စိတ်နှလုံးမှ ပြောသော စကားများ (၂၉-၀၃-၂၀၂၀)

ကျနော်ဟာ ဒီလို အထွေထွေ ပြောကြားလေ့ရှိတဲ့ စိတ်နှလုံးမှပြောသောစကားများကဏ္ဍမှာ နယ်ပယ်အသီးသီးတို့ကို ပြောကြားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီကနေ့တော့ နိုင်ငံအတွင်းနှင့် ကမ္ဘာတဝှမ်းလုံးမှာ အားလုံးရဲ့ စိတ်သန္တာန်အတွင်း အစိုးရိမ်ရဆုံးဖြစ်တဲ့ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စိ ပျံ့နှံ့ကူးစစ်မှု ကပ်ဘေးဆိုးကြီးကို ဖော်ပြလိုပါတယ်။ ဒီလိုဘေးဆိုးကြီး ဖြစ်ပွားနေချိန်မှာ ကျနော့်အနေနှင့် တခြားကိစ္စတွေနှင့်ပတ်သက်ပြီး ဖော်ပြသွားဖို့ဆိုတာ သင့်လျော်မှုတော့မရှိပါဘူး။ ပထမဆုံးအနေနှင့် နိုင်ငံသားအားလုံးတို့ကို တကယ့်ရင်ထဲကနေပြီး တောင်းပန်လိုပါတယ်။ တချို့ဆုံးဖြတ်ချက်တွေကို ချမှတ်သွားရမှာဖြစ်ပြီး သင်တို့အတွက် အခက်အခဲ အများအပြား ပေါ်ပေါက်စေမှာဖြစ်တာကြောင့် သင်တို့အနေနှင့် ကျွန်ုပ်ကို ခွင့်လွတ်ပေးကြလိမ့်မယ်လို့ နှလုံးသားကနေ ထင်မြင်ခံစားမိပါတယ်။ ကျွန်ုပ်တို့ရဲ့ ညီအကို မောင်နှမတွေအနေနှင့် ၎င်းတို့ကို အခက်တွေ့စေတဲ့ ဝန်ကြီးချုပ်မျိုးကိုရရှိထားတဲ့အပေါ် အံ့အားသင့်ကြမှာဖြစ်ပါတယ်။ ၎င်းတို့အတွက် အထူး မေတ္တာရပ်ခံ တောင်းပန်လိုက်ပါတယ်။ ပြည်သူအများအပြားတို့တွေဟာ ၎င်းတို့နေအိမ်တွေမှာ အပြင်မထွက်ဘဲ နေခိုင်းတဲ့အတွက် ကျွန်တော့ကို ငြီးငွေ့စိတ်ပျက်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်တို့ တွေ့ကြုံခံစား ကျော်ဖြတ်နေရတဲ့ အခြေအနေတွေကို အပြည့်အဝ နားလည်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံလို ပြည်သူလူထု သန်း ၁ ထောင့်၊ ၃ ရာကျော်ရှိတဲ့နိုင်ငံအတွင်း ဒီ ကိုရိုနာရောဂါကို တိုက်ဖျက်ဖို့ဆိုရင် တခြားရွေးစရာလမ်း မရှိပါဘူး။ ဒီဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ပွဲဟာ ရှင်သန်ခြင်းနှင့် မရဏသေမင်းတို့အကြား တိုက်ပွဲတခုဖြစ်ပြီး မိမိတို့ အနိုင်ရရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလို ပြင်းထန်တဲ့ စီမံချက်တွေကို ထားရှိရတာဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာကြီး ကျော်ဖြတ်နေရာတွေကို ကြည့်လိုက်ပါ၊ ဘယ်သူကမှ ဒီလမ်းအတိုင်း မသွားလိုကြပါဘူး။ ဒါပေမယ့် ဒါဟာ တခုတည်းသော ရွေးချယ်စရာကျန်ရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ နောက်ဆုံးအားဖြင့်တော့ သင်နှင့် သင့်မိသားစုတွေ ဘေးကင်းနေကြရမှာ ဖြစ်ပါတယ်။ သင်တို့အတွက် ဖြစ်ပွားစေခဲ့တဲ့ အဆင်မပြေမှုတွေ၊ တစုံတရာသော အခက်အခဲတွေအတွက် ကျွန်ုပ် ထပ်မံပြီး မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။

