စိတ်နှလုံးမှပြောသော စကားများ (အပိုင်း – ၁၃)

လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါ

ယခုဆိုရင်တော့ စိတ်နှလုံးမှပြောသော စကားများအစီအစဉ်ဟာ ၂၀၂၀ ခုနှစ်အတွက် လမ်းခရီးမှာ ထက်ဝက်ခရီးကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ ကျွန်ုပ်တို့တွေဟာ အကြောင်းအရာများစွာတို့အပေါ် ဆွေးနွေးခဲ့ကြပါတယ်။ သဘာဝအားဖြင့် မိမိတို့ ဆွေးနွေးပြောဆိုမှု အများအပြားတို့ဟာ ကမ္ဘာ့ကပ်ရောဂါကြောင်းနှင့် လူသားမျိုးနွယ်တို့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးအကြောင်းတွေ ဖြစ်ခဲ့ကြပေမယ့် ယခုရက်ပိုင်းတွေအတွင်း ကျွန်ုပ် သတိပြုမိတာကတော့ ဒီနှစ်ကာလဟာ ဘယ်တော့ ဖြတ်သန်းကုန်လွန်မလဲဆိုတဲ့ခေါင်းစဉ်နှင့် ပြည်သူတွေအလယ်မှာ အဆုံးမရှိတဲ့ ဆွေးနွေးမှုအကြောင်းပဲ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေဟာဆိုရင် ဒီနှစ်ဟာ ဘာကြောင့် ဒီလောက်နှေးကွေးစွာ ဖြတ်သန်းနေရတာလဲလို့ ဝမ်းနည်းစွာဖော်ပြချက်တွေနှင့် စတင်ခဲ့ကြပါတယ်။ တချို့ကျပြန်တော့လည်း ဒီ ၂၀၂၀ ခုနှစ်ဟာ သုဂတိကာလမဟုတ်တာကြောင့် ဒီကာလကို တနည်းနည်းနှင့် ကျော်ဖြတ်ကုန်လွန်သွားလိုကြတာပဲဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ….

ဘာကြောင့် ဒီလိုတွေဖြစ်လာရတာလဲလို့ ကျွန်ုပ်ခံစားမိတဲ့အချိန်တွေ ရှိပါတယ်။ ဒီလိုခံစားချက်တွေရဲ့နောက်မှာ အကြောင်းတရားတွေလည်း ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ အကြာက ဒီကိုရိုနာ ကပ်ဘေးအကြောင်း ဒါမှမဟုတ် ဒီကပ်ဘေးကို တိုက်ခိုက်သွားဖို့အကြောင့် ဘယ်သူကမှ သိခဲ့ကြခြင်းမရှိပါဘူး။ ကပ်ဘေးတခုမက ကျရောက်ခဲ့ရင်တော့ နိုင်ငံတွေဟာ စိန်ခေါ်ချက်တွေတခုပြီးတခုတို့ကို တရက်ပြီးတရပ် အဆုံးမရှိ ရင်ဆိုင်သွားရဖို့ပဲရှိပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက မိမိတို့ရဲ့ အရှေ့ပိုင်းကမ်းရိုးတန်းဒေသမှာ အမ်ဖန် မုန်တိုင်းနှင့် အနောက်ဖက်ကမ်းရိုးတန်းမှာ Nisarg စိုင်ကလုံးမုန်တိုင်းတို့ ကျရောက်ခဲ့ပါတယ်။ ပြည်နယ်တွေမှာဆိုရင်လည်း မိမိတို့ရဲ့ တောင်သူလယ်သမား ညီအကို မောင်နှမတွေဟာ ကျိုင်းကောင်တွေ ကျရောက်ဖျက်ဆီးမှုကို ခံစားခဲ့ကြရပါတယ်။

ဒီအပြင် နိုင်ငံရဲ့ အစိတ်အပိုင်း များစွာတို့မှာလည်း မြေငလျင်တွေ လှုပ်ခတ်ခဲ့ပါသေးတယ်။ ဒါတင်မကပါဘူး နိုင်ငံတော်ဟာ မိမိတို့ရဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ အန္တရာယ်တွေကို ဖြေရှင်းခဲ့ရပါသေးတယ်။ မိတ်ဆွေများခင်ဗျာ.. ဆိုလိုချင်တာက မိမိတို့အပေါ် ဒီလို ကံဆိုမိုးမှောင်တွေ ကျရောက်ခဲ့တယ်၊ ဘေးဒုက္ခတွေနှင့် ရင်ဆိုင်ခဲ့ကြပေမယ့် ဒါဟာ ၂၀၂၀ ခုနှစ်အနေနှင့် ကောင်းတဲ့ခေတ်မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက် ရရှိစေရော့သလား။ ပထမနှစ်ဝက်ကာလအပေါ်အခြေခံပြီး ဒါဟာ တနှစ်လုံးဖြစ်သွားလိမ့်မယ်လို့ တထစ်ချ အချိုးအစားယူလို့ရမလား။ လုံးဝ မရနိုင်ပါဘူး။ သမိုင်းအစဉ်အလာအားဖြင့်လည်း အိန္ဒိယနိုင်ငံဟာ ဒီလိုကပ်ဘေးဆိုး စိန်ခေါ်ချက်အသီးသီးတို့ကို ရင်ဆိုင် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ

ကျွန်တော်တို့ဟာဖန်တီးမှုဟာ ထာဝရဖြစ်ပြီး ဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့ ဆိုရိုစကားတခုနှင့် အလားသဏ္ဍာန် တူကြပါတယ်။ အဲဒီလိုပဲ အိန္ဒိယနိုင်ငံဟာ ဧရာမကြီးမားလှတဲ့ ဘေးဒုက္ခကြီးတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အခြားတဖက်မှာဆိုရင် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီး မြောက်များစွာသော ဖန်တီးမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။ စာပေ တခေတ်ဆန်းသစ်မှုတွေ၊ သုတေသန အသစ်တွေ ပေါ်ပေါက်လာပြီး သဘောတရားအသစ်တွေလည်း ပေါ်လွင်လာခဲ့ပါတယ်။ ဒါဟာဆိုရင် အဆိုးဝါးဆုံးအချိန်တွေမှာတောင် ဘယ်ကဏ္ဍမှာမဆို မိမိတို့ရဲ့ စုံလင်လှတဲ့ ယဉ်ကျေးမဥဟာ နိုင်ငံရဲ့ တိုးတက်ရေးလမ်းကြောင်းကို ဦးတည်လျှက် ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်ဟာ မတုန်မလှုပ် ဖြစ်ပေါ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အခက်အခဲဟူသမျှကို အောင်မြင်ရေး အုတ်မြစ်တွေအဖြစ် အမြဲတမ်း ပြောင်းလဲလျှောက်လှမ်းနိုင်ခဲ့ပါတယ်။ အလားတူသန္နိဋ္ဌာန်နှင့်ပဲ ဒီကနေ့ အခက်အခဲကာလကို ရှေ့ဆက်ချီတက်ကြရမှာဖြစ်ပါတယ်။ အားလုံးလှမ်းချီကြမယ်ဆိုရင် သန်းပေါင်း ထောင့်၊ ရာရှိတဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားဟာ နိုင်ငံရဲ့ ဂုဏ်ရောင်ထွန်းပြောင်တဲ့ အမွေအနှစ်ကိုထိန်းသိမ်းပြီး ဒီထက်မက အဆင့်မြင့်အောင် ဒီနှစ်မှာ လုပ်ဆောင်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသား အပေါင်းတို့ခင်ဗျာ….

