စိတ်နှလုံးမှ ပြောသောစကားများ (၃၁-၀၅-၂၀၂၀)

 

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါ

ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးမှပြောသော စကားများအစီအစဉ်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစီအစဉ်ပြောပြစဉ်က ခရီးသည်တင် မီးရထား၊ ဘတ်စကားနှင့် လေယာဉ်ခရီးစဉ်တွေ ရပ်နားထားရပြီဖြစ်ပါတယ်။ ယခုတကြိမ် ဝန်းကျင်အချိန်မှာလည်း အထူးကြိုတင်သတိပြုမှုတွေနှင့်အတူ အထူးမီးရထားတွေနှင့် လေကြောင်း ခရီးစဉ်တွေကို ပြန်လည်စတင်နေပြီဖြစ်ပြီး စက်မှုလုပ်ငန်းကဏ္ဍ ပုံမှန်အခြေအနေသို့ ပြန်လည်ဖြစ်တာနေတာကြောင့် စီးပွားရေးကဏ္ဍရဲ့ အဓိကနယ်ပယ်တွေကို ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ယခုလိုအနေအထားမျိုးမှာ ကျွန်ုပ်တို့ ပိုမိုသတိထား ဂရုစိုက်သွားဖို့ လိုအပ်ပါတယ်။ လူတဦးနှင့်တဦး ၂ ကိုက် အကွာအဝေးရှိဖို့၊ မျက်နှာဖုံးတွေ ဝတ်ဆင်ကြဖို့ ဒါမှမဟုတ် တတ်နိုင်သမျှ အိမ်မှာပဲ နေကြဖို့လိုအပ်ပြီး မိမိတို့ဘက်က အပြည့်အဝလိုက်နာမှုပြုကြရာမှာ ပေါ့ဆမမရှိ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင်တိုက်ပွဲဟာ နိုင်ငံအတွင်း စုပေါင်းကြိုးပမ်းမှုကနေ အင်တိုပ်အားတိုက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းကိုကြည့်မယ်ဆိုရင်လည်း အိန္ဒိယ ပြည်သူလူထုရဲ့ ဖော်ဆောင်လုပ်ဆောင်မှု အခြေအနေတွေကို အမှန်တကယ် တွေ့မြင်နိုင်ကြပါတယ်။ မိမိတို့ရဲ့ လူဦးရေကလည်း တခြားနိုင်ငံအများစုတို့ထက် အဆများစွာ ရှိနေပါတယ်။ နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကလည်း အသွင်ကွဲပြားကြပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဟာ တခြားကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်သလို မြန်ဆန်မှုမရှိခဲ့ပါဘူး။ ရောဂါကြောင့် သေဆုံးမှုနှုန်းကလည်း အလွန်နည်းပါးလှပါတယ်။ မိမိတို့ ကြုံတွေ့ခဲ့ကြရတဲ့ ဆုံးရှုံးမှုတွေကို မိမိတို့တွေအားလုံး များစွာ စိတ်မကောင်းဖြစ်ရပေမယ့် မိမိတို့ ကယ်တင်သွားနိုင်တဲ့ အရာမှန်သမျှဟာ နိုင်ငံရဲ့ ပေါင်းစုလုပ်ဆောင်မှုဆိုင်ရာ ရလဒ်တခုဖြစ်ပါတယ်။ မိမိတို့လို ကြီးမားလှတဲ့ နိုင်ငံတနိုင်ငံအတွင်း လူတိုင်းလူတိုင်းတို့ဟာ တိုက်ခိုက်မှု မြှင့်တင်သွားကြဖို့ စိတ်ပိုင်းဖြတ်ထားကြပြီး လှုပ်ရှားမှုတခုလုံးကို ပြည်သူလူထုအင်အားနှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ

ကျွန်ုပ်တို့ရဲ့ ဆရာဝန်တွေ၊ သူနာပြုဝန်ထမ်းတွေ၊ သန့်ရှင်းရေး လုပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနှင့် သတင်းမီဒီယာသမားတွေရဲ့ကဏ္ဍနှင့်ပတ်သက်ပြီး တာဝန်ထမ်းဆောင်လုပ်ကိုင်မှုစိတ်ဓါတ်ကို မကြာခဏ ညွှန်းဆိုဖော်ပြလေ့ရှိပါတယ်။ ယခု စိတ်နှလုံးမှပြောသော စကားများကဏ္ဍမှာလည်း ဒီအကြောင်း ဖော်ပြလိုက်ပါတယ်။ အများသူငှာတို့ကို အလုပ်အကျွေးပြုရာမှာ ကိုယ်ပိုင်တာအားလုံး စွန့်ပေးဖို့ဆန္ဒရှိသူ မရေမတွက်နိုင်လောက်အောင် ရှိနေကြပါတယ်။ 