မိတ်ဆွေများခင်ဗျာ

မီးဘေးရှောင် မလောင်ခင်တားဆိုသလို ရောဂါနှင့် သူရဲ့ကပ်ဘေး အဆွယ်အပွားတွေကို ဖြစ်စအခြေအနေမှာ ချိုးနှိမ်သွားရမှာဖြစ်ပါတယ်။ နောက်ပိုင်း ဒီရောဂါ ကုမရတဲ့ အခြေအနေရောက်ရင် ကုသနည်းလမ်းကလည်း ခက်ခဲသွားမှာဖြစ်ပါတယ်။ ဒီကနေ့ အိန္ဒိယ တနိုင်ငံလုံးနှင့် နိုင်ငံသားတိုင်းတို့ဟာ ဒီကိစ္စကြီးကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အကို မောင်နှများ၊ မိခင်၊ ဖခင်များနှင့် သက်ကြီးရွယ်အိုများခင်ဗျာ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးကို အကျဉ်းချ ပိတ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ သိပ္ပံ၊ သုတ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ အင်အားကြီးသူ၊ အားနည်းသူတွေလို အားလုံးအတွက် အန္တရာယ်တရပ်အသွင် ဆောင်လျှက်ရှိပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ နယ်စပ်ဒေသတွေကို ကန့်သတ်ပိတ်ဆို့လိုက်တာမဟုတ်သလို ဒေသပိုင်း သို့မဟုတ် ရာသီဥတုတွေ ကွဲပြားမှု မရှိစေပါဘူး။ ဒီဗိုင်းရပ်စ်ပိုးဟာ လူသားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းဖို့ဖြစ်တဲ့ လူ့လမ်းကြောင်းအတိုင်း အရှိန်မြှင့် ထိုးလျှက်လာလျှက်ရှိပါတယ်။ ဒါကြောင့်လည်း လူသားမျိုးနွယ်နွေအနေနှင့် ဒီအန္တရာယ်ကြီးကို ရင်ဆိုင်ကျော်လွှားကြရာမှာ တညီတညွတ်တည်း ဆောင်ရွက်သွားဖို့ လိုအပ်သွားမှာဖြစ်ပါတယ်။ အိမ်ပြင်မထွက်ရ အမိန့်နှင့်အညီ လိုက်နာနေထိုင်ခြင်းဟာ တခြားသူတွေကို အကူအညီပေးနေတာဖြစ်တယ်လို့ တချို့သူတွေက ခံစားနားလည်မှု ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ တက်တက်စင် လွဲမှားလှပါတယ်။ အပြင်မထွက်ရ တားဆီးမှုဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့လို့ ဆိုလိုချက်တရပ် ဖြစ်ပါတယ်။ သင်ကိုယ်တိုင်နှင့် သင့်မိသားစုတွက် သင်ပဲ ကာကွယ်သွားရမှာ ဖြစ်ပါတယ်။ လာလတ္တံ့သော နေ့ရက်များစွာတို့အတွက် ဒီလို စိတ်ရှည်သည်းခံမှုကို ဆက်လက် ပြသလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ မည်သူမဆို တမင်အားဖြင့် ဥပဒေဘောင်တွေကို ကျော်လွန်ဖို့နှင့် စည်းမျဉ်းတွေကို ချိုးဖောက်ချင်ကြမှာမဟုတ်ကြောင်း ကျနော် နားလည်သိရှိထားပါတယ်။ ဒါပေမယ့် တချို့သူတွေဟာ ဒီပြဿနာရဲ့ အတိမ်အနက်ကို နားလည်သဘောပေါက်ဖို့ စူးစမ်းလေ့လာခြင်း မရှိကြတာကြောင့် ဒီလို စည်းမျဉ်းချိုးဖောက်မှုတချို့ ရှိနေကြတာဖြစ်ပါတယ်။ အပြင်မထွက်ရ စည်းမျဉ်းနှင့်အညီ မလိုက်နာဘူးဆိုရင် အဲဒီကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်ဘေးဆိုးကြီးကနေ မိမိတို့ကိုယ်တိုင် ကာကွယ်သွားဖို့ အင်မတန် ခက်ခဲသွားမှာဖြစ်တယ်လို့ စဉ်းမျဉ်းချိုးဖောက်သူတွေကို ပြောကြားလိုပါတယ်။ ကမ္ဘာတဝှမ်းမှာ ဒီလိုမလိုက်နာမှုပြုခဲ့သူ အများအပြားတို့ဟာ ယခုအခါမှာ ဝမ်းနည်းမှု နောင်တတွေနှင့် ရှိနေကြပါတယ်။

