စိတ်နှလုံးမှ ပြောသော စကားများ (၂၆-၀၄-၂၀၂၀)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်း မင်္ဂလာပါခင်ဗျာ

သင်တို့အားလုံးဟာ လက်ရှိလော့ဒေါင်းချထားတဲ့ကာလအတွင်း ဒီစိတ်နှလုံးမှပြောသော စကားများကဏ္ဍဘက်ကို လှည့်လာကြပါတယ်။ ဒီအပိုင်းအတွက် အကြံပြုချက်တွေနှင့် ဖုန်းခေါ်ဆိုမှုတွေကလည်း အရင်ကလိုပဲ များပြားလှပါတယ်။ ကျနော်လည်း တတ်နိုင်သမျှ ဖတ်ရှုနားဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ယခုလို ပြဿနာ အရေးကိစ္စအချိန်ကာလအတွင်းမှာ သတိပြုမှု မရရှိခဲ့ကြတဲ့ တချို့အရာလေးတွေ ရှိတယ်ဆိုတာကို သိရှိလာရပါတယ်။ ကပ်ရောဂါဆိုးနှင့် ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကာလအတွင်း ဖော်ပြပါ အချက်တချို့ကို ယခုအစီအစဉ်မှာ မိမိတို့ရဲ့ နိုင်ငံသူ/သားတွေနှင့် မျှဝေဖော်ပြလိုပါတယ်။

မိတ်ဆွေများခင်ဗျာ….

အမှန်ကန်ဆုံးစကားလုံးနှင့်သုံးရရင် အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာရောဂါ ဆန့်ကျင်တိုက်ပွဲဟာ ပြည်သူလူထု လှုံ့ဆော်မောင်းနှင်မှုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာ အစိုးရနှင့် အုပ်ချုပ်ရေးအဖွဲ့တွေက ကပ်ရောဂါကို တိုက်ဖျက်နေကြသလိုပဲ ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်နေကြသူတွေဟာ ပြည်သူလူထုတွေဖြစ်ပြီး တိုက်ဖျက်ဖို့ လုပ်ဆောင်နေကြတာကလည်း သင်တို့ပင် ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်မှုနှင့် အိန္ဒိယလို နိုင်ငံကြီး နိုင်ငံဟာ ဆင်းရဲမွဲတေမှုကို အပြင်းအထန် တိုက်ဖျက်လျှက် ရှိပါတယ်။ ဒါဟာ ကိုရိုနာရောဂါကို တိုက်ဖျက်ချိုးနှိမ် အနိုင်ရယူဖို့ ဒီနိုင်ငံမှာပိုင်ဆိုင်ထားတဲ့ တခုတည်းသော ဖော်ပြချက် ဖြစ်ပါတယ်။ ဒီကနေ့ တနိုင်ငံလုံးတို့ဟာ၊ နိုင်ငံရဲ့ နိုင်ငံသား တဦးစီတိုင်းတို့ဟာ၊ လူတိုင်း လူတိုင်းတို့ဟာ ဒီတိုက်ဖျက်မှု စစ်ပွဲမှာ တပ်သားတွေဖြစ်နေကြတာက မိမိတို့ ကံကောင်းနေကြပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ဘယ်နေရာမှာမဆို ကြည့်ကြည့်လိုက်ပါ။ ပြည်သူတွေဟာ တဦးကိုတဦးဖြစ်စေ၊ အိမ်နီးနားချင်းဖြစ်စေ၊ ရပ်ကွက်နီးချင်းဖြစ်စေ အကူအညီပေးကြဖို့ ရှေ့ထွက်လာကြပါတယ်။ ချို့တဲ့သူတွေအတွက် စားနပ်ရိက္ခာပေးအပ်မှု၊ ရိက္ခာခွဲတမ်း စီမံပေးမှု၊ အပြင်မထွက်ရ လော့ဒေါင်းအမိန့် လိုက်နာစေမှု၊ ဆေးရုံတွေမှာ အစီအစဉ် ချမှတ်ပေးမှုတွေကနေ ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေကို မိမိတို့ကိုယ်ပိုင်နည်းဟန်နှင့် ထုတ်လုပ်ခြင်းတို့အထိ တနိုင်ငံလုံးတို့ဟာ ဘုံဦးတည်ချက်တရပ်တည်းနှင့် လမ်းကြောင်းတခုတည်းပေါ်မှာ အတူတကွ ချီတက်လျှက် ရှိနေကြပါတယ်။

လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ….