မိမိတို့ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခ ဘယ်လောက်ပင်ကြီးမားစေကာမူ အိန္ဒိယနိုင်ငံရဲ့ နေထိုင်ရပ်တည်မှုနည်းလမ်းဟာ အားလုံးကို ကိုယ်ကျိုးမငဲ့ထမ်းရွက်ဖို့ လှုံ့ဆော်ပေးလျှက်ရှိပါတယ်။ ခက်ခဲတဲ့အချိန်ကာလတွေမှာ အိန္ဒိယနိုင်ငံ အကူအညီပေးလေ့ရှိတဲ့အတိုင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက်လည်း အားဖြည့်ပေးခဲ့ပါတယ်။ ဒီကာလအတွင်း ကမ္ဘာ့နိုင်ငံတွေဟာ အိန္ဒိယနိုင်ငံရဲ့ လူသားအားလုံးကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်အပေါ် နားလည်သဘောပေါက်ရုံမက နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကာကွယ်စောင့်ရှောက်ဖို့အချိန်ရောက်လာရင်လည်း လုပ်ဆောင်တဲ့စိတ်ဓာတ်ကို သတိပြု မြင်တွေ့ခဲ့ကြပြီဖြစ်ပါတယ်။

Ladakh ဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ မြေနယ်နိမိတ်ကို မျက်စိကျနေသူတွေဟာ ထိုက်သင့်တဲ့တုံ့ပြန်မှု ရရှိခဲ့ကြပါတယ်။ မိခင်အိန္ဒိယနိုင်ငံရဲ့ ထင်ရှားမှု ဂုဏ်ပုဒ်ကို ဘယ်လိုမိစ္ဆာမျိုးကမှ အသရေဖျက်လို့ရမှာမဟုတ်ဘူးဆိုတာကို မိမိတို့ရဲ့ သတ္တိခဲ တပ်သားတွေက သက်သေပြထားပြီးဖြစ်ပါတယ်။ Ladakh ဒေသမှာ အာဇာနည်စိတ်ဓာတ် သွင်းခဲ့ကြတဲ့ သူရဲကောင်း တပ်မတော်သားတွေကို မိမိတို့တနိုင်ငံလုံးက ဦးညွှန်အလေးပြုလျှက် ရှိနေကြပါတယ်။

လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ……

လွတ်လပ်ရေးမရမီက ကာကွယ်ရေးကဏ္ဍမှာဆိုရင် မိမိတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ တခြားနိုင်ငံ အများအပြားတို့ထက် သာလွန်ခဲ့ပါတယ်။ အဲဒီတုန်းက နောက်ကျန်နေခဲ့တဲ့ နိုင်ငံအများအပြားတို့ဟာ ဒီကနေ့ မိမိတို့ထက် ရှေ့ရောက်နေကြပြီဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် မိမိတို့ဟာ အသာစီးရမှုအတွေ့အကြုံကိုအသုံးချပြီး ကာကွယ်ရေးကဏ္ဍမှာ ကြိုးပမ်းမှုတွေ ပြုလုပ်သင့်ခဲ့ပေမယ့် ကျွန်တော်တို့ မလုပ်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ဒီကနေ့ခေတ် ကာကွယ်ရေးနှင့် နည်းပညာကဏ္ဍမှာဆိုရင်တော့ အိန္ဒိယနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပြီး ကိုယ်တိုင် အားကိုးယုံကြည်နိုင်ပြီ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ….

ပြည်သူတွေရဲ့ ပါဝင်လုပ်ဆောင်ချက်မရှိဘူးဆိုရင် ဘာကိုမှ အောင်မြင်အောင် လုပ်လို့မရနိုင်ပါဘူး။ ဒါကြောင့်လည်း ကိုယ်ထူကိုယ်ထ အိန္ဒိယနိုင်ငံဖြစ်ဖို့ဆိုရင် နိုင်ငံသားတဦးအဖြစ် စုပေါင်းကြိုးပမ်းမှု၊ ဆုံးဖြတ် သန္နိဋ္ဌာန်တို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ မိမိတို့နိုင်ငံ ပိုမိုကြံခိုင်တောင့်တင်းလေ ကမ္ဘာ့ငြိမ်းချမ်းရေး အလားအလာ ပိုများလေဖြစ်တယ်ဆိုတာကို အမှတ်ရသွားကြရမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မိမိကိုယ်ကို ယုံကြည်ကိုးစားရေးဖြစ်ပါတယ်။ နိုင်ငံရဲ့ အစဉ်အလာကလည်း ယုံကြည်မှုရှိရေး၊ ချစ်ကြည်ရေးနှင့် ညီအကိုစိတ်ဓာတ်ဖြစ်တာကြောင့် အဲဒီ စည်းမျဉ်းတွေကိုလိုက်နာပြီး ရှေ့ဆက် ချီတက်သွားကြရမှာ ဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့ခင်ဗျာ…..