မိတ်ဆွေများခင်ဗျာ

ယခုစစ်ပွဲကြီးမှာ မိမိတို့နေအိမ်အတွင်းမှာမဟုတ်ဘဲ ပြင်ပကမ္ဘာမှာ ဒီရောဂါပိုးကို တိုက်ထုတ်နေကြတဲ့ တပ်သားအများအပြားတို့ ရှိကြပါတယ်။ သူတို့တွေဟာ ရှေ့တန်းမှ တပ်သားတွေ ဖြစ်ကြပါတယ်၊ အထူးသဖြင့် သူနာပြုတွေ၊ ဆရာဝန်တွေနှင့် ဆေးဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ မိမိတို့ရဲ့ ညီအကို မောင်နှမတွေဖြစ်ပါတယ်။ အဲဒီ ရောဂါပိုးကို အနိုင်ရရှိခဲ့ကြသူတွေလည်း ရှိကြပါတယ်။ ဒီအကြောင်းကိစ္စနှင့်ပတ်သက်ပြီး ယခုလိုအနိုင်ယူခဲ့ကြသူ အနည်းငယ်တို့ကို ဖုန်းကတဆင့် ဆက်သွယ်ပြောဆိုခဲ့ပြီး သူတို့ထံကနေ သုတအများအပြားတို့ကို လေ့လာသိရှိခဲ့ရပါတယ်။ အဲဒီထဲကတချို့ကို ဒီအစီအစဉ်မှာ သင်တို့နှင့်အတူ မျှဝေဖော်ပြဖို့ကတော့ ကျနော့်ရဲ့ အပြင်းပြဆုံး ဆန္ဒပင်ဖြစ်ပါတယ်။ ကနဦးဆုံးအနေနှင့် သတင်းပြန်ကြားရေးနည်းပညာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ RamagampaTeja ရဲ့ အတွေ့အကြုံကတော့

“သူဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်မှုအန္တရာယ်တွင်းကနေ လွတ်မြောက်လာသူ ဖြစ်ပါတယ်။ သူဟာ အလုပ်ကိစ္စ ဆွေးနွေးပွဲအတွက် အလုပ်သဘောအရ ဒူဘိုင်းမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီက ပြန်လာတဲ့အခါမှာ နာမကျန်း စတင်ဖြစ်ပွားခဲ့ပြီး ၄-၅ ရက်အကြာမှာတော့ ဆရာဝန်တွေဟာ ကိုရိုနာဗိုင်းရပ် စမ်းသပ်မှုတခု ပြုလုပ်ခဲကာ ကူးစက်ခံရကြောင်း အဖြေထွက်ခဲ့ပါတယ်။ သူ့ကို ဟိုက်ဒရာဘတ်မြို့က အစိုးရဆေးရုံဖြစ်တဲ့ ဂန္ဒီ ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး ၁၄ ရက်အကြာမှာ ပြန်လည်ကျန်းမာစွာနှင့် ဆေးရုံက ဆင်းခဲ့ရသူဖြစ်ပါတယ်။ ကူးစက်ခံရပြီလို့ သိရှိရတဲ့အချိန်မှာ ဘယ်လို တုံ့ပြန်ခံစားရလဲလို့ မေးတဲ့အခါမှာတော့. ဦးစွာအနေနှင့် အလွန်ထိတ်လန့် နေခဲ့ပြီး ဒီလိုဖြစ်ခဲ့တာကို မယုံကြည်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံအတွင်းမှာ ကူးစက်ခံရမှု ၂ ဦး ၃ ဦးမျှသာရှိပြီး ဒီရောဂါနှင့်ပတ်သက်ပြီး ဘာမျှ မသိထားဘူးလို့ ဖော်ပြခဲ့ပါတယ်။ ကနဦးမှာ ကြောက်ရွံ့နေခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ဘာကို ဘယ်လိုလုပ်၊ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ကောင်းစွာသိရှိထားတဲ့ သူနာပြုတွေ၊ ဆရာဝန်တွေနှင့်အတူ ရှိနေခဲ့တယ်လို့ ခံစားနားလည်ပြီးတဲ့နောက်မှာတော့ စိတ်ပေါ့ပါးခဲ့ရတယ်လို့ ဆိုပါတယ်။”

ကိုယ်တိုင်နှင့် မိသားစုအတွက် ဘယ်လို ကြိုတင်စီမံချက်တွေ လုပ်ဆောင်ခဲ့လဲလို့ မေးကြည့်တော့

“အရင်ဆုံးအနေနှင့် မိသားစုတွေကတော့ ကျွန်တော့်ကို သီးသန့်ခွဲထားတယ်လို့ပဲ သိရှိခဲ့ကြပါတယ်။ သီးသန့်ခန်းက ထွက်ပြီးတဲ့နောက်မှာလည်း အိမ်မှာ ၁၄ ရက်နေဖို့ ဆရာဝန်တွေက ပြောကြပါတယ်။ ဒါကြောင့် အဲဒီနောက်ပိုင်းမှာတော့ ကိုယ့်အခန်းထဲမှာ မျက်နှာဖုံးစွပ်ပြီး တနေ့ကုန် နေခဲ့ကြောင်း၊ အစာစားချိန် ထွက်လာတိုင်း လက်တွေဆေးကြောဖို့ဟာ အလွန်အရေးကြီးကြောင်း” သူက ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ဆယ်ကျော်သက်အရွယ် သား ၁ ယောက်အပါအဝင် မိသားစုတခုလုံး ရောဂန္တရ ကပ်ဘေး စွဲကပ်ခံခဲ့ရာမှာ လွတ်မြောက်လာခဲ့တဲ့ အာဂရာမြို့မှ အသက် ၇၃ နှစ်အရွယ် Shriman Ashok Kapoor နှင့် ဆက်သွယ် မေးမြန်းချက်တချို့ကိုလည်း ဖော်ပြလိုပါတယ်။

“သူဟာ အာဂရာမြို့မှာ ဖိနပ်ထုတ်လုပ်တဲ့ စက်ရုံတရုံကို လုပ်ကိုင်နေသူဖြစ်ကာ ဖိနပ်ပြပွဲတရပ်တက်ရောက်ဖို့အတွက် သူ့သားမက်နှင့်အတူ အီတလီနိုင်ငံကို သွားရောက်ခဲ့ရပါတယ်။ သူ့သားမက်ကတော့ ဒေလီမြို့မှာနေထိုင်သူဖြစ်ပြီး နာမကျန်းဖြစ်တာကြောင့် Ram Manohar Lohiya ဆေးရုံကို တင်ခဲ့ရပါတယ်။ သူ့ကို ရောဂါကူးစက်နေပြီလို့ ဆရာဝန်တွေကဆိုပြီး Safdurjung ဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ရပါတယ်။ သူနှင့် သူ့သား ၂ ယောက်တို့ဟာ သူ့သားမက်နှင့်အတူ နေထိုင်ခဲ့ဖူးတာကြောင့် သူတို့ကို ဆေးစစ်ဖို့ ဆေးရုံက ပြောတာကြောင့် သား ၂ ယောက်တို့ဟာ အာဂရ ခရိုင်ဆေးရုံကို သွားရောက်ခဲ့ကြပါတယ်။ မိသားစုတွေကိုလည်း ခေါ်ခိုင်းတာကြောင့် နောက်ဆုံးမှာတော့ သူတို့အားလုံး ဆေးစစ်ဖို့ သွားရောက်ခဲ့ကြပါတယ်။”