ယခုလို သန်းပေါင်း ထောင့်၊ ရာ ရှိတဲ့ပြည်သူတွေပြသလိုက်တဲ့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်မှုတွေကို ကျနော် လှိုက်လှိုက်လှဲလှဲ လေးစားအသိအမှတ်ပြုလိုက်ပါတယ်။ မိမိတို့နိုင်ငံတော်အတွက် အဲဒီလို ဆန္ဒအလျောက် ပါဝင်လုပ်ဆောင်ရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် အစိုးရဟာ ဒီဂျစ်တယ် စနစ်ပုံစံဖြစ်တဲ့ covidwarriors.gov.in ဆိုတဲ့ ဝဘ်ဆိုဒ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီဝဘ်ဆိုဒ်ကတဆင့် အစိုးရဟာ လူမှုအဖွဲ့အစည်းတွေမှ ပရဟိတသမားတွေ၊ လူ့ဘောင်အဖွဲ့အစည်းနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်း ကိုယ်စားလှယ်တွေနှင့်အတူ အသီးသီး ချိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲဒီမှာဆိုရင် ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်း ASHA တွေ၊ ၎င်းတို့ကို သင်တန်းပေးတဲ့ ANM ဝန်ထမ်းတွေ၊ NCC နှင့် NSS ဌာနတို့မှ မိတ်ဆွေတွေအပြင် နယ်ပယ်ကဏ္ဍအသီးသီးတို့မှ ကျွမ်းကျင်သူ ပါရဂူတွေအထိ ပါဝင်ကြပြီး သူတို့အားလုံးတို့မှာလည်း ကိုယ်ပိုင်ဝဘ်ဆိုဒ် လမ်းကြောင်းလုပ်ဆောင်မှုပုံစံတွေ ရှိထားကြပြီးဖြစ်ပါတယ်။ Covid တိုက်ဖျက်ရေးစစ်သည်တဦးနှင့် နိုင်ငံတော်ကို ထမ်းဆောင်ဖို့အတွက် သင်တို့လည်း covidwarriors.gov.in မှာ ပါဝင်နိုင်ကြပါတယ်။

