ဗီယက်နမ်နိုင်ငံ – အိန္ဒိယနိုင်ငံ၏ အရှေ့အာရှဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မူဝါဒဆိုင်ရာ အခြေပြုကျောက်ချရာနိုင်ငံ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗီယက်နမ်နိုင်ငံ – အိန္ဒိယနိုင်ငံ၏ အရှေ့အာရှဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မူဝါဒဆိုင်ရာ အခြေပြုကျောက်ချရာနိုင်ငံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံရဲ့ ဒုသမ္မတ မစ် Dang Thai Ngoc Thinh ဟာ အိန္ဒိယနိုင်ငံ ဒုသမ္မတဖြစ်တဲ့ Mr. M. Venkaiah Naidu နှင့်အတူ ကိုယ်စားလှယ်အဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် အိန္ဒိယနိုင်ငံကို နိုင်ငံတော် ခရီးစဉ်တရပ်နှင့် ရောက်ရှိလာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အိန္ဒိယနိုင်ငံ၏ အရှေ့အာရှဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မူဝါဒနှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာဒေသဆိုင်ရာတို့မှာ အရေးပါတဲ့ အခြေပြုကျောက်ချရာနိုင်ငံ ၁ နိုင်ငံဖြစ်ပါတဲ့အပြင် ဟန်နွိုင်းအစိုးရကလည်း CLMV ခေါ် ကမ္ဗောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတွေဆီကို နယူးဒေလီအစိုးရရဲ့ ချည်းကပ်လုပ်ဆောင်ရာမှာ သော့ချက်ဖြစ်နေသလို အဓိက မျှော်မှန်းချက်ကလည်း အရှေ့တောင်အာရှ ဒေသနှင့်အတူ စီးပွားရေးနှင့် မဟာဗျူဟာ ကွင်းဆက်တွေ တိုးတက်အားကောင်းစေဖို့ ဖြစ်ပါတယ်။

လက်ရှိခရီးစဉ်ရဲ့ အာရုံပြုချက်ကတော့ အိန္ဒိယ-ဗီယက်နမ် မဟာဗျူဟာ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ထပ်မံအားဖြည့်သွားဖို့ ဖြစ်ပါတယ်။ ဒုသမ္မတ မစ် Dang Thai Ngoc Thinh ရဲ့ ခရီးစဉ်အတွင်း အရေးပါချက်တခုကတော့ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့အကြား တိုက်ရိုက် လေကြောင်းလိုင်းတွေ ပျံသန်းပြေးဆွဲဖို့ ကြေညာချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒေလီမြို့မှာ ဗီယက်နမ်အသံ လူနေအိမ်ရုံးခန်း တည်ဆောက်ဖို့ သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ် ဒုသမ္မတဟာ မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ ဗီယက်နမ်နိုင်ငံခရီးစဉ်မှာ ၂ နိုင်ငံ ဆက်ဆံရေးတွေဟာ စည်းမျဉ်းအခြေခံ ဒေသပိုင်းအခြေအနေတရပ် ထောက်ခံရေး မျှော်မှန်းချက်နှင့်အတူ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးဆီသို့ တိုးတက်လာခဲ့ပါတယ်။ ၂ နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးရာ ပူးပေါင်းလုပ်ဆောင်မှုကလည်း အဆင့်မြင့် အပြန်အလှန် ခရီးစဉ် သွားရောက်မှုတွေ၊ ဌာနချင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ ရေတပ်မတော် သင်္ဘောတွေနှင့် ခရီးစဉ်တွေ၊ စွမ်းရည် တည်ဆောက်ရေးနှင့် လေ့ကျင့်သင်တန်းပေးမှုတွေ၊ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်း ဝယ်ယူမှုတွေနှင့် နည်းပညာ လွှဲပြောင်းမှုတွေနှင့်အတူ တိုးတက်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ကာကွယ်ရေးကဏ္ဍဆိုင်ရာ ချေးမငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်ခဲ့ပါတယ်။ အဲဒီငွေကြေးတွေအသုံးပြုပြီး လာဆန်၊ တိုဘရိုနှင့် ဗီယက်နမ် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား ကမ်းလွန်ဒေသ မြန်နှုန်းမြင့် ကင်းထောက်စက်လှေတွေအတွက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအပြင် အိန္ဒိယနိုင်ငံဟာ နာတရန် မြို့ ကြေးနန်းဆက်သွယ်ရေး တက္ကသိုလ်မှာ တပ်မတော် ဆော့ဖ်ဝဲ ပန်းခြံတခုတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးဖို့လည်း ကတိပြုခဲ့ပါတယ်။