အမျိုးသမီးထုရဲ့ ကိုယ့်အားကိုယ်ကိုး ကူညီရေးအုပ်စုအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှု အများအပြားတို့ကလည်း နိုင်ငံတဝှမ်းလုံးမှာ ကဏ္ဍစုံ၊ ထောင့်စုံကနေ ပေါ်ပေါက်လာကြပါတယ်။ ကျေးရွာတွေနှင့် မြို့ငယ်လေးတွေမှာဆိုရင် ကျွန်ုပ်တို့ရဲ့ ညီအမတွေဟာ မျက်နှာဖုံး ထောင်ပေါင်းများစွာတို့ကို နေ့စဉ်အားဖြင့် ပြုလုပ်နေကြပြီး လူမှုအဖွဲ့အစည်းများစွာတို့ကလည်း ဒီကြိုးပမ်းမှုမှာ ၎င်းတို့ကို အကူအညီ ပေးအပ်နေကြပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့..

ယခုလို အကျပ်အတည်းကာလ အချိန်မျိုးမှာ တီထွင်မွမ်းမံမှုဟာ ကျွန်တော့်နှလုံးသားကို ထိရှခဲ့ပါတယ်။ ရပ်ရွာတွေ၊ မြို့နယ်တွေမှ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်သူထုတို့ဟာ ကိုရိုနာကပ်ဘေးကို တီထွင်ကြံဆပြီး ဆန်းသစ်တဲ့နည်းလမ်းတွေနှင့် ဆောင်ရွက်လုပ်ကိုင် နေကြပါတယ်။ စိတ်ဝင်စားဖွယ် ဥပမာတခုကို ပြောပြပါ့မယ်။ Nasik မြို့မှ တောင်သူတဦးဖြစ်တဲ့ Rajendra Yadav ရဲ့အကြောင်း ဖြစ်ပါတယ်။ Rajendra ဟာ သူတို့ကျေးရွာကို ကိုရိုနာဘေးက ကာကွယ်ဖို့ သူ့ရဲ့ထွန်စက်မှာ ဆေးဖြန်းစက်တလုံးတပ်ဖို့ တီထွင်ကြံဆခဲ့ပြီး အဲဒီလုပ်ရပ်ဟာ အလွန်ထိရောက်မှု စွမ်းဆောင်လျှက်ရှိပါတယ်။ အလားတူပဲ တီထွင်ကြံဆမှု ဓါတ်ပုံအများအပြားတို့ကို လူမှုဆက်သွယ်ရေး ကွန်ယက်စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။ ဈေးဆိုင်တွေမှာဆိုရင်လည်း ဈေးသယ်အများအပြားတို့ဟာ ၎င်းတို့ဆိုင်တွေမှာ လူတဦးနှင့်တဦး ၂ ကိုက် အကွာအဝေးရှိစေဖို့အတွက် ပိုက်လိုင်းကြီးတွေ ထားရှိခဲ့ကြပါတယ်။ ပိုက်တဖက်မှာ ဈေးရောင်းချသူက ပစ္စည်းကို ပိုက်ကတဆင့် ပေးလိုက်ပြီး နောက်တဖက်မှာ ဈေးဝယ်ခြမ်းသူက ပစ္စည်းကို လက်ခံရယူတာ ဖြစ်ပါတယ်။ နောက် ဆရာ/ဆရာမတွေနှင့် ကျောင်းသူ/ကျောင်းသားတွေကလည်း ပညာရေးကဏ္ဍမှာ အွန်လိုင်း သင်ခန်းစာနှင့် ဗီဒီယိုဖြင့် သင်ကြားမှုတို့လို နည်းပညာအကူအညီနှင့် မွမ်းမံကြံဆမှုအမြောက်အများ ပေါ်ပေါက်လာခဲ့ကြပါတယ်။

ဖြေရှင်းနည်း လုပ်ဆောင်ချက်တွေအပြင် အခြေအနေတွေ ပြောင်းလဲစေဖို့အတွက်ဆိုရင် မွမ်းမံကြံဆမှုအပေါ် များစွာမူတည်လျှက်ရှိပါတယ်။ နှစ် ထောင်ပေါင်းများစွာကြာမြင့်ပြီဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ သက်တမ်းခရီးရှည်ကြီးဟာ အဆက်မပြတ် တီထွင်မွမ်းမံမှုကြောင့်သာ လက်ရှိ မျက်မှောက်ခေတ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအထူးတီထွင်မှုတွေဟာ ကမ္ဘာ့ကပ်ဘေးကိုကျော်လွှားဖို့ မိမိတို့အောင်ပွဲရဲ့ အခြေခံအုတ်မြစ်ကို ပုံဖော်လိုက်တာဖြစ်ပါတယ်။

မိတ်ဆွေများ ခင်ဗျာ.