ချစ်ခင်ရပါသော မိတ်ဆွေများခင်ဗျာ

ကျွန်ုပ်တို့ဟာ တနိုင်ငံလုံးအတိုင်းအတာနှင့် တစုတစည်းတည်းအဖြစ် ညီညွတ်မှုရလဒ်တွေကို မြင်တွေ့နေရပါတယ်။ ဒီကနေ့ကာလ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရတွေနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဟာ အကျပ်အတည်း သက်သာလျော့ပါးရေးအတွက် မီးကုန်ယမ်းကုန် လက်တွဲလုပ်ဆောင်နေကြပါတယ်။ နိုင်ငံတဝှမ်းလုံး ဆေးဝါးတွေ အနှံ့အပြား ပံံ့ပိုးပေးဖို့အတွက် လေကြောင်း အသက်သွေးကြော ထောက်ပို့စနစ်လို့ခေါ်တဲ့ အထူးလုပ်ဆောင်ချက် ရပ်ကို သင်တို့တွေ သတိပြုမိကြမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ရဲဘော်တွေဟာ အချိန်တို ကာလလေးအတွင်းမှာ လေကြောင်းမိုင် ကီလိုမီတာ သိန်းအကွာအဝေးကို လှည့်လည်ပျံသန်းပြီး နိုင်ငံရဲ့ အစွန်အဖျားအကျဆုံးဒေသများမှ သင်တို့ထံကို ဆေးဝါးရိက္ခာ တန်ချိန် ရာကျော်တို့ကို ပို့ဆောင်ခဲ့ကြပါတယ်။ လော့ဒေါင်းကာလတွင်းမှာ အလားတူပဲ မီးရထားကဏ္ဍမှာလည်း ကျွန်ုပ်တို့ရဲ့ ရဲဘော်တွေဟာ နိုင်ငံတော်အနေနှင့် မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန် ပြတ်လပ်မှုမျိုး မတွေ့ကြုံရစေဖို့ မနေမနား ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။ မိမိတို့ရဲ့ အဲဒီ ရဲဘော်တွေအားလုံးဟာ ကိုရိုနာတိုက်ဖျက်ရေး စစ်သည်တော်တွေ ဧကန်အမှန်ပင် ဖြစ်ကြပါတယ်။ တတ်စွမ်းသမျှ လုပ်ဆောင်ကြရာမှာ အစိုးရဌာန အသီးသီးတို့နှင့် ဘဏ်လုပ်ငန်းဝန်ထမ်းတွေဟာ ၂၄ နာရီပတ်လုံး အတူတကွ လုပ်ကိုင်နေကြပါတယ်။ အဲဒီကိုရိုနာ ကပ်ဘေးကို ဆန့်ကျင်တိုက်ဖျက်ရာမှာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနှင့် ပြည်နယ်အစိုးရတွေ ကြိုးစားပမ်းစား ထမ်းရွက်နေကြတဲ့ တာဝန်တွေဟာ ချီးကျူးဂုဏ်ပြုဖို့ ထိုက်တန်လှပါတယ်။

ချစ်လှစွာသော နိုင်ငံသားပေါင်းတို့….

နိုင်ငံတဝှမ်းမှာရှိတဲ့ ဆေးဝန်ထမ်းတွေဟာ လတ်တလောကထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်တွေအပေါ် အားရကျေနပ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ အဲဒီ အမိန့်ညွှန်ကြားချက်တွေမှာဆိုရင် ကိုရိုနာ ဆန့်ကျင်ရေး လုပ်ဆောင်သူတွေအပေါ် အနှောက်အယှက်ပေးသူတွေ၊ အနာတရ ဖြစ်စေသူတွေ သို့မဟုတ် တစုံတရာ ကျူးလွန်သူတွေအတွက် တင်းကျပ်စွာ အရေးယူအပြစ်ပေးမှုတို့ ပါဝင်ကြပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ နိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကင်းစင်စေဖို့ ၂၄ နာရီ လုပ်ဆောင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးအမှုထမ်းတွေ၊ ကျန်းမာရေး လုပ်သားတွေနှင့် ဒီလိုမျိုး ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အလွန်အရေးကြီးလှပါတယ်။