ကာကွယ်ရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုဟာ ၂ နိုင်ငံ ဆက်ဆံရေးရဲ့ အရေးပါတဲ့ ထောက်တိုင်တခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဟန်နွိုင်းအစိုးရရဲ့ ထိပ်ဆုံး ကုန်သွယ်ရေး ၁၀ နိုင်ငံစာရင်းမှာ အပါအဝင်ဖြစ်ပါတယ်။ အာဆီယံအဖွဲ့အစည်းနှင့်အတူ ဗီယက်နမ်နိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် စင်္ကာပူနိုင်ငံပြီးရင် ဒုတိယမြောက် အများဆုံး ပြည်ပတင်ပို့မှု ဆိုင်ရောက်ရာနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှား၊ စင်္ကပူနှင့် မလေးရှားနိုင်ငံပြီးရင် စတုတ္ထမြောက် အများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ အထူး အာရုံပြု အရေးပါတဲ့ ကဏ္ဍ ၅ ရပ်တို့ကတော့ အဝတ်အစားနှင့် အထည်အလိပ်တွေ၊ ဆေးဝါးတွေ၊ စိုက်ပျိုးမွေးမြူရေး အသုံးအဆောင်ပစ္စည်းတွေ၊ သားရေးနှင့် ဖိနပ်တို့အပြင် အင်ဂျင်နီယာကဏ္ဍတို့ ပါဝင်ကြပါတယ်။

အိန္ဒိယ-ဗီယက်နမ် မဟာဗျူဟာ ဆက်ဆံရေး ရင်းမြစ်တွေကို သမိုင်းမှတ်တမ်းတွေမှာ ပြန်ကောက်ကြည့်နိုင်ပါတယ်။ ၁၉၅၄ ခုနှစ်က၊ Pandit Jawaharlal Nehru ဟာ Dien Bien Phu ဒေသမှာ ပြင်သစ်တို့ကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဗီယက်နမ်နိုင်ငံကို ပထမဆုံး သွားရောက်ခဲ့ကြသူတွေအနက် တဦးဖြစ်ပြီး တဆက်တည်းမှာပဲ သမ္မတ ဟိုချီမင်းကလည်း ၁၉၅၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး သမ္မတ Dr. Rajendra Prasad ဟာ ၁၉၅၉ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံကို ခရီးစဉ်ရောက်ရှိခဲ့ပြီး အဲဒီကတည်းကစလို့ အဆင့်မြင့် အပြန်အလှန် ခရီးစဉ်တွေ ဆက်လက်သွားရောက်လာခဲ့ကြကာ လက်ရှိ တောင့်တင်းခိုင်မာတဲ့ ဆက်ဆံရေးအခြေအနေတွေကို ရောက်ရှိလာစေခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့အာရှဒေသ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးမူဝါဒရဲ့ ဗဟိုအချက်အခြာဒေသမှာ တည်ရှိနေတာကြောင့် အိန္ဒိယနိုင်ငံဟာ သမိုင်းအစဉ်အလာ ဩဇာရှိမှုတွေ၊ ဘုံတူညီတဲ့ ဒေသပိုင်းနှင့် ကမ္ဘာ့အရေး မျှော်မှန်းချက်တွေမှာ အိန္ဒိယ-ဗီယက်နမ် မဟာဗျူဟာ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်တိုးမြှင့်မှု ဆက်လက်အားစိုက်သွားဖို့နှင့် ကမ္ဘာ့ မဟာဗျူဟာအရေး မတည်ငြိမ်နေတဲ့ နောက်ခံအခြေအနေတွေနှင့်အတူ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြီး တိုးချဲ့လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ် စသဖြင့် ဆောင်းပါးရှင် Dr. Titli Basu ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။