္စတွေမှာ ပြည်ပမှ စိတ်ဝင်စားမှုတွေက Kathmandu အစိုးရကို အဆိုပါအရေးကိစ္စကို ဆက်လက်ရှင်သန်စွာထားရှိဘို့ အကြပ်ကိုင်နေပုံရပါတယ်။ အမှန်တကယ်တော့ နှစ်နိုင်ငံစလုံးတို့မှခေါင်းဆောင်တွေက အရေးကိစ္စအားလုံးတို့ကို ဆွေးနွေးမှုတွေကတဆင့် အေးချမ်းစွာ ဖြေရှင်းလိုကြပါတယ်။ ကပ္ပလီကျွန်းကိစ္စနဲ့ပါတ်သက်ပြီးလည်း နှစ်နိုင်ငံအကြား ရှေ့ပြေးဆွေးနွေးပွဲတွေကို စတင်နေကြပြီးဖြစ်ပါတယ်။ နီပေါနိုင်ငံရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ် Mr Nilamber Acharya ဟာ New Delhi မှာ နိုင်ငံခြားရေးအတွင်းဝန် Mr Vijay Gokhale နဲ့တွေ့ဆုံပြီး ဒီအရေးကိစ္စအား ဆွေးနွေးခဲ့ပါတယ်။ နီပေါနိုင်ငံကလည်း နိုင်ငံခြားရေးအတွင်းဝန်အဆင့် ဆွေးနွေးပွဲတွေပြုလုပ်ဘို့ တောင်းဆိုခဲ့ပါတယ်။ နီပေါအစိုးရဟာ ကပ္ပလီကျွန်းနဲ့ပါတ်သက်ပြီး သမိုင်းဝင်အကြောင်းအချက်တွေကို ရှာဖွေဘို့ ပါရဂူတွေပါဝင်တဲ့ တာဝန်ခံအုပ်စုတစု တည်ထောင်ထားပါတယ်။

နီပေါနဲ့ အိန္ဒိယနိုင်ငံတို့အကြား နိုင်ငံခြားရေးဝန်ကြီးများအဆင့် ပူးတွဲကော်မရှင်ရဲ့ ပဥ္စမမြောက် အစည်းအဝေးပွဲကို လွန်ခဲ့တဲ့ ဩဂုတ်လအတွင်း Kathmandu မြို့မှာ ကျင်းပခဲ့ကြပြီး၊ အပြန်အလှန်ဆက်ဆံရေးတခုလုံးကို ဆွေးနွေးခဲ့ကြပါတယ်။ အမှန်တကယ်တော့ အိန္ဒိယနဲ့ နီပေါနိုင်ငံတို့အကြား ကြီးထွားလာနေတဲ့ ဆက်ဆံရေးဟာ အဆင့်မြင့်သစ်သို့ ရောက်ရှိနေကြပြီး၊ လွန်ခဲ့တဲ့နှစ်က နှစ်နိုင်ငံတို့ဟာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နယ်ပယ်သစ်သုံးခုတို့အဖြစ် Rexaul-Kathmandu လျှပ်စစ်ရထားလမ်း၊ ရေကြောင်းသွားလာမှုမှာ ယခုထက်တိုင် မစူးစမ်းရသေးတဲ့ အရပ်ဒေသဖွံဖြိုးစဲ ပူးပေါင်းဆောင်ရွက်မှုနဲ့ စိုးပျိုးရေးနယ်ပယ်တွေကို တွေ့ရှိခဲ့ကြပါတယ်။

ကပ္ပလီကျွန်းအရေးကိစ္စဟာ အိန္ဒိယနဲ့ နီပေါနှစ်နိုင်ငံစလုံးတို့အတွက် ထိပါးလွယ်ဒါကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ နှစ်ဖက်စလုံးတို့မှ မြေတိုင်းအသင်းအဖွဲ့တွေက စတင်လုပ်ကိုင်နေကြပြီး၊ ဒီအရေးကိစ္စကို မကြာမှီ သင့်မြတ်စွာ ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။