လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားပေးပို့ထားတဲ့ “လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

၁၉၄၉ ခုနှစ်ရဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲချမှတ်မှုကို အထိမ်းအမှတ်ပြုဖို့အတွက် အခြေခံဥပဒေနေ့ရက်အဖြစ် ကျင်းပလာတဲ့အလျောက် ဒီနှစ်မှာလည်း လွန်ခဲ့တဲ့ အင်္ဂါနေ့မှာ ကျင်းပခဲ့ပါတယ်။ အခြေခံဥပဒေဟာ အိန္ဒိယ သမ္မတနိုင်ငံတော်ရဲ့ သမိုင်းကဏ္ဍမှာ ခေတ်သစ်တခု အစပြုမှုအထိမ်းအမှတ်နှင့်အတူ ၁၉၅၀ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အကျုံးဝင်လာခဲ့ပါတယ်။ လွှတ်တော်ဗဟိုခန်းမမှာ အခမ်းအနားကျင်းပမှု တစိတ်တပိုင်းအဖြစ် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးသို့ အမှာစကားပြောကြားရာမှာ အခွင့်အရေးနှင့်တာဝန်တို့ဟာ ဒင်္ဂါးပြားတခု၏ ခေါင်းနှင့်ပန်းကဲ့သို့ အစဉ်အမြဲ ဒွန်တွဲရှိနေကြောင်းဖော်ပြလျှက် မိမိတို့၏ တာဝန်များအား သိရှိကြစေရန်အတွက် နိုင်ငံသားများကို သမ္မတ Mr. Ram Nath Kovind က တောင်းဆိုဖော်ပြခဲ့ပါတယ်။ ပြည်သူတို့အနေဖြင့် ၎င်းတို့၏တာဝန်များကို လုပ်ဆောင်ရန်လိုအပ်ပြီး သို့မှသာ ၎င်းတို့၏ရပိုင်ခွင့်များအား ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် အခြေအနေများ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း သမ္မတက ဖော်ပြခဲ့ပါတယ်။ သမ္မတဟာ အထက်လွှတ်တော်ရဲ့ အကြိမ် ၂၅၀ မြောက် အစည်းအဝေးကာလအထိမ်းအမှတ်ပြုလျှက် အိန္ဒိယနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစနစ်အတွင်း အထက်လွှတ်တော်ရဲ့ အခန်းကဏ္ဍဆိုင်ရာ စာအုပ် ၁ အုပ်၊ အထိမ်းအမှတ် ဒင်္ဂါးပြားနှင့် တံဆိပ်ခေါင်း ၁ ခုတို့ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အခမ်းအနားမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက ဦးဆောင်ရေးဆွဲခဲ့သူကြီး Dr. B R Ambedkar ရဲ့ မှန်းမျှော်ချက်တွေကို ဝန်ကြီးချုပ် Mr. Narendra Modi က ဖော်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ အခြေခံဥပဒေကို အလေးအမြတ် စာအုပ် ၁ အုပ်နှင့် လမ်းပြမီးအဖြစ် ဖော်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးနှင့် တာဝန် ၂ ရပ်စလုံးတို့ကို အသားပေးဖော်ပြထားပြီး ဒါဟာ ဥပဒေရဲ့ အထူးဝိသေသဖြစ်ကြောင်းဖော်ပြလျှက် ဥပဒေရဲ့ စွမ်းအားနှင့် ပြည့်စုံမှုတို့ကိုလည်း ဝန်ကြီးချုပ်က ညွှန်းဆိုဖော်ပြခဲ့ပါတယ်။ အထက်လွှတ်တော် ဥက္ကဌဖြစ်ပြီး ဒုသမ္မတလည်းဖြစ်တဲ့ Mr. M. Venkaiah Naidu ကတော့ နိုင်ငံတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကာလအတွင်း ၎င်းရဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ အခြေခံဥပဒေကို စောင့်ထိန်းလိုက်နာခဲ့ရုံမက အခြေခံဥပဒေအဖြစ် အခြေအနေတွေကိုပြောင်းလဲပြီး ဒီမိုကရေစီ အလေ့အထ ကျင့်သုံးမှုပုံစံ တိုးတက်နက်ရှိုင်းစေရာမှာ အံ့မခန်းကြီးမားလှတဲ့ အောင်မြင်တိုးတက်မှု လုပ်ငန်းကိုလည်း ဆောင်ရွက်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ကတော့ အိန္ဒိယနိုင်ငံဟာ Jammu နှင့် Kashmir ဒေသ ပြန်လည် ဖွဲ့စည်းထားရှိမှုပြုလုပ်ရာမှာ အဲဒီဒေသအတွင်း တပ်လှန့်မှုအခြေအနေပေါ်ပေါက်စေဖို့ ပါကစ္စတန်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားလိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mr. S Jaishankar က အောက်လွှတ်တော်ကို အသိပေးဖော်ပြခဲ့ပါတယ်။ အစ္စလာမာဘတ်အစိုးရဟာ ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီနှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့လို နိုင်ငံတကာအဖွဲ့အစည်း ညီလာခံတွေမှာ Jammu နှင့် Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံဆန့်ကျင်ရေး လွဲမှားတဲ့ ဝါဒဖြန့်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့် နယူးဒေလီအစိုးရဟာ ဒီလိုကြိုးပမ်းမှုအလုံးစုံတို့ကို ကာလတလျှောက်လုံး အပြည့်အဝအားဖြင့် ကျဆုံးစေခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေဟာ ဒီနိုင်ငံရဲ့ မြေနယ်နိမိတ်တွေကို ဘယ်နည်းနှင့်မဆို အကြမ်းဖက်ဝါဒအတွက် အသုံးပြုဖို့ခွင့်မပြုဖို့အတွက် ပါကစ္စတန်နိုင်ငံကို ပြောဆိုထားကြောင့် နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ မည်သို့သော ဆုတ်ယုတ်ကျဆင်းမှုကိုမျှ ရင်ဆိုင်နေရခြင်းမရှိဘဲ အစိုးရကလည်း စီးပွားရေး တိုးတက်ကြီးပွားစေဖို့ ခိုင်မာတဲ့ဆောင်ရွက်မှုတွေအဖြစ် စီမံချက်အများအပြားတို့ကို လုပ်ဆောင်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး မစ် Nirmala Sitharaman က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံရေးပါတီ အသီးသီးတို့မှာပါဝင်ကြတဲ့ MEP ခေါ် ဥရောပ ပါလီမန်လွှတ်တော်ရဲ့ အဖွဲ့ဝင် ၂၇ ဦးပါ အဖွဲ့ ၁ ဖွဲ့ဟာ ဒေလီမြို့အခြေစိုက် ပါရဂူများအဖွဲ့ ၁ ခုဖြစ်တဲ့ ဘက်မလိုက်ရေး လေ့လာမှုဆိုင်ရာ နိုင်ငံတကာဌာနရဲ့ ဖိတ်ကြားချက်နှင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်တရပ်ဖြင့် လာရောက်ခဲ့ကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး Mr. V. Muraleedharan က ကြာသပတေးနေ့မှာ အထက်လွှတ်တော်ကို အသိပေးခဲ့ပါတယ်။ ခရီးစဉ်အတွင်း MEP လွှတ်တော်အဖွဲ့ဝင်တွေဟာ အကြမ်းဖက်ဝါဒက အိန္ဒိယနိုင်ငံကို အထူးသဖြင့် Jammu နှင့် Kashmir ပြည်ထောင်စုနယ်မြေအတွင်း ခြိမ်းခြောက်မှုတခုအဖြစ် ဘယ်လိုအသွင်ဆောင်နေတယ်ဆိုတဲ့ အမြင်သဘောထားတရပ် ရရှိခဲ့ကြတယ်လို့ ဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ ယင်းကဲ့သို့ နှီးနှောဖလှယ်မှုတွေဟာ လူထုချင်းဆက်ဆံရေး ပိုမိုတိုးတက်မှုရှိစေဖို့ဆောင်ရွက်ရာမှာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ မျှော်မှန်းချက်တွေနှင့် ထပ်တူကျလျှက်ရှိပြီး အခြေခံအားဖြင့်လည်း တခြားနိုင်ငံတွေနှင့် နယူးဒေလီအစိုးရ ကိုင်တွယ်ကျင့်သုံးနေတဲ့ ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရာမှာ အထောက်အကူပြုလျှက်ရှိတယ်လို့ အဆိုပါဝန်ကြီးက ဖော်ပြခဲ့ပါတယ် စသဖြင့် ဆောင်းပါးရှင် V. Mohan Rao ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။