“နောက်တနေ့မှာတော့ သူတို့ ၆ ဦးမှာ ကူးစက်ထားပြီလို့ ဆေးရုံက အတည်ပြုပါတယ်။ ကူးစက်ခံရသူတွေကတော့ သူနှင့် သူ့သား ၂ ယောက်၊ သူ့ဇနီး၊ သူ့သားရဲ့ ဇနီးနှင့် အသက် ၁၆ နှစ်အရွယ် သူ့မြေးတို့ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဆရာဝန်နှင့် သူနာပြုတွေ၊ ဆေးဝန်ထမ်းတွေရဲ့ ဂရုတစိုက် စောင့်ရှောက်ကုသမှု၊ လူနာတွေကိုယ်၌က လမ်းညွှန်ချက်တွေကို တသဝေမတိမ်း လိုက်နာလုပ်ဆောင်မှုတွေကြောင့် ပြန်လည်ကျန်းမာလာခဲ့ကြပါတယ်။”

မိတ်ဆွေများခင်ဗျာ

ကျနော်ဟာ ဒီဘေးအန္တရာယ်အခြေအနေမှာ ရှေ့တန်းကနေ တာဝန်ယူကုသနေတဲ့ ဆရာဝန် Dr. Nitesh Gupta၊ နောက် ပူနေးမြို့ B.J.Medical ဆေးကောလိပ်မှ ပါမောက္ခ Dr. Borse စတဲ့ ဆရာဝန်ကြီးတွေကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မိတ်ဆွေဆရာဝန်ကြီးတွေ ပြောတာက မိမိတို့အနေနှင့် လမ်းညွှန်ချက်တွေကို နားထောင် လိုက်နာရုံမက ဒါတွေကို စိတ်ရင်းအမှန်နှင့် လက်တွေကျင့်ကြံအားထုတ်သွားကြဖို့ မိမိတို့ကို ဖော်ပြထားကြပါတယ်။ ဒီကနေ့ မိမိတို့ဟာ ဆရာဝန်တွေအဖြစ် ပေးဆပ်အနစ်နာခံမှုတွေ၊ အထူးဦးစားပေး ထမ်းရွက်မှုတွေနှင့် ဘဝမြှုပ်နှံအားထုတ်မှုတွေကို တွေ့မြင်ကြရပါတယ်။ စိတ်ဆန္ဒ၊ ငွေကြေး ဒါမှမဟုတ် တခြားကိစ္စတရပ်နှင့်မဟုတ်ဘဲ တာဝန်ထမ်းဆောင်မှုစိတ်ဓါတ်နှင့် လူနာရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ အားထုတ်ကြသူတွေဟာ အမွန်မြတ်ဆုံး ဆရာဝန်ဖြစ်တယ်ဆိုတဲ့ ဆိုရိုးကို သွားသတိရမိပါတယ်။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့