ချစ်လှစွာသော နိုင်ငံသားပေါင်းတို့ခင်ဗျာ

ဒီလို ကမ္ဘာ့ကပ်ရောဂါ ဆန့်ကျင်တိုက်ပွဲကာလအတွင်း မိမိတို့ဟာ ပတ်ဝန်းကျင်၊ လူ့ဘောင်အဖွဲ့အစည်းနှင့် အသိုင်းအဝိုင်းတို့ကို ငဲ့စောင်းကြည့်ဖို့ အခွင့်အလမ်းတရပ် ပေးအပ်လာတယ်လို့ ခံစားမိပါတယ်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း ထင်မြင်ယူဆမှု ရှုထောင့်တွေမှာ အတော်လေး ပြောင်းလဲမှုတရပ် ဖြစ်ပေါ်လာပါတယ်။ ဒီကနေ့လို ကာလမျိုးမှာ မိမိတို့ဘဝနှင့်ပတ်သက်ဆက်နွယ်သူ တဦးစီတိုင်းရဲ့ အရေးပါမှုကို မိမိတို့ သဘောပေါက် နားလည်လာကြပါတယ်။ အိမ်အကူဖြစ်စေ၊ အနီးဝန်းကျင် ဈေးဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ သာမန်လုပ်သားတွေဖြစ်စေ၊ မိမိတို့ရဲ့ ဘဝအသက်တာမှာ အဓိကနေရာကနေ ဘယ်လိုပါဝင်နေကြတယ် ဆိုတာကို နားလည်လာကြပါတယ်။ အလားတူပဲ မိမိတို့ ရပ်ကွက်အတွင်းမှာ အခြေခံကျတဲ့ ဝန်ဆောင်မှု ပေးနေသူတွေ၊ ဈေးဆိုင် အလုပ်သမားတွေနှင့် ဘက္ထရီ ဆိုက္ကား သမားတွေ စတဲ့အခြေခံအလုပ်သမားတွေမရှိဘူးဆိုရင် လူနေမှုဘဝ ဘယ်လောက် ခက်ခဲသွားတယ်ဆိုတာကို ဒီကနေ့ ကျွန်တော်တို့ နားလည်သိရှိရပါတယ်။

လူမှုဆက်သွယ်ရေး ကွန်ယက်တွေပေါ်မှာဆိုရင် ပြည်သူတွေဟာ လူထုအကျိုးသယ်ပိုးနေကြတဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ကူညီနေတဲ့အပြင် အဲဒီသူတွေအကြောင်းကိုပါ လေးစားဂုဏ်ပြုလျှက် စာတွေရေးသား တင်ပို့နေကြတာကို ဒီကနေ့ ကျွန်ုပ်တို့တွေ ပုံမှန် မြင်တွေ့နေကြရပါတယ်။ အရင်က သတိမပြုမိခဲ့ကြသလို ဆေးဖျန်းနေကြတဲ့ သန့်ရှင်းရေးလုပ်သားတွေ၊ ဆရာဝန်တွေ၊ ရဲတပ်ဖွဲ့တွေနှင့် တခြား ဌာနတွေကို ပြည်သူတွေက ပုံစံသစ်နှင့် ရှုမြင်နေကြပါတယ်။ အရင်က ရဲတပ်ဖွဲ့တွေအကြောင်း မိမိတို့တွေးကြည့်တဲ့အခါ ကောင်းကွက်မရှိဘဲ ဒုစရိုက်အမှုတွေကိုသာ တွေးခဲ့ကြပါတယ်။ ဒီကနေ့ကာလမှာတော့ မိမိတို့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆေးဝါးနှင့် စားနပ်ရိက္ခာတွေ ချို့တည့်နေသူတွေနှင့် တကယ်လိုအပ်နေသူတွေထံ ရောက်ရှိစေဖို့အတွက် လုပ်ဆောင်နေကြပါတယ်။

မိတ်ဆွေများခင်ဗျာ….

