“ဆွီဒင်နိုင်ငံ တော်ဝင်ဇနီးမောင်နှံတို့၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဥရောအရေးကိစ္စများဆိုင်ရာ နည်းဗျူဟာကျ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဆွီဒင်နိုင်ငံ တော်ဝင်ဇနီးမောင်နှံတို့၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ဆွီဒင်နိုင်ငံမှ တော်ဝင်ဇနီးမောင်နှံဖြစ်ကြတဲ့ ဘုရင် ဆယ့်ခြောက်ကြိမ်မြောက် Carl Gustaf နဲ့ ဘုရင်မ Silvia တို့ဟာ (၅) ရက်ကြာ အလည်အပါတ်ခရီးစဉ်နဲ့ အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ကြပါတယ်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ms Ann Linde နဲ့ ရောင်းဝယ်ဖေါက်ကားရေးဝန်ကြီး Mr Ibrahim Baylan တို့ကလည်း တော်ဝင်မိသားစုနဲ့အတူ တရားဝင် လာရောက်လည်ပါတ်ခဲ့ပါတယ်။ ဆွီဒင်နိုင်ငံမှ ကုမ္ပဏီပေါင်း (၅၀) တို့မှ ကိုယ်စားလှယ်တွေနဲ့ စတင်အစပျိုးတည်ထောင်ကြသူတွေလည်း အဲဒီအဆင့်မြင့်အသင်းနဲ့အတူ လိုက်ပါလာခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ ဆွီဒင်ဘုရင်ရဲ့ အိန္ဒိယနိုင်ငံသို့ ၁၉၉၃ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေနောက်ပိုင်း တတိယမြောက်ခရီးစဉ်ဖြစ်ပါတယ်။ နောက်ပြီး ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က သမ္မတဟောင်း Mr Pranab Mukherjee ရဲ့ ဆွီဒင်နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်ပြီးနောက် နှစ်နိုင်ငံအကြား စတုတ္တအကြိမ်မြောက် အဆင့်မြင့်နိုင်ငံရေး ဖလှယ်မှုဖြစ်ဒါကလည်း မှတ်သားရမယ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များအတွင်း ပြုလုပ်ခဲ့ကြတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ အိန္ဒိယ-ဆွီဒင်ဆက်ဆံရေးတွေကို ခိုင်မာစေခဲ့ပြီး အဆင့်သစ်တွေဆီ သယ်ဆောင်လျှက်ရှိပါတယ်။

ဘုရင် Gustaf ဟာ ဝန်ကြီးချုပ် Mr Narendra Modi နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ ဆန်းသစ်တီထွင်မှုဆိုင်ရာ အိန္ဒိယ-ဆွီဒင် အဆင့်မြင့်ပေါ်လစီ တွေ့ဆုံဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ကြသူတွေက ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေအား သေးငယ်သွားစေရေးနဲ့ တည်တံ့ခိုင်မြဲတဲ့ ကြီးထွားမှုများရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရေး၊ တတ်နိုင်ပြီး၊ တိုင်းတာနိုင်တဲ့နည်းပညာတွေ ရှာဖွေရေးမှာ အနာဂါတ်ပူးပေါင်းဆောင်ရွက်မှုနဲ့ပါတ်သက်တဲ့ အကြံဥာဏ်တွေကို ဖေါ်ပြဆွေးနွေးခဲ့ကြပါတယ်။ ဆွီဒင်ဘုရင်ဟာ သမ္မတ Mr Ram Nath Kovidn နဲ့လည်း တွေ့ဆုံခဲ့ပြီး MoU နားလည်မှုစာချွန်လွှာ (၃) ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆွီဒင်နိုင်ငံ စွမ်းအင်အေဂျင်စီနဲ့ အိန္ဒိယသိပ္ပံနဲ့ နည်းပညာရေးရာဌာနတို့အကြား နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆွီဒင်နိုင်ငံပညာရေးနဲ့ သုတေသနဝန်ကြီးဌာနနဲ့ အိန္ဒိယနိုင်ငံပထဝီမြေဆိုင်ရာ သိပ္ပံဝန်ကြီးဌာနတို့အကြား ဝင်ရိုးစွန်းသိပ္ပံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နောက်ထပ် MoU နားလည်မှုစာချွန်လွှာတခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တတိယ နားလည်မှုစာချွန်လွှာတခုကတော့ ပင်လယ်ရေကြောင်း ပါတ်ဝန်းကျင်လုံခြုံရေးဆိုင်ရာဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဆွီဒင်သုတေသနကောင်စီက ကွန်ပြူတာသိပ္ပံနဲ့ ဒြပ်သတ္တုသိပ္ပံနယ်ပယ်မှာ အပြန်အလှန်ပရိုဂျက် (၂၀) တို့ကို အင်ဒို-ဆွီဒင် ပူးတွဲကွန်ယက် တောက်ပံ့ကြေးဆုတံဆိပ်များစီမံကိန်းအောက် ထောက်ပံ့ကူညီသွားလိမ့်မယ်ဖြစ်ပါတယ်။