ယခုလို ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင်တိုက်ပွဲမှာ မိမိတို့ လူ့ဘောင်အဖွဲ့အစည်းအတွင်း အဲဒီ အခြေအနေတွေမှာတောင် ရှေ့တန်းကနေ လုပ်ဆောင်နေကြသူတွေရဲ့ တကယ့် သူရဲကောင်းဆန်တဲ့ ဥပမာများစွာတို့ကို တွေ့မြင်ရပါတယ်။ ဟုတ်ပါတယ်၊ အဲဒီလို ရှေ့တန်းက လုပ်ဆောင်နေကြသူတွေကြောင့် မိမိတို့ရဲ့ နေ့စဉ်ဘဝတွေဟာ အခက်အခဲမရှိ ရှေ့ဆက်နိုင်ကြတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ရေပိုက်တွေမှာ တနေ့တာအတွက် ရေခမ်းသွားတဲ့အခါ ဒါမှမဟုတ် မိမိအိမ်မှာ မီးပျက်သွားတဲ့ အခိုက်အတန့်မျိုးကို မှန်းကြည့်လိုက်ပါ။ အဲဒီအချိန်မျိုးမှာ မိမိတို့ ပြဿနာတွေကို ကျော်လွှာစေသူ သူရဲခေါင်းတွေ နေ့စဉ်ဘဝမှာ ရှိနေကြပါတယ်။ အလားတူပဲ နိုင်ငံတော်အနေနှင့် မရှိမဖြစ်လိုအပ်တဲ့ အခြေခံကုန်စည်တွေ ပေးသွင်းမှုကွင်းဆက် အဆက်မပြတ်စေဖို့ မနားတမ်းလုပ်ဆောင်နေကြတဲ့ ကားသမားတွေ အလုပ်သမားတွေအကြောင်း ထင်မြင်တွေးဆကြည့်နိုင်ပါတယ်။ နောက်ပြီး အစိုးရဟာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဆက်လက်ထားရှိနေတာကိုလည်း သတိပြုမိနိုင်ကြမှာဖြစ်ပါတယ်။

နောက် အိမ်တွင်းအောင်းနေရတဲ့ ကာလအတွင်း သင်တို့ရဲ့ ဖုန်းနှင့် အင်တာနက်တွေသုံးပြီး အိမ်ပြင်မထွက်ရ ပိတ်ဆီးမှုအခြေအနေကို ရုပ်မြင်သံကြားတွေမှာ သင်တို့ စောင့်ကြည့်နေကြတဲ့အတိုင်း အဲဒီလိုဝန်ဆောင်မှုတွေ အဟန့်အတားမရှိ ဆက်လက်ပေးနိုင်စေဖို့ တစုံတယောက်က မနားတမ်း ကြိုးပမ်းနေကြရတာကိုပဲ တွေးကြည့်နိုင်ပါတယ်။ ဒီလို အခက်အခဲတွေနှင့် ကြုံတွေ့နေရစဉ်မှာ လူအများအပြားတို့ဟာ ဒီဂျစ်တယ်မှတဆင့် ငွေကြေးပေးချေမှုတွေ အလွယ်တကူ ပြုလုပ်နိုင်ကြစေဖို့ ကြိုးပမ်းလုပ်ဆောင်နေကြရပါတယ်။ ဒီလို ပိတ်ဆို့မှုကာလမှာ နိုင်ငံရဲ့တာဝန်ကို ပခုံးထမ်း လုပ်ဆောင်နေကြသူတွေ အများအပြား ရှိကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေအားလုံးအတွက် ၎င်းတို့ဟာ ဘေးကင်းရေး ကြိုတင်သတိရှိမှုတွေအားလုံး လိုက်နာကြဖို့၊ ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုတွေအပေါ် ဂရုပြုမှုတွေ ပြုလုပ်သွားကြဖို့ ကျနော် ဒီကနေ့မှာတော့ နိုင်ငံသားအားလုံးရဲ့ကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့

ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်တယ်လို့ သံသရရှိခံရသူတချို့နှင့် ၎င်းတို့နေအိမ်မှာ သီးသန့်နေဖို့ ပြောထားသူတွေကို တခြားသူတွေက လွဲမှားစွာ နှိမ့်ချဆက်ဆံမှုတွေ ပြုလုပ်နေကြတယ်ဆိုတဲ့ ဥပမာတချို့ကို ကြားသိနေရပါတယ်။ ဒီလိုဖြစ်ရပ်တွေကို ကြားသိရတာ အလွန်ပဲ နာကျင်ခံစားရမိပါတယ်။ လက်ရှိအခြေအနေမျိုးမှာ မိမိတို့အနေနှင့် တဦးနှင့်တဦး ခပ်လှမ်းလှမ်းနေကြဖို့ လိုအပ်ပေမယ့်၊ လူသားဆိုင်ရာ ဒါမှမဟုတ် စိတ်ခံစားချင်နှင့် ခပ်ကင်းကင်းနေဖို့မဟုတ်ဘူးဆိုတာကို နားလည်သိရှိဖို့ လိုအပ်လှပါတယ်။ ရောဂါ ကူးစက်ခံရသူတွေဟာ ရာဇဝတ်သားတွေ မဟုတ်ကြပါဘူး။ သူတို့တွေဟာ တခြားသူတွေ ကူးစက်ခံရဖို့ ဆန္ဒမရှိကြတာကြောင့် လူတွေ ဒီလိုဆက်ဆံနေကြတာဟာ လုံးဝ မဖြစ်သင့်တဲ့အရာပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ငဲ့ညှာသနားမှု၊ လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပြသသွားကြဖို့ လိုအပ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင်တိုက်ဖိုက်ဖို့ လူတဦးနှင့်တဦး ခပ်လှမ်းလှမ်းနေတာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် လူတဦးနှင့်တဦး ခပ်လှမ်းလှမ်းနေတယ်ဆိုတာ လူမှုဆက်ဆံရေးတွေ ပြီးဆုံးသွားပြီလို့ အဓိပ္ပါယ်မဆောင်ကြောင်း မိမိတို့ နားလည်ရမှာဖြစ်ပါတယ်။ တကယ်တော့ လက်ရှိအချိန်ဟာ မိမိတို့ရဲ့ ရှိဆဲလူမှုဆက်ဆံရေးတွေအားလုံးကို ယခင်ကထက် ပိုမိုအကျိုးဖြစ်ထွန်းတဲ့ ဘဝပုံစံသစ်တရပ် ပေးအပ်ဖို့ အချိန်ကျရောက်ပြီဖြစ်ပါတယ်။ တနည်းအားဖြင့် လက်ရှိကာလဟာ မိမိတို့ကို စိတ်ပိုင်းအားဖြင့် ခပ်ကင်းကင်းနေထိုင်မှုလျော့ချပြီး ရုပ်ဝတ္ထုပိုင်းအရသာ ခပ်လှမ်းလှမ်းနေကြဖို့ သင်ခန်းစာပေးလျှက်ရှိပါတယ်။

အဆိုးထဲက အကောင်းဆိုရမလားပဲ ယခုလို အပြင်မထွက်ရ ပိတ်ပင်ထားချိန်မှာ မိသားစုချင်း ရင်းနှီးချစ်ကြည်မှုတွေ၊ မိမိတို့ ဝါသနာပါရာကို နောက်ဆံတင်းမှုမရှိဘဲ လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေ၊ ဆယ်စုနှစ်ချီ ကွဲကွာနေခဲ့ကြတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေနှင့် ပြန်လည် ဆုံတွေ့ရမှုတွေ စတဲ့ ဖြစ်ရပ်အများအပြား အခွင့်အရေးပေးအပ်လျှက်ရှိတာကို တွေ့မြင်ရပါတယ်။