သဘာဝ၊ ဖောက်ပြန်မှုနှင့် ယဉ်ကျေးမှုဆိုတဲ့ စကား ခွန်းကို ကျနော်တို့မကြာခဏ ကြားဖူးကြပါတယ်။ အဲဒီစကားလုံး လုံးကို အပြန်ပြန်အလှန်လှန် ဆန်းစစ်ကြည့်မယ်ဆိုရင် ဘဝကိုနားလည်ဖို့ နည်းလမ်းတခု ရရှိသွားမှာဖြစ်ပါတယ်။ လူသားတွေရဲ့ သဘာဝကိုပြောမယ်ဆိုရင်ဒါ ငါ့ဟာ၊” “ငါ ဒါကိုသုံးနေတယ်”… ဆိုတဲ့ စိတ်ဓါတ်မျိုးတွေဟာ တော်တော်လေး သဘာဝကျတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီသဘောတရားအတွက် ဘယ်သူကမှ ကန့်ကွက်မှုတစုံတရာ ပြုကြဟန် မရှိတာကြောင့် ဒါကိုသဘာဝရယ်လို့ ညွှန်းဆိုနိုင်ပါတယ်။ ဒါပေမယ့်ဒါ ကျနော်နှင့် မဆိုင်ဘူး၊” “ဒါ တကယ်တော့ ကျနော့်ဟာ မဟုတ်ဘူး။ဆိုတာနှင့် တခြားသူတဦးထံကနေ အဓမ္မ ရယူသုံးစွဲလိုက်တယ်ဆိုတာတွေကိုတော့ ကိုယ်ကျင့်တရား ဖောက်ပြန်မှု ဒါမှမဟုတ် ပျက်ပြားလာမှုမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။ အတွေးအခေါ်နှင့် ကျင့်ကြံမှုပိုင်းမှာ ပါရမီရင့်တဲ့ ယဉ်ကျေးမှု စိတ်သန္တာန်တစုံ ပေါ်ပေါက်လာမယ်ဆိုရင် အဲဒီ သဘာဝနှင့် ဖောက်ပြန်မှု သဘောတရားတွေရဲ့အလွန်မှာ အဲဒီယဉ်ကျေးမှုဟာ ကိုယ်တိုင်အားဖြင့် အုပ်စိုးလျှက်ရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ကျင့်ဝတ်အစဉ်အလာတွေနှင့် ထုံးတမ်း အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်လျှက် ဆုံးဖြတ်ချက်တချို့ ချမှတ်ခဲ့တာကို တွေ့မြင်ခဲ့ကြရမှာဖြစ်ပါတယ်။ အဲဒီ အကျပ်အတည်းကာလအတွင်း ကြွဝချမ်းသာတဲ့ နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေဟာ ဆေးဝါးပြတ်လပ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ သဘာဝနှင့် ကိုယ်ကျိုးငဲ့မှုတွေကိုမထည့်တွက်ဘဲ လူသားမျိုးနွယ်တွေကို ကယ်တင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေကို ဆေးဝါးပံ့ပိုးပေးဖို့ ဆုံးဖြတ်ချက်ချပြီ ကမ္ဘာတဝှမ်းမှာ လိုအပ်တဲ့ ဆေးဝါးပံ့ပိုးမှုတာဝန်တွေကို ထမ်းဆောင်ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံအသီးသီးတို့မှ ခေါင်းဆောင်တွေကို ဖုန်းပြောဆိုတဲ့အခါမှာ ၎င်းတို့တွေဟာ အိန္ဒိယပြည်သူလူထုကို ကျေးဇူးတင်ကြောင်း မဖြစ်မနေ ဖော်ပြခဲ့ကြပါတယ်။

လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ….