ကိုရိုနာကပ်ဘေး တိုက်ဖျက်မှုလမ်းခရီးဟာ အလွန်ရှည်လျားလှပါတယ်။ ဒီဘေးဆိုးဟာ တကမ္ဘာလုံးမှာ ကုသဖို့ဆေးမရှိသေးတဲ့ ဘေးဒုက္ခတမျိုးဖြစ်ပြီး ဒါနှင့်ပတ်သက်လို့ ယခင်က အတွေ့အကြုံလည်း မရှိကြပါဘူး။ အဲဒီအခြေအနေတွေမှာ ကျွန်ုပ်တို့ဟာ စိန်ခေါ်ချက် အသစ်တွေနှင့် အကျိုးဆက်ဖြစ်တဲ့ အခက်အခဲတွေကို ရင်ဆိုင်တွေ့ကြုံကြရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဘေး ကျရောက်တဲ့နိုင်ငံတိုင်းရဲ့ အခြေအနေဖြစ်တာကြောင့် အိန္ဒိယနိုင်ငံလည်း မလွတ်ပါဘူး။ မိမိတို့နိုင်ငံအတွင်းမှာ ဒီကပ်ဘေးဆိုးကြီးကြောင့် ပေါ်ပေါက်လာတဲ့ အခက်အခဲတွေ မကျရောက်ခဲ့တဲ့ လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းရယ်လို့ မရှိပါဘူး။ အပြင်းထန်ဆုံး အကျပ်အတည်း အခက်အခဲ ဘေးဒုက္ခ ကြုံတွေ့ခဲ့ကြရသူတွေက ဆင်းရဲနွမ်းပါးတဲ့ အောက်ခြေအဆင့် လက်လုပ်လက်စား အလုပ်သမားတွေပဲ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဝေဒနာ ခံစားရမှုတွေကို စကားလုံးတွေနှင့် ဖော်ပြလို့ မရနိုင်ပါဘူး။ ၎င်းတို့မိသားစုတွေ ဘယ်လိုကျော်ဖြတ်နေကြရတယ်ဆိုတာကို ကျွန်ုပ်တို့တွေ နားလည် ခံစားနိုင်ကြမှာ မဟုတ်ပါဘူး။

ဒီကနေ့ မိမိတို့ရဲ့ အလုပ်သမားထု ဘေးဒုက္ခတွေ ကြုံတွေ့နေရတာဟာ နိုင်ငံရဲ့ အရှေ့ပိုင်းဒေသ ဖြစ်ပါတယ်။ အဲဒီဒေသပိုင်းဟာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးစွမ်းရည်နှင့် လုပ်သားစွမ်းရည်တွေ ပိုင်ဆိုင်ထားပြီး အဲဒီစွမ်းရည်နှင့် နိုင်ငံတော် တိုးတက်စေဖို့ဆိုရင် အဲဒီအရှေ့ပိုင်း ဒေသဟာ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်လျှက်ရှိပါတယ်။ အရှေ့ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံရဲ့ မျှတတဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ဒီဒေသ ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း အများအပြား လုပ်ဆောင်ခဲ့ပြီး အဲဒီအတွက်လည်း ကျေနပ်အားရမှု ဖြစ်ပေါ်စေပါတယ်။ ယခုအခါမှာတော့ လုပ်သားထုတွေ ရွှေ့ပြောင်းနေတာကို ကြည့်ခြင်းအားဖြင့် လက်ရှိလိုအပ်ချက်ဟာ ဖြေရှင်းချက် အသစ်တခု တီထွင်လုပ်ဆောင်ဖို့ပဲဖြစ်ပြီး မိမိတို့ကလည်း ဒီလမ်းကြောင်းအတိုင်း လုပ်ဆောင်လျှက်ရှိပါတယ်။ အဲဒီအပြင် မကြာသေးမီက ဗဟိုအစိုးရချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ကျေးလက်ဒေသ အလုပ်အကိုင်၊ ကိုယ်ပိုင်အလုပ်အကိုင်နှင့် အသေးစား စက်မှုလုပ်ငန်းတို့လို အခွင့်အလမ်းများစွာ ဖွင့်လှစ်ပေးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေရဲ့ မျှော်မှန်းချက်ကတော့ ကိုယ်တိုင်မှီတွယ်အားကိုးနိုင်တဲ့ အိန္ဒိယနိုင်ငံ အခြေအနေတွေအတွက် ဖြေရှင်းချက်တွေ ရှာကြံလျှက်ရှိပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ ခင်ဗျာ..

