စီးပွားရေးကြီးထွားရန်အတွက် အိန္ဒိယနိုင်ငံ အခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုကို တွန်းအားပေးရန် အခိုင်အမာဆုံးဖြတ်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ စီးပွားရေးကြီးထွားရန်အတွက် အိန္ဒိယနိုင်ငံ အခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုကို တွန်းအားပေးရန် အခိုင်အမာဆုံးဖြတ်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဝါရင့်စီးပွားရေးသတင်းစာဆရာ G. Srinivasan ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

သောတရှင်များခင်ဗျား၊ အိန္ဒိယအစိုးရဟာ၊ လာမဲ့ငါးနှစ်အတွင်း ရူပီးငွေကုဋေသိန်းပေါင်း ၁၀၀၊ အခြေခံအဆောက်အဦးတည်ဆောက်ရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံမဲ့ ဧရာမစီမံကိန်းကြီးတခုကို အစပြုလိုက်ပါတယ်။ ဒီစီမံကိန်းကြီးအားဖြင့် စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေခြင်းကို သိသိသာသာကျော်လွှားနိုင်မဲ့၊ စက်မှုလုပ်ငန်း အားပေးရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဧရာမ ဒီစီမံကိန်းကြီးက၊ နိုင်ငံမှာ အခြေခံအဆောက်အဦးများကို အခိုင်အမာတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ မီးရထား၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်း ပြည်ထောင်စုဝန်ကြီး Mr Piyush Goyal က လေကြောင်းပို့ဆောင်ရေး၊ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ အဝေးပြေးလမ်းမကြီးများဖေါက်လုပ်ရေး၊ မီးရထားပို့ဆောင်ရေး၊ သင်္ဘောဆိပ်များတည်ဆောက်ရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍတို့အားလုံး လာမဲ့ငါးနှစ်အတွင်း နိုင်ငံ့စီးပွားရေး ကြီးထွားတိုးတက်ရေးအတွက် အကြီးအကျယ် တွန်းအားရရှိမှာဖြစ်ကြောင်း ပြောကြားပါတယ်။

ကြီးမားကျယ်ပြန့်လှသော အိန္ဒိယမီးရထားကွန်ယက်ရဲ့ အကြီးအဲဖြစ်သော Mr Goyal က၊ ရူပီးငွေကုဋေသိန်းပေါင်း ၅၀ ရင်းနှီးမြှပ်နှံမဲ့ ၁၂ နှစ်စီမံကိန်းကြီးဟာ စီမံကိန်းတန်ဘိုးအရ မကြုံဘူးအောင် ကြီးမားလှပါတယ်။ ဒီလိုရင်းနှီးမြှပ်နှံမှုမျိုးကို အစိုးရတခုတည်းကသာပြုလုပ်ဖို့ မဖြစ်နိုင်ကြောင်း Mr Goyal ပြောတာမှန်ပါတယ်။ ဒါကြောင့် လိုအပ်သောမက်လုံးများပေးပြီး ပုဂ္ဂလိကကဏ္ဍကို ရင်းနှီးမြှပ်နှံရာမှာပါဝင်ဘို့ ဖိတ်ခေါ်မယ်လို့ သူကပြောပါတယ်။ အစိုးရအနေနဲ့ ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍတို့ ဖက်စပ်လုပ်ကိုင်စေတဲ့နည်းနဲ့ ဒါကိုဆောင်ရွက်မှာဖြစ်ကြောင်း သူကပြောပါတယ်။

အိန္ဒိယနိုင်ငံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အမှီ အမေရိကန်ဒေါ်လာ ၅ ထရီလီယံတန် စီးပွားရေးနိုင်ငံဖြစ်ထွန်းလာရေး ရည်မှန်းချက် အထမြောက်ရေးလုပ်ငန်းစဉ်ကို အစပျိုးဖို့အတွက် အိန္ဒိယအစိုးရဟာ လွန်ခဲ့သောငါးနှစ်အတွင်း စီးပွားရေးကဏ္ဍမှာ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုအတော်များများ ပြုလုပ်လာခဲ့ပါတယ်။ ရင်းနှီးမြှပ်နှံမှုကိုအားပေးသော အရေးယူဆောင်ရွက်မှုတွေထဲမှာ ၂၀၁၆ ခုနှစ် ကြွေးမဆပ်နိုင်အောင် မွဲတေမှုနှင့်ဒေဝါလီခံရမှုဥပဒေကိုရေးဆွဲခဲ့တာလဲ ပါဝင်ပါတယ်။ ဒီဥပဒေက ဘဏ္ဍာရေးစနစ်ကို သန့်ရှင်းကြံ့ခိုင်အောင်ပြုလုပ်ဖို့ ရည်ရွယ်ပါတယ်။ အခွန်အကောက်အမျိုးမျိုးကောက်ခံတဲ့စနစ်ကို အဆုံးသတ်စေပြီး၊ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးချောမွေ့စွာလုပ်ကိုင်နိုင်စေဖို့အတွက်၊ အခွန်နှုန်း အမျိုးအစားအနည်းငယ်သာ စည်းကြပ်တဲ့ GST ခေါ် ကုန်စည်နဲ့ဝန်ဆောင်မှုအခွန်စနစ်ကို ချမှတ်ခဲ့ပါတယ်။ အိန္ဒိယမှာထုတ်လုပ်ရေးလုပ်ငန်း အစီအစဉ်ချမှတ်ခြင်းဟာ၊ ကမ္ဘာ့အဆင့်အတန်းမှီ ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှုများ ပြည်တွင်းမှာထုတ်လုပ်နိုင်ရေးစွမ်းရည်ကို မြှင့်တင်ရာမှာ အဓိကကျတဲ့မှတ်တိုင်တခုဖြစ်ပါတယ်။