မိမိတို့ရဲ့ အလုပ်အပိုင်ပုံစုံ၊ လူနေမှု ဘဝပုံစံနှင့် နေ့တဓူဝ လုပ်ကိုင်ပုံတွေမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ သဘာဝအလျောက် ပေါ်ပေါက်လာလျှက်ရှိပါတယ်။ ဒီကပ်ဘေးဆိုးကြီးဟာ မိမိတို့ကို ပိုမို သတိရှိကြဖို့နှင့် ကဏ္ဍအသီးသီးတို့အပေါ်မှာ ပိုမိုဂရုပြုကြဖို့ ဘယ်နည်းဘယ်ပုံဖြစ်စေခဲ့တယ်ဆိုတာကို သင်တို့အားလုံး သိရှိကြမှာဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ ထင်သာမြင်သာအရှိဆုံး သက်ရောက်မှုကတော့ မျက်နှာဖုံးနှင့် မျက်နှာအုပ် ဝတ်ဆင်ကြတာပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြောင်းလဲလာတဲ့ပုံစံအရ မျက်နှာဖုံးတွေဟာ ကျွန်ုပ်တို့ရဲ့ ဘဝတစိတ်တပိုင်း ဖြစ်လာကြပါတယ်။ မိမိတို့ဝန်းကျင်မှာ မျက်နှာဖုံးတွေစွပ်ထားသူ များများစားစားတို့ကို ယခင်က တွေ့ဖူးခြင်း မရှိခဲ့ကြပေမယ့် ယခုမှာတော့ တကယ်ကြီး သုံးနေကြတာကို တွေ့နေကြရပါတယ်။ မျက်နှာဖုံးတွေဟာ ယဉ်ကျေးပြီးလူ့ဘောင်အဖွဲ့အစည်းရဲ့ သင်္ကေတတခု ဖြစ်သွားမှာဖြစ်ပါတယ်။ သင်တို့ကိုယ်တိုင်နှင့် တခြားသူတွေကို ဒီကပ်ရောဂါကနေ ကာကွယ်လိုတယ်ဆိုရင်တော့ မျက်နှာဖုံးစွပ်ရမှာဖြစ်ပါတယ်။ အားလုံးအတွက် အရိုးရှင်းဆုံး ကျနော့်ရဲ့ အကြံပြုချက်ကတော့ မျက်နှာကိုအုပ်ဖို့ ပုဝါလေးတထည် သုံးသွားကြဖို့ဖြစ်ပါတယ်။

လေးစားအပ်ပါသော မိတ်တွေများခင်ဗျာ….

မိမိတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းပေါ်ပေါက်လာမယ့် နောက်ထပ် လှုံ့ဆော်ချက်တရပ်က ဘာလဲဆိုရင် ယခုအခါ ပြည်သူလူထုတို့ဟာ လူဘုံအလယ်မှာ တံတွေးထွေးခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ ထိခိက်မှုကို နားလည်သိရှိနေကြပြီ ဆိုတာပဲဖြစ်ပါတယ်။ မိမိတို့ဟာ နေရာမရွေး တံတွေးထွေးလေ့ရှိတာဟာ အကျင့်ဆုံးတရပ် ဖြစ်ပါတယ်။ ဒါဟာ သန့်ရှင်းရေးနှင့် ကျန်းမာရေး မျိုးစလုံးအတွက် ပြင်းထန်တဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။ ကျနော်တို့ ဒီကိစ္စကို အစဉ်တစိုက် သတိထားနေခဲ့ပေမယ့် မိမိတို့ လူ့ဘောင်အဖွဲ့အစည်းရဲ့ အာရုံစိုက်မှုမရ ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒီပြဿနာကို တကြိမ်တည်းနှင့် အပြီးပြတ် ကွယ်ပျောက်သွားဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။နောက်ကျသည့်တိုင် အခါမနှောင်းသေးဘူးဆိုတဲ့အတိုင်း ဒီကိစ္စကို အာရုံပြုသွားကြမယ်ဆိုရင် အဲဒီ တံတွေးထွေးတဲ့ အလေ့အကျင့်လည်း ပပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါတွေဟာ မိမိတို့ရဲ့ အခြေခံ သန့်ရှင်းမှုအဆင့်ကို တိုးတက်စေရုံသာမက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကာကွယ်ရာမှာလည်း အထောက်အကူပြုသွားမှာဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့…..