ကိုရိုနာဗိုင်းရပ်စ်ပိုး ကျရောက်နေတဲ့ ယနေ့ကာလမျိုးမှာ နိုင်ငံတော်ဟာ လော့ဒေါင်းချမှတ်မှုတွေကနေ ရုန်းထွက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီလိုဖွင့်လှစ်ရာမှာ ကိုရိုဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့် စီးပွားရေး တိုးတက်အားကောင်းရေးဆိုတဲ့ အချက် ချက်အပေါ် အာရုံပြုသွားရမှာဖြစ်ပါတယ်။ ဒီအပြင် လော့ဒေါင်းတွေ ဖွင့်တဲ့အခါမှာ မိမိတို့ဟာ ပိတ်တုန်းကထက်ပိုပြီး သတိဝီရိယနှင့် နေသွားကြရမှာဖြစ်ပါတယ်။ မျက်နှာဖုံးစွပ်ဖို့၊ တဦးနှင့်တဦး တောင်လောက် အကွာဝေးထားဖို့နှင့် တခြားသော ကြိုတင်လုပ်ဆောင်ရမယ့် အရာတွေကို မလိုက်နာဘူးဆိုရင် ကိုယ့်အတွက် အန္တရာယ်ရှိတဲ့အပြင် ကိုယ့်အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေနှင့် ကလေးတွေကို အန္တရာယ် ကျရောက်စေမှာဖြစ်တယ်ဆိုတာကိုတော့ အမြဲတမ်း နှလုံးသွင်းထားကြရမှာဖြစ်ပါတယ်။ နိုင်ငံသားအားလုံးကို ပန်ကြားလိုပါတယ်။ အမှုမဲ့ အမှတ်မဲ့ မနေကြပါနဲ့။ ကိုယ့်ကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ကြပါ။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ခင်ဗျာ….

ကိုရိုနာဗိုင်းရပ်စ်ဟာ မိမိတို့နေထိုင်ပုံထိုင်နည်းကို အသေအချာ ပြောင်းလဲပေးလိုက်ပါတယ်။ယခုအခါ မုတ်သုံရာသီမိုးဟာ နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြားသို့ ရောက်ရှိလာပြီဖြစ်ပြီး မိုးလေဝသ ပညာရှင်တွေဟာ မိုးရွာသွန်းမှုနှင့်ပတ်သက်လိုပ အလွန်အားရကျေနပ်နေကြပါတယ်။ မိုးရွာသွန်းမှုများမယ်ဆိုရင် မိမိတို့ရဲ့ တောင်သူဦးကြီးတွေဟာ ကောက်ပဲတွေ စိုက်ပျိုးကြမှာဖြစ်ပြီး ဝန်းကျင်တွေကလည်း စိမ်းလန်းစိုပြေနေကြမှာဖြစ်ပါတယ်။ မိုးရာသီကာလအတွင်း သဘာဝဟာ ကိုယ်တိုင် အလှဆင် နုပျိုစေလျှက်ရှိပါတယ်။ လူသားတွေဟာ သဘာဝရင်းမြစ်တွေကို လေ့လာဖော်ထုတ်နေကြသလို သဘာဝတရားကလည်း မိုးရာသီမှာ ဒါတွေကို ထပ်မံဖြည့်ဆည်းသိုလှောင်ပေးပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ထပ်မံဖြည့်ဆည်းမှုတွေဟာ မိမိတို့အနေနှင့် မိခင်ကမ္ဘာမြေကြီးကို ပံ့ပိုးပြီး ကိုယ့်တာဝန်ကျေပြွန်အောင် လုပ်ဆောင်မှသာ ဖြစ်နိုင်ပါတယ်။