ဆွီဒင်သုတေသနက ဒီအစီအစဉ်အတွက် ဆွီဒင်ငွေ SEK (၁၄) သန်းကို နှစ်နှစ်ကာလအတွက် ပေးကမ်းလိမ့်မယ်ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ KTH Royal စက်မှုတက္ကသိုလ်နဲ့ Madras IIT စက်မှုတက္ကသိုလ်တို့အကြား ဆန်းသစ်တီထွင်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု ထူးချွန်ရေး ပူးတွဲဗဟိုဌာနတခုကို နယ်ခြားဖြတ်ကျော်အသင်းတွေအဖြစ် တည်ထောင်ဘို့ ကြေငြာခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ကလည်း ဧည့်သည်တော် တော်ဝင်ဇနီးမောင်နှံနဲ့တွေ့ဆုံပြီး၊ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုတွေကို အားဖြည့်တောင့်တင်းစေရေးကို ဆွေးနွေးခဲ့ကြပါတယ်။

စီးပွားရေးရှုထောင့်မှာလည်း အိန္ဒိယနိုင်ငံဟာ ဆွီဒင်နိုင်ငံရဲ့ (၁၉) ခုမြောက် အကြီးမားဆုံး ပြည်ပတင်ပို့ရေး ဈေးကွက်ဖြစ်ပြီး၊ အာရှတိုက်မှာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ပြီးနောက် တတိယအကြီးမားဆုံး ကုန်သွယ်ရေး ဖက်စပ်လုပ်ကိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ကုန်သွယ်ရေးဟာ ၂၀၀၉-၂၀၁၀ ခုနှစ်က အမေရိကန်ဒေါ်လာပေါင်း (၂) ဘီလီယံရှိခဲ့ရာမှာ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ဒေါ်လာပေါင်း ၂.၄ ဘီလီယံရှိလာခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ဒေါ်လာပေါင်း (၅) ဘီလီယံအထိ ရောက်ရှိရေး ရည်ရွယ်ချက်ကို အောင်မြင်နိုင်စွမ်းမရှိခဲ့ပါဘူး။ အပြုသဘောဆောင်တဲ့ အချက်တချက်ကတော့ ဆွီဒင်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုတွေ တိုးများလာနေဒါဖြစ်ပြီး၊ ဆွီဒင်နိုင်ငံက ကုမ္ပဏီတွေဟာ အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးမရမှီကတည်းက လာရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ Ericsson ၊ WIMCO နဲ့ SKF တို့ဟာ လွန်ခဲ့တဲ့ ၁၉၂၀ ခုနှစ်များကတည်းက ရောက်ရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံမှ IT ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီပေါင်း (၇၀) တို့ဟာ ယခုအခါ ဆွီဒင်နိုင်ငံမှာ တည်ရှိနေကြပါတယ်။

အိန္ဒိယနဲ့ ဆွီဒင်နှစ်နိုင်ငံစလုံးတို့မှာ ထပ်တူဖြစ်တဲ့ ဒီမိုကရေစီတန်ဘိုး မြတ်နိုးမှုတွေရှိနေပြီး၊ နှစ်နိုင်ငံတို့ဟာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဆိုင်ရာ နယ်ပယ်မှာ မိမိတို့ရဲ့ ခံယူချက်နဲ့အတူ ရှေ့သို့ချီလျှက်ရှိကြပါတယ်။ အိန္ဒိယနဲ့ ဆွီဒင်နိုင်ငံတို့အကြား ခိုင်မာတဲ့ ဆက်ဆံမှုတွေမှ ကြီးမားတဲ့ ဖြစ်နိုင်စရာတွေဟာ အပြန်အလှန်အကျိုးစီးပွားနဲ့ မဖေါ်ပြနိုင်တဲ့ အမြတ်အစွန်းတွေအပေါ် အခြေခံလျှက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ အိန္ဒိယနဲ့ ဆွီဒင်နိုင်ငံတို့အကြား စီးပွားရေးနဲ့ နိုင်ငံရေးဆက်ဆံမှုတွေဟာ ထင်ရှားစွာ တိုးများလာခဲ့ပါတယ်။ လက်ရှိကာလရဲ့ လိုအပ်ချက်ကတော့ အပြန်အလှန်ကုန်သွယ်ရေး တိုးမြှင့်ဘို့နဲ့ အာကာသနည်းပညာ၊ စွမ်းရည်တည်ဆောက်မှု၊ ငွေကြေးထောက်ပံ့မှုနဲ့ ပစ္စည်းကိရိယာ၊ Cyber လုံခြုံရေးနဲ့ digital ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးနဲ့ ဇီဝလောင်စာ၊ ရာသီဥတုပြောင်းလဲမှုနဲ့ တခြားနယ်ပယ်တွေ စတဲ့နယ်ပယ်သစ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ရှာဖွေဘို့ လိုအပ်နေပါတယ်။ ဆွီဒင်တော်ဝင်ဇနီးမောင်နှံတို့ရဲ့ အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပါတ်ဒါဟာ လက်ရှိ အပြန်အလှန်ဆက်ဆံမှုတွေကို ပူးတွဲအရေးယူစီမံကိန်းဘောင်အတွင်း၊ ဆန်းသစ်တီထွင်ရေး ဖက်စပ်လုပ်ကိုင်မှုနဲ့ လက်ရှိနားလည်မှုစာချွန်လွှာတွေကို အားသစ်လောင်း မြှင့်တင်ဘို့ အခွင့်အရေးတခုကို အချက်ပြလျှက်ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။