စိတ်နှလုံးမှပြောသော စကားများကဏ္ဍဖော်ပြနေစဉ် Akshaya-Tritiya ပွဲတော်ကျရောက်ချိန်နှင့် ကိုက်နေတာဟာ ဝမ်းမြောက်ဖွယ်ပဲ ဖြစ်ပါတယ်။ ဟိန္ဒီဘာသာနှင့် ‘Kshay’ ဆိုတာ သေကြေပျက်စီးခြင်းဆိုပေမယ့် Akshay ဆိုတာကတော့ အဆုံးမရှိခြင်း သို့မဟုတ် ထာဝရ တည်မြဲခြင်းလို့ အဓိပ္ပါယ်ရှိပါတယ်။ လက်ရှိ ပြဿနာတွေနှင့် အချိန်ကာလတွေမှာ ဒီနေ့ရက်ဟာ မိမိတို့ရဲ့ စိတ်ဓါတ်နှင့်ခွန်အား ထာဝရ ရှင်သန်နေတယ်ဆိုတာကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီ Akshaya-Tritiya ပွဲတော်ဟာ ပေးကမ်းစွန့်ကြဲမှုခွန်အားကို နားလည်စေဖို့ အခါသမယလည်း ဖြစ်ပါတယ်။ ဘာပေးတယ်၊ ဘယ်လောက်လှူတယ်ဆိုတာက ပဌာနမဟုတ်ပါဘူး။ ဒီလို အကျပ်အတည်းကာလမျိုးမှာ ညောင်စေ့လေးလောက် ပေးလှူပေမယ့် မိမိတို့ဝန်းကျင်မှာ ညောင်ပင်ကြီးလောက် အထောက်အပံ့ ဖြစ်သွားနိုင်ပါတယ်။

မိတ်ဆွေများခင်ဗျာ

ယခုအချိန်ကာလဟာ Ramazan ဥပုသ်လလည်း စတင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Ramazan ပွဲတော် ကျင်းပခဲ့စဉ်က ဒီပွဲတော်ဝန်းကျင်မှာ ယခုလို ကမ္ဘာ့ကပ်ဘေးဆိုးကြီးမျိုးနှင့် ရင်ဆိုင်နေရလိမ့်မယ်လို့ ဘယ်သူကမှ တွေးကြည့်ခဲ့ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယခုတော့ ဒီကပ်ရောဂါဆိုကြီးဟာ တကမ္ဘာလုံးကို ကျရောက်စေလျှက်ရှိပါတယ်။ Eid ပွဲတော် ကျင်းပမှု မကျရောက်မီ ကမ္ဘာကြီးဟာ ကိုရိုနာဘေး ကျရောက်နေတာကြောင့် မိမိတို့ဟာ ဒီတကြိမ်မှာ ယခင်ကထက် ပိုပြီး ဝတ်ပြုဆုတောင်းရမှာဖြစ်ပြီး Eid ပွဲတော်ကိုလည်း ယခင်ကလိုပဲ ဘာသာရေးနှင့် ပွဲတော်အနှစ်သာရတွေနှင့်အတူ Ramazan ကျင်းပသွားရမှာဖြစ်ပါတယ်။