ကျနော်ဟာ လက်ရှိ ကိုရိုနာ ကပ်ဘေးအကျပ်အတည်းကာလအတွင်းမှာ ကမ္ဘာ့ခေါင်းဆောင် အများအပြားတို့နှင့် စကားစမြည် ပြောဆိုဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေနှင့် ဆွေးနွေးရာမှာ စိတ်ဝင်စားမှုအများဆုံးရှိကြတာကတော့ ယောဂနှင့် အာယုဗေဒတို့ ဖြစ်ကြပါတယ်။ ဒီလို ကိုရိုနာ ကပ်ဘေးကာလ အချိန်မှာ ယောဂနှင့် အာယုဗေဒတို့ဟာ အထောက်အကူပြုမပြုကို ခေါင်းဆောင်အများအပြားတို့က မေးမြန်းကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာ ကူးစက်ရောဂါ ပျံ့ပွားနေချိန်မှာ ဒီဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းစနစ်ကို အများဆုံး ထိခိုက်စေတာကြောင့် ယောဂဟာ ပိုပြီး အရေးပါလာပါတယ်။ ယောဂကျင့်စဉ်မှာဆိုရင် အသက်ရှူစနစ် အားကောင်းစေတဲ့ ကာလကြာ မြင်တွေ့ခဲ့ရပြီးဖြစ်တဲ့ အကျိုးသက်ရောက်မှုတွေနှင့် ပရာနယာမာ ကျင့်စဉ်အသီးသီး ရှိကြပါတယ်။ ဒီကဏ္ဍနှင့်ပတ်သက်ပြီး အာယုရှ် ဝန်ကြီးဌာနဟာ ယောဂလေ့ကျင့်မှု တိုးတက်စေဖို့ ဒီတကြိမ်မှာ တမူထူးခြားတဲ့ လက်တွေ့စမ်းသပ်မှုတခု ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးဌာနဟာ မိမိဘဝနှင့် မိမိရဲ့ ယောဂ ဆိုတဲ့အမည်နှင့် နိုင်ငံတကာ ဗီဒီယို ပြိုင်ပွဲတရပ်ကို စတင်ထားပါတယ်။

အဲဒီယှဉ်ပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံသားတွေသာမက ကမ္ဘာတဝှမ်းကနေ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပါဝင်ဖို့ဆိုရင် ၃ မိနစ်စာ ဗီဒီယိုတခုကိုရိုက်ကူးပြီး ဝဘ်ဆိုဒ်မှာ တင်ရမှာဖြစ်ပါတယ်။ ဗီဒီယိုမှာတော့ ယောဂ လေ့ကျင့်မှု ဒါမှမဟုတ် အာနာပါန လေ့ကျင့်မှုနှင့် အဲဒီကနေ ဘာတွေ ဖြစ်လာတယ်ဆိုတဲ့ အတွေ့အကြုံလေးတွေကို မျှဝေဖော်ပြရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ပြီး နိုင်ငံတကာ ယောဂကျင့်စဉ်နေ့မှာ ပါဝင်ကြဖို့အတွက် အားလုံးကို တိုက်တွန်းအပ်ပါတယ်။