မကြာသေးခင်ကဘဲ၊ အစိုးရက ကော်ပိုရိတ်အခွန် ၃၀% မှ ၂၂% သို့ လျှော့ချပေးလိုက်ပါတယ်။ ဒါဟာလဲ ရင်းနှီးမြှပ်နှံမှုကို တွန်းအားပေးတဲ့ အရေးကြီးသော ခြေလှမ်းတခုဖြစ်ပါတယ်။ ပြည်တွင်းကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီသစ်တွေအပေါ်လည်း၊ အခွန်နှုန်းကို ၁၅% အထိ လျှော့ချပေးပါသေးတယ်။ ဒါဟာ ကမ္ဘာမှာအသက်သာဆုံး အခွန်နှုန်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်အတွင်း Reserve Bank of India အိန္ဒိယဗဟိုဘဏ်ကြီးက၊ Repo rate အခြေခံ အတိုးနှုန်းကို ၁၃၅ မှတ် လျှော့ချပေးလိုက်ပါတယ်။ နောက်ပြီး၊ ရင်းနှီးမြှပ်နှံသူများ အသက်ရူချောင်ရလေအောင်၊ ဘဏ်တိုးနှုန်းကို ပြည်ပစံချိန်နဲ့ဆက်စပ်ပေးဘို့ RBI ဗဟိုဘဏ်က၊ လက်အောက်ခံဘဏ်များကို လုပ်ကိုင်ခွင့်ပေးပါတယ်။ ဗုဒ္ဓဟူးနေ့မှာ၊ ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး Ms Nirmala Sitharaman က ၊ အနိမ့်ဆုံးအပိုဆောင်းအခွန် စည်းကြပ်ခြင်းနဲ့ အစုရှယ်ယာမှရရှိသော အမြတ်ငွေအပေါ် အခွန်စည်းကြပ်ခြင်းတို့ဟာ၊ ခေတ်နဲ့မလျှော်ညီဘူးလို့ ပြောကြားလိုက်တာကြောင့် အိန္ဒိယကော်ပိုရိတ်ကဏ္ဍရဲ့တောင်းဆိုချက် ၂ ရပ်ကို အစိုးရက လက်ခံမဲ့အလားအလာရှိကြောင်း မျှော်လင့်စရာရှိလာခဲ့ပါတယ်။ အဲဒီအစိုးရရဲ့လိုက်လျောမှု ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ ထင်ဟပ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ကြေငြာထားပြီးဖြစ်တဲ့ အရေးယူဆောင်ရွက်မှုများနဲ့၊ ကြေငြာဖို့ရှိသော အရေးယူဆောင်ရွက်မှုတွေက၊ ပြည်တွင်းစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးနဲ့ အခြေခံအဆောက်အဦးတည်ဆောက်ရေးတို့အတွက် အစိုးရက အချိန်မှန်မှန် တွန်းအားပေးမဲ့မူဝါဒကို ကျင့်သုံးမှာဖြစ်ကြောင်း သက်သေပြနေပါတယ်။ အစိုးရက ဒီလိုအားပေးမှသာ၊ ပြည်တွင်းစက်မှုလုပ်ငန်းတွေအနေနဲ့ ဈေးနှုန်းအနေနဲ့ရော၊ အရည်အသွေးအနေနဲ့ပါ၊ ကြီးမားသော ပြည်တွင်းဈေးကွက်မှာသာမက၊ ပင်လယ်ရပ်ခြားဈေးကွက်မှာပါ၊ ပြိုင်ဆိုင်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။ 

အခြေခံအဆောက်အဦးကဏ္ဍမှာ ရင်းနှီးမြှပ်နှံခြင်းနဲ့ စီးပွားရေးကြီးထွားမှုရဲ့ အပြန်အလှန်ဆက်နွယ်မှုရှိတယ်ဆိုတဲ့အချက်ကို သဘောပေါက်လို့ အစိုးရက ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကို စီးပွားရေးစစ်တမ်းမှာ ထင်ဟပ်နေပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးနဲ့ လေကြောင်းပို့ဆောင်ရေးတို့ရဲ့ အခြေခံအဆောက်အဦးကဏ္ဍတို့မှာ ရင်းနှီးမြှပ်နှံမှုနဲ့၊ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဘိုးတို့ အပြန်အလှန်ဆက်နွယ်မှု အားကောင်းစွာရှိနေပါတယ်။ အချုပ်အားဖြင့် ရည်မှန်းထားတဲ့အတိုင်း စီးပွားရေးကြီးထွားမှု ရုပ်လုံးပေါ်ဖို့အတွက်၊ အခြေခံအဆောက်အဦကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြှပ်နှံမှုပြုလုပ်ဖို့လိုအပ်ကြောင်း အဲဒီရည်မှန်းချက် ရုပ်လုံးပေါ်ဖို့အတွက်၊ အစိုးရက၊ မိမိမှာရှိသော လက်နက်ကိရိယာအားလုံးကို အသုံးချမှာဖြစ်ကြောင်း ဆောင်းပါးရှင် G. Srinivasan က ဝေဖန်သုံးသပ်ထားကြောင်းပါခင်ဗျား။