တကယ်တော့ ကိုရိုနာဟာ အိန္ဒိယအပါအဝင် ကမ္ဘာတဝှမ်းမှာ ပွဲတော်အားလုံး ကျင်းပမှုပုံစံတွေကို ပြောင်းလဲပေးခဲ့ပါတယ်။ ကျင်းပတဲ့ အလေ့အထ နည်းလမ်းတွေကို ပြောင်းလဲစေခဲ့ပါတယ်။ မကြာသေးမီက Bihu Baisakhi Puthandu Vishu နှင့် Odia နှစ်သစ်ကူးပွဲတော်တို့လို ပွဲတော်အများအပြားတို့ ကျင်းပကြရာမှာ အိမ်တွင်းမှာပဲ ရိုးရှင်းစွာ ကျင်းပကြတာကို တွေ့ရပါတယ်။ ပုံမှန်အခြေအနေတွေမှာဆိုရင် ဒီလိုပွဲတော်တွေကို မိတ်ဆွေတွေ၊ မိသားစုတွေနှင့်အတူ ပျော်ရွှင်ဝမ်းမြောက်ဖွယ်အပြည့်နှင့် ကျင်းပလေ့ ရှိကြပါတယ်။ ဒါပေမယ့် ယခုလို လော့ဒေါင်းကာလမှာတော့ စည်းမျဉ်းတွေအတိုင်း လိုက်နာပြီးမှသာ ကျင်းပကြပါတယ်။ ခရစ်ယာန် ညီအကိုတွေကလည်း အစ္စတာ ဆန်းဒေးပွဲတော်ကို ၎င်းတို့ရဲ့ နေအိမ်တွေအတွင်းကနေပြီး ကျင်းပခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဒီအခြေအနေဟာ မိမိတို့ လူ့ဘောင်အဖွဲ့အစည်းနှင့် နိုင်ငံတော်ရဲ့ အဲဒီလိုတာဝန်တွေကို ဖြည့်ဆည်းထမ်းဆောင်ဖို့ မဖြစ်မနေ အလွန်အရေးကြီးလှပါတယ်။ ဒါမှသာလျှင် ကိုရိုနာရောဂါ ပျံ့နှံ့မှုကိုကာကွယ်နိုင်မှာဖြစ်ပြီး ဒီလိုကပ်ဘေးမျိုးကိုလည်း ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ ဒီရောဂါဟာ မိမိတို့မြို့၊ ရပ်ရွာ၊ လမ်းမ၊ ရုံးနေရာတွေကို ယခု မရောက်သေးပါဘူးရယ်လို့ မျက်စိစုံမှိတ်ပြီး မနေကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုအမှားမျိုး နောက်ထပ် မလုပ်မိကြပါစေနဲ့။ ကမ္ဘာ့အတွေ့အကြုံတွေဟာ ကျွန်ုပ်တို့ကို အများကြီး ပြောပြထားနေပြီ ဖြစ်ပါတယ်။ သတိမမူ ဂူမမြင်ဆိုသလို သတိနည်းပါးသွားတာနဲ့ မတော်တဆမှုတွေ ပေါ်ပေါက်လာမယ့်အရေး ကျွန်ုပ်တို့နိုင်ငံအတွင်း ထပ်ပြန်တလည်း သတိပေးလိုက်ပါတယ်။ မိမိတို့ရဲ့ ဘိုးဘေးတွေဟာ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရာမှာ မိမိတို့ကို အလွန်ကောင်းမွန်စွာ လမ်းညွှန်ပြသထားပြီးဖြစ်တယ်ဆိုတာကို သတိရကြပါ။ မီး၊ ကြွေးမြီနှင့် နာမကျန်းမှုတို့ကို ပေါ့ပေါ့ဆဆ ကိုင်တွယ်မယ်ဆိုရင် နောက်ပိုင်းမှာ အန္တရာယ်ကြီးထွားလာမှာဖြစ်လို့ မပေါ့မဆ လုပ်ဆောင်ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒေသခံအဆင့် ဒါမှမဟုတ် ဘယ်လိုအဆင့်မျိုးမှာမဆို မပေါ့ဆသင့်ပါဘူး။ အမြဲတစေ သတိရှိသွားရမှာဖြစ်ပါတယ်။ တဦးနှင့်တဦး ကိုက်လောက်အကွာအဝေးမှာ နေပြီး ကျန်းမာရေးကို ဂရုပြုကြပါလို့ ကျွန်တော် ထပ်မံဖော်ပြလိုက်ပါတယ်။ ပြည်သူပြည်သား အားလုံးတို့ ကျန်းမာရေး ကောင်းမွန်ကြပါစေလို့ ဆန္ဒမွန်ပြုလျှက် ကျွန်ုပ်ရဲ့ အတွေးအခေါ်များမျှဝေမှုကဏ္ဍကို နိဂုံးချုပ်လိုက်ပါတယ်။ နောက်တကြိမ် စိတ်နှလုံးမှပြောသော စကားများကဏ္ဍ ဆွေးနွေးကြတဲ့အခါ ယခုကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်လာတဲ့ သတင်းတွေပါရှိလာပြီး ကမ္ဘာတဝှမ်းမှာ ဒီကပ်ဘေးကလွတ်မြောက်လာကြတဲ့ လူသားမျိုးနွယ်တွေလည်း မိမိတို့ကို ခွန်းဆက်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။ ကျေးဇူးအထူး တင်ရှိပါတယ်။