မိတ်ဆွေများခင်ဗျာ 

နိုင်ငံသားပေါင်း မြောက်များစွာတို့ဟာ နိုင်ငံအတွင်းမှာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် နာမကျန်းဖြစ်လာရင် ဆေးဝါးကုသဖို့ ဒါမှမဟုတ် မိသားစုအတွက် ကျွေးမွေးစောင့်ရှောက်ဖို့ စိုးရိမ်ချက်တွေနှင့် နေထိုင်ခဲ့ကြရပါတယ်။ အဲဒီလို စိတ်ဖိစီးမှုသောကကို နားလည်သဘောပေါက်လျှက် ‘Ayushman Bharat’ ဆိုတဲ့စီမံကိန်းကြီးကို လွန်ခဲ့တဲ့ ၁ နှစ်ခွဲခန့်အကြာက ချမှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက အဲဒီ ‘Ayushman Bharat’ စီမံကိန်းကနေ အကျိုးခံစားခွင့် ရရှိကြသူအရေအတွက်ဟာ ၁ ကုဋေကျော်သွားပြီဖြစ်ပါတယ်။ လူနာပေါင်း ၁ ကုဋေကျော်ဆိုတာ နော်ဝေနိုင်ငံလူဦးရေရဲ့ ၂ ဆနှင့် စင်္ကာပူနိုင်ငံ လူဦးရေရဲ့ ၂ ဆတို့ကို အချိန်တိုကာလအတွင်းမှာ ယခုလို အခမဲ့ ဆေးဝါးကုသပေးခဲ့တာဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုလိုက်တာဖြစ်ပါတယ်။

ဆင်းရဲချို့တဲ့သူတွေအနေနှင့် ၎င်းတို့အိတ်ထဲကနေ ငွေကြေးပေးစရာမလိုဘဲ ရူပီးငွေအားဖြင့် ကုဋေပေါင်း ၁၄၀၀၀ ကျော်နှင့်ညီမျှတဲ့ ဆေးကုသမှုတွေကို ခံယူရရှိခဲ့ကြပါတယ်။ ဒီစီမံကိန်းမှာ ခံစားခွင့်ရရှိကြသူများသာမက ဒီစီမံကိန်းအောက်ကနေ လူနာတွေကို ဆေးကုသပေးခဲ့ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနှင့် ဆေးဝန်ထမ်းအားလုံးတို့ကို ဂုဏ်ပြုလိုက်ပါတယ်။ ဒီစီမံကိန်းကြောင့် ကျန်းမာရေးစနစ်အားနည်းတဲ့ ဒေသတွေအတွင်းမှ မတတ်နိုင်ကြသူတွေဟာ နိုင်ငံရဲ့ ဘယ်ဒေသမှာမဆို အကောင်းဆုံးဆေးဝါးကုသမှု ရရှိနိုင်ကြပြီဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့.

များမကြာမီ ဇွန်လ ၅ ရက်နေ့မှာ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်နေ့ကို ကမ္ဘာတဝှမ်းလုံးမှာ ကျင်းပသွားကြမှာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ နောက်ခံစာသားကတော့ ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင်နေ့ဟာ သက်ရှိဇီဝ မတူကွဲပြားမှုဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ ယခုလက်ရှိအခြေအနေတွေနှင့် အထူးပတ်သက်နေပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ် လော့ဒေါင်းကာလအတွင်းက သက်ရှိတွေ ရွေ့လျားမှုနှုန်းဟာ အနည်းငယ် နှေးကွေးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မိမိတို့ဝန်းကျင်မှာ သဘာဝရဲ့ မတူကွဲပြားမှု အများအပြား သို့မဟုတ် အပင်နှင့်သက်ရှိ ကွဲပြားတည်ရှိမှုတို့ကို စူးစမ်းလေ့လာဖို့ အခွင့်အလမ်းတရပ် ပေးအပ်ခဲ့ပါတယ်။ ကျေးငှက် ဒေသရင်း တိရစ္ဆာန်တွေအများစုတို့ဟာ အသံနှင့် လေထုညစ်ညမ်းမှုတို့ကြောင့် ကွယ်ပျောက်သွားကြပြီဖြစ်ပေမယ့် နှစ်အတော်ကြာ ယခုအခါမှာတော့ လူသားတွေဟာ ၎င်းတို့ရဲ့အိမ်တွေမှာ ကျေးငှက်တွေရဲ့အသံတွေကို ထပ်မံကြားနေကြရပြီဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့.