မိတ်ဆွေများခင်ဗျာ ယခုလို ကိုရိုနာဗိုင်းရပ်စ်ပိုး ဆန့်ကျင်တိုက်ပွဲနှင့် အန္တရာယ် စိန်ခေါ်ချက်တွေဟာ ရှေ့ရှောက် ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်မှန်းဆလို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ဒီကာလအတွင်း ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ကမ္ဘာ့သမိုင်းမှာ ဘယ်တုန်းကမျှ မကြားဖူးခဲ့ရတာဖြစ် ဖြစ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဟန့်တားဖို့ အိန္ဒိယနိုင်ငံသားတွေ ဆောင်ရွက်နေကြတဲ့ ခြေလှမ်းတွေ၊ မိမိတို့ လက်ရှိလုပ်ဆောင်နေကြတဲ့ ကြိုးပမ်းချက်တွေဟာ အိန္ဒိယနိုင်ငံတော်ကြီးက ကမ္ဘာလုံးပျံ့နှံ့ကူးစက်နေတဲ့ ဒီရောဂါပိုးကို အနိုင်ယူ မင်းမူနိုင်စေမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသား တဦးစီတိုင်းတို့ရဲ့ စိတ်ပိုင်းဖြတ်ချက်နှင့် ထိန်းသိမ်းလုပ်ဆောင်ချက်တွေဟာလည်း ဒီပြဿနာအခက်အခဲကိုရင်ဆိုင်ရာမှာ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။ ဒီ့အပြင် ဆင်းရဲချို့တဲ့သူတွေအတွက် မိမိတို့ရဲ့ ငဲ့ညှာသနား စာနာထောက်ထားမှုတွေကလည်း ဒီထက်မက မြင့်မား အထက်တန်းကျသွားရမှာဖြစ်ပါတယ်။ ချို့တဲ့သူ ဒါမှမဟုတ် ဆာလောင်မွတ်သိပ်သူတဦးကို မိမိတို့တွေ့မြင်တိုင်း ဒီလို အကျပ်အတည်း အချိန်ကာလမျိုးမှာ မိမိတို့ဟာ ပထမဆုံးအားဖြင့် သူ သို့မဟုတ် သူမကို ကျွေးမွေးပြုစုတို့ ကြိုးပမ်းကြတယ်ဆိုတဲ့အချက်ကနေ မိမိတို့ရဲ့ လူသားမျိုးနွယ် ဖြစ်ဖျားခံ စီးဆင်းလာတာ ဖြစ်ပါတယ်။ မိမိတို့တွေဟာ သူတို့တွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားသွားသင့်ပြီး အိန္ဒိယနိုင်ငံဟာ ဒီဝန်တာကို လုပ်ဆောင်နိုင်တာ အသေအချာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေဟာ မိမိတို့ ယဉ်းကျေးမှုတန်ဖိုးတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြလို့ပါပဲ။

ချစ်ခင်လေးစားရပါသော နိုင်ငံသားများခင်ဗျာ

ဒီကနေ့ အိန္ဒိယနိုင်ငံသားတိုင်းတို့ဟာ သူ သို့မဟုတ် သူမရဲ့ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုရှိစေဖို့ အိမ်ထဲမှာ အောင်းနေကြတယ်ဆိုပေမယ့် လာလတ္တံ့သော အချိန်တွေမှာ အဲဒီ အိန္ဒိယနိုင်ငံသားတွေကပဲ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့သို့ချီနိုင်ဖို့အတွက် လမ်းမတွေပေါ်မှ အတားအဆီးအားလုံးကို ဖြိုလှဲသွားမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲကြီးကို မိမိတို့ အနိုင်ရရှိလိုတာကြောင့် မိသားစုနှင့်အတူ အိမ်မှာနေပြီး ကျန်းမာရေး ဂရုစိုက်ကြပါတယ်။ အနိုင်ယူ မင်းမူနိုင်ဦးမှာဖြစ်ပါတယ်။ နောက်ပြီး လာမယ့်လ စိတ်နှလုံးမှပြောသော စကားများ အစီအစဉ်မှာ ထပ်မံ တွေ့ဆုံကြဦးမှာဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်၊ ဒီဆန္ဒနှင့်အတူ ဒီအကျပ်အတည်းကို မိမိတို့ ရင်ဆိုင် ကျော်လွှားသွားရမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။