မိတ်ဆွေများခင်ဗျာ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မိုးရာသီကာလအတွင်းမှာ တစုံတရာ အစပျိုးလုပ်ဆောင်သွားဖို့ ကြံဆကြရမှာဖြစ်ပါတယ်။ Ganesh Chaturthi ပွဲတော်အတွက်လည်း ပြင်ဆင်မှုတွေ စတင်သွားကြမှာဖြစ်ပါတယ်။ မိမိတို့အနေနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတကျတဲ့ မဟာပိန္နဲ ရုပ်တုပုံကြီးတွေထုလုပ်ပြီး ကိုးကွယ်ဖို့ မကြိုးစားကြတော့ဘူးလား။ ရုပ်တုကြီးတွေကိုပြုလုပ်ပြီး မြစ်ချောင်း၊ အင်းအိုင်ထဲမှာ စွန့်ပစ်ထားခဲ့ကြတာကြောင့် မြစ်ရေ၊ ချောင်းရေတွေနှင့် မြစ်ထဲကသတ္တဝါတွေအတွက် အန္တရာယ် ဖြစ်လာတာကို မကာကွယ်ကြတော့ဘူးလား။ ကျွန်ုပ်ရဲ့တောင်းဆိုမှုကို တက်တက်ကြွကြွ တုံ့ပြန်လုပ်ဆောင်ကြလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။

မိတ်ဆွေများခင်ဗျာ ဇွန်လ ၂၈ ရက်နေ့မှာ အိန္ဒိယနိုင်ငံဟာ နိုင်ငံတော်ကို အရေးကြီးတဲ့ အခြေအနေမှာ ဦးဆောင်ခဲ့တဲ့ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းတဦးကို ဂါရဝပြုလိုက်ပါတယ်။ ဒီနေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Shri PV Narasimha Rao ji ရဲ့ ရာပြည့်မွေးနေ့ အထိမ်းအမှတ်ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးဟာ အိန္ဒိယ ဘာသာစကားအများအပြားနှင့် နိုင်ငံခြား ဘာသာတွေကို တတ်ကျွမ်းသူဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ တန်ဖိုးတွေကို အရင်းခံပြီး အနောက်တိုင်း စာပေနှင့် သိပ္ပံတို့ကိုလည်း လက်ခံ အသိအမှတ်ပြုခဲ့သူဖြစ်ပါတယ်။ ဒီလို Narasimha Rao ji ရဲ့ ရာပြည့်မွေးနေ့ကာလမှာ နိုင်ငံသားတွေအားလုံး ခေါင်းဆောင်ကြီးရဲ့ ဘဝနှင့် အတွေးအခေါ်တွေအပေါ် နားလည်သဘောပေါက်နိုင်ကြပါစေဖို့ ဆုတောင်းလိုက်ပြီး ခေါင်းဆောင်ကြီးကို ထပ်မံဂါရဝပြုလိုက်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ခင်ဗျာ….

ဒီ စိတ်နှလုံးမှပြောသောစကားများ အခမ်းကဏ္ဍမှာ နယ်ပယ်အသီးသီးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နောက်တကြိမ် ပြန်တွေ့ကြရင်လည်း ပြောစရာ ကဏ္ဍသစ်တွေ ပေါ်လာဦးမှာဖြစ်ပါတယ်။ အကြံဉာဏ်တွေ ပေးကြပါ၊ ကျွန်တော် စောစောပိုင်းက ပြောခဲ့သလိုပဲ ဒီ ၂၀၂၀ ခုနှစ်ကို မိမိတို့ ပိုမိုကောင်းမွန်အောင် အပြုသဘောဆောင် ဆောင်ရွက်သွားမည်သာမက နိုင်ငံတော်ကိုလည်း ဒီထက်မက တိုးတက်စေဖို့ မိမိတို့ ချီတက်သွားကြမှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ဟာ လက်ရှိဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံကို လမ်းညွှန်ချက်အသစ်တခု ပေးအပ်လိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီယုံကြည်ချက်နှင့်အတူ သင်တို့လည်းပဲ ချီတက်လာကြပါ၊ ကျန်းမာရေး ကောင်းမွန်ပြီး အကောင်းဘက်က မြင်နိုင်ကြပါစေ။ အဲဒီဆန္ဒမွန်တွေနှင့်အတူ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်္ဂလာပါ