ရေဟာ အသက်သွေးကြောဖြစ်တယ်ဆိုတာကို မိမိတို့ ထပ်ပြန်တလည်း ကြားမိကြမှာဖြစ်ပါတယ်။ ရေရှိနေရင် မနက်ဖြန်လည်း ရှိနေတယ်ဆိုပေမယ့် မိမိတို့ဘက်ကလည်း ရေအတွက် တာဝန်ယူမှု ရှိရမှာဖြစ်ပါတယ်။ မိုးရေတွေကို သိုလှောင်သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ရေထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းတွေဟာ အလွန်ရိုးရှင်းတဲ့ ကုစားနည်းတွေဖြစ်ပြီး ဒါတွေလုပ်ကြမယ်ဆိုရင် မိမိတို့ ရေကို ထုတ်ယူနိုင်ကြမှာဖြစ်ပါတယ်။ ရေကို ၅ ရက် သို့မဟုတ် တပတ် ဆက်လက်ထိန်းသိမ်းထားရှိမယ်ဆိုရင် ဒါဟာ မိခင်ကမ္ဘာမြေကြီးရဲ့ ရေငတ်မွတ်မှုကို ပြေစေရုံသာမက မြေကြီးအတွင်းကိုလည်း စိမ့်ဝင်သွားမှာဖြစ်ကာ အဲဒီလို စိမ့်ဝင်သွားတဲ့ရေကလည်း သက်ရှိရှင်သန်မှုစွမ်းအားနှင့်အတူ ပေးအပ်လာမှာဖြစ်တာကြောင့် မိမိတို့အားလုံး ရေကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့

သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဟာ တိုက်ရိုက်အားဖြင့် မိမိတို့ဘဝရဲ့ အတွင်းအစိတ်အပိုင်းဖြစ်ပြီး မိမိတို့ကလေးတွေရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအရေးကိစ္စကို မိမိတို့ ပုဂ္ဂိုလ်အလိုက်အဆင့်အထိ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီလာမယ့် သဘာဝပတ်ဝန်းကျင်နေ့မှာ သစ်ပင်တချို့စိုက်ပြီး သဘာဝတရားကြီးနှင့် နေ့စဉ်ဆက်ဆံရေးတိုးတက်နိုင်စေဖို့ ဖြေရှင်းတဲ့အနေနှင့် သဘာဝလောကကို ထမ်းရွက်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဒီလောက်ဆိုးရွားလှတဲ့ ကပ်ဘေးကြီးပြီးရင် အခက်အခဲတွေ လွန်မြောက်ပြီးရင် အခြေအနေတွေကို ကိုင်တွယ်နေတဲ့ နိုင်ငံရဲ့ခရီးလမ်းဟာ ဖြောင့်ဖြူးမှမဟုတ်ကြောင်း မိတ်ဆွေတို့စိတ်မှာ ထင်မြင်ထားကြပြီး ဖြစ်ပါတယ်။ ဒီတိုက်ဖျက်မှုကို အရှိန်လျော့ကျခွင့် ပြုလို့မရပါဘူး။ လျစ်လျူရှုမှုနှင့် ပေါ့တိပေါ့ပျက်နေမှုတို့ဟာ ရွေးရမယ့်လမ်းကြောင်းတွေ မဟုတ်ကြပါဘူး။ ကိုရိုနာကပ်ဘေး ဆန့်ကျင်ရေးဟာ အလားတူ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

သင်နှင့် သင့်မိသားစုတို့ဟာ ကြီးမားလှတဲ့ ကိုရိုနာကပ်ဘေးဆိုးကို ရင်ဆိုင်နေရဆဲ ဖြစ်နိုင်ပါတယ်။ မိမိတို့ဟာ လူသားမျိုးနွယ်ရဲ့ အသက်တွေကို ကယ်တင်သွားရမှာဖြစ်တာကြောင့် လက်ရှိအချိန်အထိ မိမိတို့ လေ့လာတွေ့ရှိထားကြတဲ့အတိုင်း တဦးနှင့်တဦး ၂ ကိုက်အကွာအဝေးရှိနေဖို့၊ မျက်နှာဖုံးတပ်ဆင်ဖို့နှင့် လက်ဆေးကြောဖို့ စတဲ့ ကြိုတင်သတိထားမှုတွေကို တသဝေမတိန်း လိုက်နာသွားဖို့ လိုပါတယ်။ သင်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်နိုင်ငံအတွက် ဒီသတိပြုချက်တွေအားလုံး လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်မိပါတယ်။ အဲဒီယုံကြည်မှု အာမခံနှင့်အတူ သင်တို့ကျန်းမာရေးအတွက် အကောင်းဆုံး ဆန္ဒမွန် ပြုလိုက်ပါတယ်။ လာမယ့် စိတ်နှလုံးမှပြောသော စကားများကဏ္ဍမှာ အကြောင်းအရာ ခေါင်းစဉ်သစ် များစွာတို့နှင့်အတူ ထပ်မံတွေ့ဆုံကြပါစို့။

ကျေးဇူးတင်ရှိလျှက်